နေပြည်တော်၊ ဒီဇင်ဘာလ ၁၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်း တွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းတွင် လူသားတို့အနေဖြင့် စူးစမ်းသိမြင် လိုသည့် သဘာဝနှင့်မရောက်ဖူးသေးသည့် နေရာတစ်ခုမှ အခြားနေရာတစ်ခုသို့၊ နိုင်ငံ တစ်ခုမှ အခြားနိုင်ငံ တစ်ခုသို့ ရှာဖွေသွားလာခြင်းမှတစ်ဆင့် လူမှုစီးပွားဘဝနှင့် အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းစသော အကျိုးကျေးဇူးများရရှိလာကြသော်လည်း ဖွံ့ဖြိုးတိုးတက်လာမှုများနှင့် လူတို့၏ ခရီးသွားလာကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင်များညစ်ညမ်းလာခြင်း၊ ပြုန်းတီးစေခြင်းများဖြင့် သဘာဝဘေးအန္တရာယ်ဆိုးများ ကျရောက်ခြင်းကိုလည်း ခံစားကြရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် တာဝန်သိပြီး တာဝန်ယူမှုရှိ သောခရီးသွားပြည်သူများ ဖြစ်စေရေးအတွက် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းမူဝါဒ (Myanmar Responsible Tourism Policy) ကို ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ အပါအဝင် ရေမြေ တောတောင်သဘာဝအလှ အပများအား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာကွယ်ပြုပြင် ထိန်းသိမ်းခြင်းမှ တစ်ဆင့် ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ခံစား နိုင်စေရန်နှင့် မိမိတို့၏ခရီးစဉ်ဒေသများကို လာရောက်လည်ပတ်နေချင်စဖွယ် နေရာဖြစ်စေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ နိုင်ငံတ ကာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ နှင့် ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကာကွယ်ထိန်းသိမ်းရေးနယ်မြေများအတွက် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းမူဝါဒနှင့် စီမံခန့်ခွဲမှု မဟာဗျူဟာ (Myanmar Ecotourism Policy and Management Strategy for Protected Areas (၂၀၁၅−၂၀၂၅) အား မျှော်မှန်းချက်၊ ရည်မှန်းချက် နှင့် မဟာဗျူဟာ(၆)ရပ်တို့ဖြင့် ရေးဆွဲ ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်−၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်တွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် ခရီးသွားပြည်သူများ တစ်နေရာတည်းစုပြုံ လည်ပတ်နေခြင်းမျိုးကို ရှောင်ရှားနိုင်သည့်အပြင် ဒေသခံများ၏ လူမှုစီးပွားဘဝပါ ဖွံ့ဖြိုးတိုးတက်လာနိုင်ရန် အထောက်အပံ့တစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ခရီးသွားလုပ်ငန်းမှ တစ်ဆင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေဖြင့်လည်း ကိုဗစ်−၁၉ ကာလ အလွန်တွင် ကြုံတွေ့နိုင်သောအခက်အခဲများ အပါအဝင် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများတွင် အလေးအနက် ထားဆွေးနွေးပေးစေ လိုပါကြောင်းပြောကြားသည်။
ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားရဲတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာများနှင့် ကာကွယ် ထိန်းသိမ်းရေးနယ်မြေများ၏ ဂေဟစနစ်များ၊ ကမ်းရိုးတန်းသယံဇာတ များအကြောင်းအား ရှင်းလင်း တင်ပြသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ် က မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ပတ်သက်သောမူဝါဒများ ထည့်သွင်းစဉ်းစားသင့်သော အချက်များအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဆွေးနွေးမှုများအပေါ် အဖွဲ့(၄)ဖွဲ့ခွဲ၍ ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်မှု၊ ဒေသခံပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုဘဝမြင့်မားရေး၊ ခရီးသွားဧည့်သည် များ၏ တာဝန်နှင့်ကျင့်ဝတ်များ၊ အစိုးရကဏ္ဍနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု စသည့် ခေါင်းစဉ် (၄)ခုဖြင့် အဖွဲ့လိုက် စားပွဲဝိုင်းဆွေးနွေးမှုများကို လုပ်ဆောင်ကြပြီး အဖွဲ့(၄)ဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တင်ပြကြရာ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြသည်။
ထို့နောက် အလုပ်ရုံ ဆွေးနွေးပွဲ၏ သဘာပတိ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။ ၎င်းနောက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ဆွေးနွေးချက်များအပေါ် သုံးသပ်အကြံပြုတင်ပြပြီးနောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)