ပြည် ဒီဇင်ဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ  ပြည်မြို့ Mingalar Garden Hotel ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ သရေခေတ္တရာမြို့ အပျော်တန်း စက်ဘီးစီးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ လုပ်ငန်းကြိုတင်ဆောင်ရွက်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါက်ခေါင်းမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဖန်ခါးပင်ကျေးရွာရှိ တောင်နဝင်း ရေသောက်စနစ် (PK-1) မြောင်းအဖျားပိုင်း ကုန်းမြင့်လယ်ယာမြေ ဧက ၇၀ အား တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထားသော Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်ရေး မှာကြားခဲ့ပြီး ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က သို့ သွားရောက်ကာ ကျောင်းသား/ကျောင်းသူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အားကစားပြုလုပ်ရန် ဘောလုံးများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖောက်လုပ်ခဲ့သော အရှည် ၄ မိုင် ၅ ဖာလုံရှိ ပနီပင် - ညောင်ပင်လှ - သစ်ချိုပင် - သပြေပင်အင်း - ကံစု - ကြောင်လျှာကုန်း - အင်းဝင်း ကျေးရွာချင်းဆက် မြေသားလမ်းအား ကြည့်ရှုခဲ့သည်။ အဆိုပါလမ်းသည် ကျေးရွာ ခုနစ်ရွာမှ လယ်ယာထွက်ကုန် သီးနှံများအား မြို့ပေါ်သို့ အလွယ်တကူ တင်ပို့ရန် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

mdn

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့နယ်၊ သစ်ချိုပင်အုပ်စု၊ ကံစုကျေးရွာ မိုးနှောင်းချည်မျှင်ရှည်ဝါ ကောက်သိမ်းပွဲသို့ သွားရောက်ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တောင်သူများ အထွက်နှုန်း ပိုမိုကောင်းမွန်သော ဝါမျိုးများအား တိုးချဲ့စိုက်ပျိုးသွားကြရန်နှင့် တစ်နှစ် သုံးသီးစိုက်ပျိုးရန် မှာကြားခဲ့ပြီး တောင်သူများမှ တင်ပြလာသော လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာလျှပ်စစ်မီး ရရှိရေးနှင့် စိုက်ပျိုးရေ ရရှိရေးဆိုင်ရာ ကိစ္စရပ်များအား ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး  ဝက်ထီးကန်တိုက်နယ် ကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအားကြည့်ရှု၍ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

ထို့နောက် ဝက်ထီးကန်မြို့ရှိ ဝေယံတိုင်းရင်းကြက်သားပေါက် ဖြန့်ချိရေးနှင့် သားဖောက်စက် အရောင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသကြက်မျိုးများအား ခေတ်မီနည်းစနစ်များနှင့် သားဖောက်ခြင်းနှင့် မွေးမြူခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ် တိုးတက်လေ့လာသွားရန် မှာကြားခဲ့ပြီး ဝက်ထီးကန်မြို့၊ တိုက်နယ်ဆေးရုံသို့ သွားရောက်၍ ဆေးရုံဝင်းပတ်လည် ခြံစည်းရိုးကာရံနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဆေးရုံအတွက် အထွေထွေအသုံးပြုရန် ငွေကျပ် ငါးသိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)