နေပြည်တော် ဒီဇင်ဘာ ၂၇

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သယံဇာတဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်သည်။

 

ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာ့ကမ်းရိုးတန်း သယံဇာတများ ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ရန် စီမံအုပ်ချုပ်ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဏ္ဏိုင်ကြီး (၃) ရပ်ကို ဟန်ချက်ညီညီ စီမံအုပ်ချုပ်နိုင်ရန် ဒေသစုံ၊ ကဏ္ဍစုံ၊ ဌာနစုံ ပူးပေါင်း ဆောင်ရွက်မှသာ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွက် ကမ်းရိုးတန်းသယံဇာတများ ဘက်စုံပူးပေါင်း စီမံအုပ်ချုပ်ခြင်း “Integrated Coastal Management” ကိုရေးဆွဲလျက်ရှိကြောင်း။

 

ယင်းစနစ်သည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာညီလာခံက ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံမူများနှင့်အညီ ပေါ်ပေါက်လာသည့် စီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ်တစ်ရပ်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကို ဒီရေတောနှင့် ကမ်းရိုးတန်း ဂေဟစနစ်များမှ အမြောက်အမြား စုပ်ယူသိုလှောင်ထားပြီး ကမ်းရိုးတန်းသယံဇာတများ ပျက်စီးပြုန်းတီးခဲ့လျှင် ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားစေနိုင်သည့်အပြင် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက်ရှိ သဘာဝအမွေအနှစ်များဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊  ကျွန်းစုများ၊  မြစ်ဝကျွန်းပေါ်များစသည့် ဂေဟစနစ်များ၊ ငါး၊ ပုစွန်ထုတ်လုပ်မှုနှင့် ရေလုပ်ငန်းများ ထိခိုက်ပျက်စီး ပြုန်းတီးသွားနိုင်သည့်အတွက် ကောင်းမွန်သော စီမံအုပ်ချုပ်မှုနည်းလမ်းများကိုလည်း ဖော်ထုတ်ဆောင်ရွက်ရန် လိုကြောင်း‌ ပြောကြားသည်။

 

ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ ပင်မကုန်းမြေတွင်ရှိသော နိုင်ငံများတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ဂေဟစနစ် (Ecosystem) အမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တွေ့ရှိရသော ဂေဟစနစ်များမှာ ဒီရေတော၊ သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်းတို့ဖြစ်ပြီး နိုင်ငံ၏ ထုတ်ကုန်ပစ္စည်း (Goods) နှင့် ဝန်ဆောင်မှု (Services) အမျိုးမျိုးပံ့ပိုးပေးရာ အရင်းအမြစ်လည်း ဖြစ်သည့်အတွက် နိုင်ငံ၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့တွင် အရေးပါသည့် အခန်းကဏ္ဍ၌ ရပ်တည်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသဘာဝ သယံဇာတများကို  ထိခိုက်မှုမရှိစေဘဲ  အကောင်းဆုံး နည်းလမ်းများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပခဲ့သော (၃၈) ကြိမ်မြောက် (ASEAN SUMMIT) တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း သဘောတူ ကြေညာခဲ့သည့် အာဆီယံသမုဒ္ဒရာ ရေပြင်အတွင်း (Blue Economy) အား အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ကတိကဝတ် ကြေညာထားရှိပြီးဖြစ်ကြောင်း၊ ကမ်းရိုးတန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ သယံဇာတ ထုတ်လုပ်မှုလုပ်ငန်း စသည့်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်၊ လူမှုစီးပွားရေးနှင့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအဖြစ် အခြေခံ၍ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။          

 

ထို့နောက် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊  ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ကော်မတီဝင်များက ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်