နေပြည်တော်  ၃၁ ဇန်နဝါရီ


လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ထားရှိကြသည့် နားမကြား ကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသို့ ရောက်ရှိမလာသော ကလေးသူငယ်များ၊ အရွယ်ရောက်ပြီးသူများ၏ ဘဝရှေ့ရေး လုံခြုံချောမွေ့စွာ ရည်တည်နိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။


ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြန်လည်ဖြေကြားရာတွင် “ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ငွေကြေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုတို့ဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် အကြားအာရုံ ချို့ယွင်းမသန်စွမ်းသူများအတွက် ၂၀ဝ၀ ခုနှစ်တွင် လက်သင်္ကတေပြ စကားပြောစာအုပ်ကို ထုတ်ဝေ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသိပညာပေး သင်တန်းများပေးခြင်း၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် စေတနာ့ဝန်ထမ်းများကို မွေးထုတ်ဆောင်ရွက်ပေးခဲ့ပါကြောင်း။


ထို့အပြင် ၂၀၁၄ ခုနှစ်တွင်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင် နားမကြားသူ ၆၇၃၁၂၆ ဦး လူဦးရေ၏ ၁ ဒသမ ၃ ရာခိုင်နှုန်းရှိရာ နားမကြားသူ အရေအတွက် အနည်းအများပေါ် မူတည်၍ လိုအပ်ချက်အလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နားမကြားကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး လျာထားလျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကို ဦးတည်ကဏ္ဍ ၇ ရပ်ဖြင့် ရေးဆွဲထားရှိပြီး ယင်းမဟာဗျူဟာအား နှစ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


အကြားအာရုံ ချို့ယွင်းနေသူများအပါအဝင် မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသို့ ရောက်ရှိမလာသည့် ကလေးသူငယ်များ၊ အရွယ်ရောက်ပြီးသူများ ဘဝရှေ့ရေး လုံခြုံချောမွေ့စွာ ရပ်တည်နိုင်ရေး၊ ပညာသင်ကြားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနိုင်ရေးအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ထားရှိပါကြောင်း” ရှင်းလင်းဖြေကြားသည်။


MDN