ဝါရှင်တန် ဇန်နဝါရီ ၁၀

 

အမေရိကန်၌ အသက် လေးနှစ်အောက် ကလေးငယ်များမှာ ဆေးရုံတက်ရမှုနှုန်း ပိုမိုများပြား လျက်ရှိသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(စီဒီစီ) ကပြောသည်။

 

အဆိုပါ အသက်အုပ်စုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ခွင့်ပြုချက် မရသေးချေ။ ကိုဗစ်-၁၉ နှင့်ဆက်စပ်ပြီး ဆေးရုံတက်ရသည့် ကလေးဦးရေမှာ အမြင့်ဆုံးဖြစ်နေသည်ဟု စီဒီစီမှ ညွှန်ကြားရေးမှူး ရိုရှဲလ်ဝေလ် လန်စကီး ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။

 

ဇန်နဝါရီ ၁ ရက်မှစတင်ကာ လေးနှစ်အောက်ကလေး ၁၀၀၀၀၀ တွင် ဆေးရုံတက်ရမှု နှုန်းမှာ ၄ ဒသမ၃ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏမှာ လွန်ခဲ့သည့် သီတင်းပတ်ကနှင့် နှိုင်းယှဉ်လျှင် ၂ ဒသမ ၆ ရာခိုင်နှုန်းမှာ သိသိသာသာ တိုးလာခြင်း ဖြစ်သည်ဟု စီဒီစီ၏ အချက်အလက်များအရ သိရသည်။

 

ကလေးငယ်များကို ဗိုင်းရပ်စ်မှအကာအကွယ်ပေးရန်အကောင်း ဆုံးလက်နက်မှာ ကာကွယ်ဆေး ထိုးခြင်းပင်ဖြစ်သည်ဟု ဝေလ် လန်စကီးက ပြောသည်။

 

ကာကွယ်ဆေး ထိုးနိုင်သည့် အသက်အပိုင်းအခြား ရှိပြီဖြစ်သော ကလေးများကို ကာကွယ် ဆေးထိုးပေးကြရန် မိဘများကို တိုက်တွန်းလျက်ရှိသည်။

 

ကာကွယ်ဆေးထိုးခွင့် မရှိသေးသည့် ကလေးများကို အကာအကွယ်ပေးရန်မှာ ဘေးနားတွင် ကာကွယ်ဆေးထိုးပြီးသား သူများက ဝန်းရံနေရန်ပင်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

အမေရိကန်၌ လူဦးရေ၏ ၆၂ ဒသမ ၅ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြည့်ထိုးရသေးသည်။ ယင်းအရေ အတွက်မှာ အခြားသောဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည့်ပမာဏဖြစ်သည်။

 

တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူဦးရေမှာ ၃၆ ရာခိုင်နှုန်းသာရှိသည်။ ကိုယ်ခံစွမ်းအား ချို့ယွင်းချက်ရှိသည့် အသက် ငါးနှစ်မှ ၁၁ ကြားကလေးများကို တတိယအကြိမ် ကာကွယ်ဆေး ထိုးပေးမှုများ စတင်နေပြီဖြစ်သည်။

 

အင်န်အိတ်ချ်ကေ