မိုင်းဖြတ် ၁ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်မည့် အဖြစ်များသော မကူးစက်တတ်သည့် ရောဂါများကာကွယ်တားဆီးရေးစီမံချက် အစီအစဉ်များအား အသိပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံခန်းမဆောင်၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အမှာစကားပြောကြားရာ ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ၏ ဖြစ်ပွားမှုအန္တရာယ် ကြီးမားမှုများ၊ ၂၁ရာစုအတွင်း မကူးစက်နိုင်သောရောဂါများသည် လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်စိန်ခေါ်နေသော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပေါ်နေမှုများနှင့် စပ်လျဉ်း၌ ရှင်းလင်းအမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမြတ်ဝင်းနှင့် ပါဆန်း ကျေးလက် ကျန်းမာရေးမှူး ဦးဘုန်းမော်တို့က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်မည့် Package of Essential Non-Communicable Disease Intervrntions (PEN) အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အသိပေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရွှေကို(ပြန်/ဆက်)