ပြည်ထောင်စုစိတ်ဓာတ်၏ အဓိကအချက်မှာ “ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်၊ အေးအတူ၊ပူအမျှ၊ မရှိအတူ၊ ရှိအတူ အတူတကွ တစည်းတလုံးတည်း စုပေါင်းနေထိုင်သည့် စိတ်ဓာတ်” ဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော်နေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖို့ ပြည်ထောင်စုစိတ်ဓာတ်သည် မရှိမဖြစ် အထူးလိုအပ်ပေသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေးအတွက် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ တိုင်းပြည်ငြိမ်းချမ်းရေကးအတွက် အဓိကလိုအပ်သော ကိုယ်ခံစွမ်းအားပင်ဖြစ်သည်။
ထိုပြည်ထောင်စုစိတ်ဓာတ်ကို ပြည်ထောင်စုသားတိုင်း၏ စိတ်သန္တာန်တွင် ထားရှိမွေးမြူထားကြရမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ ပြည်ထောင်စုကြီးအတွင်း ချစ်ခင်စည်းလုံးစွာဖြင့် နေထိုင်နိုင်ရေး၊ မရှိအတူ၊ ရှိအတူ၊အေးအတူ၊ ပူအမျှ ၊ ဥမကွ၊ဲ သိုက်မပျက် စည်းလုံးညီညွတ်စာဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။
နှစ်ပေါင်းထောင်ချီတည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုကြီးသည်တိုင်းတစ်ပါးအုပ်စိုးမှုလက်အောက်၌ ယိမ်းယိုင်ခဲ့သည်။ တိုင်းရင်းသားပြည်ထောင်စုသားများ ထားရှိခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်သည် ပြိုလဲခဲ့သည်။ တိုင်းရင်းသား ပြည်ထောင်စုသားအချင်းချင်း ချစ်ခင်စည်းလုံးမှုမှာ ပျက်ပြယ်ခဲ့သည်။ ခိုင်မြဲခဲ့သည့် ပြည်ထောင်စုစိတ်ပျက်ပြယ်အောင် စနစ်တကျ သွေးခွဲခဲ့သည်။
ပြည်ထောင်စုသားတိုင်းရင်းသားပြည်သူအားလုံး၏ စိတ်ဓာတ်အရင်းခံမှာ ရိုးသားဖြူစင်ဖြောင့်မတ်ကြသည်။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ကိုယ့်လူမျိုးကို ချစ်ခင်မြတ်နိုးပြီး မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှအေးအေးချမ်း ချမ်း နေထိုင်ကြသူများသာဖြစ်သည်။ထို့သို့ ဖြူစင်ရိုးသားသော တိုင်းရင်သားပြည်သူများ၏ အဖြူရောင်နှလုံးသားကို အရောင်ဆိုးခြင်းခံရသည်။ ဖြိုဖျက်ခြင်းခံရသည်။ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့သော ပြည်ထောင်စုကြီးအတွင်း နေထိုင်ခဲ့သော စိတ်ဓာတ်များပျောက်ပျက်အောင် လုပ်ဆောင်ခဲ့သည်။အရှုံးထွက်တော့မည်ကို အမြတ်တင်ကျန်အောင် သွေးခွဲလုပ်ဆောင်ခဲ့ကြသည်။
တိုင်းပြည်တစ်ပြည်လုံး စည်းလုံးညီညွှတ်ကြောင်း ပင်လုံစိတ်ဓာတ်ဖြင့် သက်သေပြရသည်။ လွတ်လပ်ရေးအတွက် ညီညွတ်ကြောင်းကိုကျားကုတ်ကျားခဲ အရေးဆိုခဲ့ကြသည်။ ပြည်ထောင်စုကြီးတစ်ခုလုံး လွတ်လပ်ရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ လွတ်လပ်သည်ဆိုသော်လည်း အရောင်ဆိုးထားသည့် အရောင်စုံစိတ်ဓာတ်များ ပြန့်ကျဲဖြစ်ပေါ်ခဲ့သည်။ တစ်သွေးတည်း၊ တစ်ရောင်တည်းညီညွတ်ရေးမှာ အလှမ်းဝေးခဲ့သည်။ ထိခိုက်နစ်နာကြရသည်မှာ ရိုးသားဖြူစင်သည့် တိုင်းရင်းသားများသာဖြစ်သည်။
အေးချမ်းသာယာသော ပြည်ထောင်စုကြီးဖြစ်အောင် ငြိမ်းချမ်းရေးကို တည်ဆောက်ကြရသည်။ ဝါဒဖြူစင်သည့် ပြည်ထောင်စုကြီးဖြစ်အောင် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေးကို ကြိုးပမ်းကြရသည်။ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရသည်။ ယနေ့ကာလတွင်တိုင်းရင်းသားအားလုံး ချစ်ခင်စည်းလုံးကြောင်း ဖော်ညွှန်းပြသနေကြသည။် တိုင်းရင်းသားဒေသများ ငြိမ်းချမ်းသာယာအောင် ၂၁ ရာစပင်လုံတွင် ပါဝင်လာအောင် ကြိုးစားအားထုတ်နေကြသည်။
သို့ဖြစ်ရာ တိုင်းရင်းသားအားလုံး၏ ပင်ကိုစိတ်ရင်းသည် ဖြူစင်ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြပါသည်။ အဖြူကို အရောင်ဆိုးခြင်းမခံရအောင်၊ သို့တည်းမဟုတ် ညစ်ထေးခြင်းခံရပါက ဖြူစင်အောင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖွတ်လျှော်ပေးကြရမည်ဖြစ်သည်။မရှိအတူ၊ရှိအတူ၊ အေးအတူ၊ ပူအမျှ နေထိုင်တတ်သော ပြည်ထောင်စုသားများအားလုံးကို အညီအမျှဖြစ်အောင် လုပ်ဆောင်ပေးကြရပါမည်။ ။
ကြေးမုံ