မာမာစိုး (ကြေးမုံ)၊ ဓာတ်ပုံ-ရွှေတိုက်စိုး
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာဓလေ့များ၊ ရိုးရာအသုံး အဆောင်ပစ္စည်းများ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ အနုပညာတူရိယာများ၊ ရိုးရာအစားအသောက်တို့ကို လေ့လာထိန်းသိမ်းနိုင်ရန် စာရေးသူတို့အဖွဲ့သည် ရုံးအမှတ်(၁၄) တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၌ ဖွင့်လှစ်ပြသလျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာများပြခန်းသို့ သွားရောက်၍ သွေးချင်းတို့၏ ရိုးရာ ဓလေ့အကြောင်းများကိုပါ လေ့လာခဲ့ကြသည်။
ပြခန်းအတွင်း စတင်ဝင်ရောက်လိုက်ပြီဆိုရင်ဖြင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးကြီး ရှစ်မျိုးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများကို ပထမဆုံး စတင်လေ့လာခွင့်ရခဲ့သည်။ တစ်ဆက်တည်းမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ဝတ်စားဆင်ယင်မှုများကို ဆက်လက်လေ့လာခွင့်ရရှိမည် ဖြစ်သည်။ ပြခန်း၏ ယာဘက်ကို ကွေ့ဝင်လိုက်လျှင်ဖြင့် မတူကွဲပြားကြသည့် တိုင်းရင်းသားလူမျိုးတို့၏ စားသောက်ပုံအလေ့အထနှင့် ရိုးရာဟင်းအမည်များကို လေ့လာတွေ့ရှိရပြီးနောက် တိုင်းရင်းသားလူမျိုးကွဲတို့၏ ရိုးရာဝတ်စားဆင်ယင်မှုပုံစံများ၊ ရိုးရာအသုံးအဆောင် ပစ္စည်းများ၊ အလှအပအတွက်ဆင်မြန်းသည့် လက်ဝတ် တန်ဆာများနှင့် ရိုးရာအနုပညာတူရိယာပစ္စည်းများကို အံ့သြမှင်တက်ဖွယ် ရှုမြင်ရမည် ဖြစ်သည်။
''ယခု ပြခန်းအတွင်းမှာတော့ ရိုးရာဝတ်စုံပေါင်း ၅၂ စုံနဲ့ အခြား ရိုးရာအသုံးအဆောင် ပစ္စည်းတွေ၊ ရိုးရာအနုပညာ တူရိယာပစ္စည်းတွေ၊ အစားအသောက်နဲ့ ရိုးရာအိမ်ပုံစံတွေကို စပြီး ခင်းကျင်းပြသနေတာပါ။ နောက်ထပ် လိုအပ်နေတာတွေကိုလည်း ဆက်လက် ဖြည့်ဆည်းပြီး ပြသပေးသွားမှာ ဖြစ်ပါတယ်။ ယခု ခင်းကျင်းပြသနေတဲ့ ပစ္စည်းတွေကို ပြည်နယ်နဲ့ တိုင်း ဒေသကြီးအသီးသီးမှာရှိတဲ့ အစိုးရအဖွဲ့တွေ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့တွေ၊ စေတနာရှင် တိုင်းရင်းသားတွေဆီကနေ အလှူခံရရှိတာတွေပါသလို တချို့ကိုတော့ ဒေသခံတိုင်းရင်းသားလူမျိုးတွေထံကနေ ဝယ်ယူစုဆောင်း ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေအနေနဲ့လည်း မိမိတို့ရဲ့ ရိုးရာ တွေကို မတိမ်ကော မပပျောက်စေဖို့ မျိုးနွယ်နဲ့ဆိုင်တဲ့ ရိုးရာပစ္စည်းတွေကို ပြသလိုတယ်ဆိုရင်လည်း လက်ခံပြီး ခင်းကျင်းပြသပေးပါတယ်။ အဲဒီလို လာရောက် ခင်းကျင်း ပြသလှူဒါန်းသူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတွေ ပြန်လည်ပေးအပ်ပါတယ်''ဟု ရိုးရာဓလေ့နှင့် အမွေအနှစ် ဌာနခွဲမှ လက်ထောက်òန်ကြားရေးမှူး ဒေါ်မင်းမင်းသာ က ပြောသည်။
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေ ဖြင့် တိုင်းရင်းသားအချင်းချင်း ရင်းနှီးစွာ တွေ့ဆုံခွင့်ရရှိပြီး မိမိတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို တစ်ဦးနှင့် တစ်ဦး အမြင်ချင်းဖလှယ်ခြင်းအားဖြင့် ချစ်ကြည်ရင်းနှီးမှု များ ပိုမိုတိုးပွားလာစေပြီး ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်ခိုင်မာမာ ကိန်းအောင်းလာစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့မှ စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ အဖွဲ့ဝင်တို့ကို ပထမအကြိမ် နေပြည်တော်လေ့လာရေး ခရီးစဉ်ကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းသိရသည်။
တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း မိမိတို့ လူမျိုးများ၏ ရိုးရာပစ္စည်းများကို အများပြည်သူ ကြည့်ရှု စေလို၍ဖြစ်စေ၊ ထိန်းသိမ်းလို၍ဖြစ်စေ လှူဒါန်းလိုပါက ရိုးရာဓလေ့နှင့် အမွေအနှစ်ဌာနခွဲ ဖုန်း - ဝ၆၇- ၃၄ဝ၉၃၁၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ။