မိုင်းနော်ရိန်း(လူမှုဘဝ)

 

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ မူလဒေသရင်းကား တရုတ် အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂို ကုန်းမြင့်ဒေသတွင် အနေကြာလာသောအခါ လူဦးရေ တဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများ ကို ရှာဖွေ၍ ပြောင်းရွှေ့ကြပြန်၏။ ထိုသို့ပြောင်းရွှေ့ နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း သို့ ရောက်ရှိလာခဲ့ပါသည်။

 

ပအိုဝ်းတိုင်းရင်းသားတို့၏ ဆင်းသက်လာပုံ

 

မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း စာမျက်နှာ(၃ဝ)၌ မြန်မာ ခုနစ်မျိုးထဲတွင် မြန်မာ၊ ယော(ပရဲ)၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူဟု ရေတွက်ထားသည် ကို ထောက်လျှင် တောင်သူအမည်ခံခဲ့သော ပအိုဝ်းလူမျိုး သည် တိဗက်မြန်မာအုပ်စုတွင် ပါဝင်လိမ့်မည်ဟု ယူဆ ရပေသည်။ တိဗက်မြန်မာအုပ်စုတွင် မြန်မာ၊ သက်လိုလို၊ ကချင်၊ ချင်း၊ နာဂနှင့် ကရင် ဟု သတ်မှတ်ထားသည်။ ပအိုဝ်းကို ကရင်အုပ်စုတွင် ထည့်သွင်းထားသောကြောင့် တိဗက်မြန်မာအစုပင်ဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။

 

ဆာဂျေဂျော့စကော့ (Sir J.George Scott )မှတ်တမ်းအရလည်း ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာ နိုင်ငံနယ်နိမိတ်အတွင်းဘက်မှသာလျှင်မကဘဲ ယိုးဒယား၊ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းတောင်ပိုင်းဒေသတွင် လည်း ပြန့်ကျဲနေထိုင်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

(Major Enrequeeze ) မေဂျာအင်ရီကွိဇ် ပြုစု သည့် မြန်မာနိုင်ငံလူမျိုးများ အကြောင်းစာအုပ်တွင်လည်း ကရင်သည် ထိုင်း-တရုတ်အနွယ်မှ ဆင်းသက်သည်ဟု ရေးသားထားလေသည်။ ကရင်ဘဝ ဓလေ့စာအုပ်တွင် ပအိုဝ်းသည် ကရင်အနွယ်စုဖြစ်ပြီး ကရင်သည် ထိုင်း-တရုတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ရေးသားဖော်ပြ ထားသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် အထက်ပါ ပညာရှင်များ၏ ယူဆချက်များကိုကြည့်လျှင် တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်မြန်မာအုပ်စုတွင် ပါဝင်သည်ဟုလည်းကောင်း၊ ထိုင်း-တရုတ်အုပ်စုတွင် ပါဝင်သည်ဟုလည်းကောင်း အယူအဆတွေကွဲပြား နေပေသည်။

 

မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံးသည် တိဗက်ကုန်းမြေမြင့်မှ ပေါက်ဖွားဆင်းသက် လာသော မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။

 

ကိုးကွယ်ယုံကြည်မှုဓလေ့ထုံးစံ

 

ပအိုဝ်းတိုင်းရင်းသားတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုသည် သမိုင်းအရ သုဝ္ဏ ဘူမိ(သထုံ)နေပြည်တော်ကို အုပ်ချုပ်သည့် သူရိယစန္ဒာမင်းလက်ထက်ကတည်းက စတင် ခဲ့သည်။ ပအိုဝ်းမင်းဆက်များတွင် သူရိယ စန္ဒာမင်းသည် အထင်ရှားဆုံးမင်းဖြစ်သည်။ ထိုသူရိယစန္ဒာအမည်ရှိသည့် ပအိုဝ်းတို့၏ မဟာဒွတ္တပေါင်မင်းကြီးသည် နေနတ်မျိုးနွယ် ဖြစ်သည်ဟု ရာဇဝင်အဆိုရှိသည်။ သူရိယ စန္ဒာမင်းသည် မြတ်ဗုဒ္ဓကို သုံးကြိမ်တိုင်အောင် ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရရှိခဲ့သည်။ သူရိယစန္ဒာမင်းသည် ပထမအကြိမ် မြတ်ဗုဒ္ဓ ကို ဖူးမြော်ရချိန်မှာ မြတ်စွာဘုရားက ဆံတော် သုံးဆူကို ပေးတော်မူခဲ့သည်။ သူရိယစန္ဒာမင်း သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်သည့်နည်းတူ တိုင်းသူပြည်သားဖြစ် သော ပအိုဝ်းလူမျိုးတို့သည်လည်း ထေရဝါဒ ဗုဒ္ဓဘာသာကို စတင်ကိုးကွယ်ခွင့်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ယနေ့တိုင်အောင် ပအိုဝ်း တိုင်းရင်းသားတို့သည် ထေရဝါဒဗုဒ္ဓဘာသာ ကို နက်ရှိုင်းစွာ ကိုးကွယ်ယုံကြည်ခဲ့ကြသည်။

 

ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးအစဉ် ဆက်ကပင် ဗုဒ္ဓဘာသာဝင်ဖြစ်သည့် အားလျော်စွာ အန္တငါးပါးကို ရိုသေကိုင်းရှိုင်း ကြသည်။ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီခြင်း၊ ရိုးသားဖြူစင်ခြင်း၊ ပွင့်လင်းခြင်း၊ အေးချမ်း လွတ်လပ်စွာနေထိုင်လိုခြင်း၊ ခွင့်လွှတ်တတ် ခြင်း စသည်တို့သည် ပအိုဝ်းတိုင်းရင်းသားတို့၏ သဘာဝစရိုက်ပင်ဖြစ်သည်။

 

ရာသီပွဲတော်များ

 

ပအိုဝ်းတိုင်းရင်းသားများသည် အများစု က ဗုဒ္ဓဘာသာဝင်များဖြစ်သောကြောင့် စီရင် ကျင်းပသော ပွဲတော်များလည်း ဘာသာရေး နှင့် ဆက်နွှယ်သော ဘာသာရေးပွဲတော်များ ဖြစ်သည်။ ''ပွယ်ပန်''ခေါ်သည့် ရှင်ပြုရဟန်းခံ ပွဲသည် ပအိုဝ်းတို့ဒေသတွင် အလွန်စည်ကား သော ပွဲတော်တစ်ခုဖြစ်သည်။ ဤပွဲတော် သည် ခြံ၊ လယ်ယာလုပ်ငန်းများ အားလပ်ချိန် တပေါင်း၊ တန်ခူးလတွင် အများဆုံးစီရင် ကျင်းပလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသား တို့သည် ကထိန်ပွဲတော်ကို နေရာအနှံ့ ကျင်းပ ကြသည်။ ကထိန်ပွဲကို ဆင်ယင်ကျင်းပခါနီး အချိန်တွင် ကိုယ့်ရွာနှင့်ကိုယ် ဝါးနှီးစသည့် တန်ဆောင်တိုင်ကိရိယာကို ရှာဖွေစုဆောင်း ဝယ်ခြမ်းကြသည်။ ကထိန်ပွဲတော်သည် ပအိုဝ်းတိုင်းရင်းသားတို့အတွက် ကြီးကျယ် ခမ်းနားသော ပွဲဖြစ်သည်နှင့်အညီ လူစုံတက်စုံ ဖြင့် အလွန်စည်ကားသော ပွဲတော်လည်းဖြစ် ပေသည်။ ''ပအိုဝ်းအမျိုးသားနေ့ပွဲတော်'' အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်း၊ ဇာတိသွေး၊ ဇာတိမာန်များ၊ မျိုးချစ်စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ ထက်မြက် ရှင်သန်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ ကိန်းအောင်းလာစေရန် လှုံ့ဆော်ပေးသည့် နေ့ပင်ဖြစ်သည်။ အမျိုးသားနေ့ပွဲတော်သည် ပအိုဝ်း တိုင်းရင်းသားတို့အတွက် ထူးခြားပြီး ဂုဏ်ယူ စရာကောင်းသော ပွဲတော်တစ်ခုဖြစ်သည်။ ''ဒုံးလွှတ်ပွဲတော်'' ပအိုဝ်းတိုင်းရင်းသားတို့ သည် ဒုံးလွှတ်ပွဲကို နေရာအနှံ့အပြားတွင် နှစ်စဉ်ကျင်းပတတ်ကြသည်။ ဒုံးလွှတ်ပွဲကို နှစ်စဉ် နှစ်သစ်ကူးချိန် ကဆုန်၊ နယုန်လများ တွင် ကျင်းပကြသည်။ ဒုံးလွှတ်ပွဲကို စေတီအနီး တွင် ကျင်းပကြပြီး ရဟန်းသံဃာများကိုလည်း ပင့်ဖိတ်ကာ ဆွမ်းကပ်ကြသည်။ ဒုံးလွှတ်ပွဲ သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းများနှင့်မတူညီဘဲ တစ်မူထူးခြား သည့် ဓလေ့ထုံးတမ်းတစ်ခုပင် ဖြစ်ပေသည်။

 

ပအိုဝ်းတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု

 

ပအိုဝ်းအမျိုးသားတို့၏ ဝတ်စားဆင်ယင် မှုမှာ အနက်ရောင်သည် အဓိကအရောင် ဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားများ၏ မူပိုင် အရောင်သဖွယ်ဖြစ်နေသည်။

 

ပအိုဝ်းတိုင်းရင်းသားများသည် အနက် ရောင်ဘောင်းဘီပွနှင့် အနက်ရောင် တိုက်ပုံ အင်္ကျီကို ဝတ်ဆင်ကြသည်။ အတွင်းတွင် ရှပ် အင်္ကျီအဖြူရောင်ဝတ်ဆင်လေ့ရှိကြသည်။ ခေါင်းပေါင်းကို ပေါင်းထားပြီး အရောင်မျိုးစုံ ပေါင်းလေ့ရှိကြသည်။ ရှေးယခင်က ဖိနပ်စီးသူ နည်းပါးပြီး ဘွတ်ဖိနပ်(သို့မဟုတ်) ရှူးဖိနပ်များ ကို စီးကြသည်။ ယခုအခါတွင် အမျိုးသားများ သည် ဖိနပ်မျိုးစုံကို စီးလေ့ရှိကြသည်။

 

ဘောင်းဘီမှာ အပွဖြစ်၍ ခါး၌ အဝကျယ် သည်။ ဘောင်းဘီဝတ်သည့်အခါ ခါးစည်းကြိုး ကို အသုံးပြုသည်။ ခါးရှိ အစနှစ်စကို တစ်ခု အပေါ်တစ်ခု ထပ်လျက်မှ ခါးစည်းကြိုး စည်းလိုက်သည့်အခါ ခါးပုံစံပေါ်လာသည်။ ယခုခေတ် ပအိုဝ်းအမျိုးသားဝတ်စုံမှာ ဘောင်းဘီ၊ စွပ်ကျယ်၊ ရှပ်အင်္ကျီ၊ တိုက်ပုံနှင့် ခေါင်းပေါင်းတို့ဖြစ်ပြီး လွယ်အိတ်တစ်လုံး လွယ်ထားလေ့ရှိသည်။

 

အမျိုးသမီး၏ဝတ်စုံမှာ ခပ်ကျယ်ကျယ် ပွပွ သင်တိုင်းဖြစ်သည်။ ¤င်းတွင် လည်ပင်း ပတ်လည် ရှေ့နောက် အင်္ဂလိပ်အက္ခရာ ဗွီ ပုံသ္ဌာန်ရက်ထားသည့် အနက်ရောင် သင်တိုင်းဖြစ်သည်။ လက်မောင်းပေါက် အဝကျယ်နှစ်ဖက်ပါရှိသည်။ ကိုယ်အောက် ပိုင်းတွင် ဂါဝန်ပုံစံလုံးပတ်ကျယ်ကျယ် လှုပ်ရှားရလွယ်ကူသည့် 'နီး'ခေါ် ခါးဝတ် လုံချည်ကို အသုံးပြုဝတ်ဆင်ကြသည်။ အရှည် မှာ ဒူးဆစ်ကျော်ရုံအထိသာရှိပြီး ယခုအခါ ခြေသလုံးအထိ ဝတ်ဆင်ကြသည်။

 

ပအိုဝ်းအမျိုးသမီးများသည် ဆံပင်ကို ခေါင်းအထက်စုစည်းပြီး ဆံထုံး ထုံးထားလေ့ ရှိသည်။ ရှေးယခင်က ၎င်းဆံထုံးကို ခေါင်းဘီး ဖြင့် ပတ်၍ထုံးလေ့ရှိသည်။ ၎င်းဆံထုံးကို ခေါင်းဆောင်းခေါ် တဘက်ဖြင့် ပတ်ထား သည်။ ပွဲလမ်းသဘင်သွားသည့်အခါ ဆံထုံး ပေါ်တွင် ရွှေဆံထိုးဖြင့်ထိုး၍ အလှဆင်လေ့ရှိ သည်။ ရွှေဆံထိုးပေါ်တွင် စေတီပုံစံ ရွှေဆံထိုး အချွန်နှင့် ထပ်တစ်ရာပန်းပုံစံ ရွှေဆံထိုးအဝိုင်း ကို ထိုးလေ့ရှိသည်။ စေတီပုံသ္ဌာန် ဆံထိုး အချွန်သည် နဂါးမ၏ အမောက်ကို ကိုယ်စားပြု၍ ရွှေဆံထိုးအဝိုင်းက မိခင်နဂါးမ၏ မျက်လုံးကို ကိုယ်စားပြုကြောင်း သိရသည်။

 

အနုပညာနှင့်တူရိယာများ

 

ဂီတအနုပညာသည် လူမျိုးတစ်မျိုး၏ အမျိုးသားယဉ်ကျေးမှုအင်္ဂါရပ်များကို ထင်ပေါ် အောင် ဖော်ဆောင်ပေးသည်။ ထိုနည်းတူ ပအိုဝ်းတိုင်းရင်းသားများသည်လည်း ၎င်းတို့ ၏ ပျော်ပွဲရွှင်ပွဲများ ရိုးရာပွဲလမ်းသဘင်များကို မြူးကြွအောင် ၎င်းတို့၏ တေးဂီတအနုပညာ နှင့် တူရိယာများဖြင့် ဖျော်ဖြေဆင်နွှဲကြသည်။

 

ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာတူရိယာ များမှာ မောင်းဆိုင်းများ၊ လေမှုတ်တူရိယာ များနှင့် ကြိုးတပ်တူရိယာများဟူ၍ သုံးအုပ်စု ရှိသည်။ ၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစုတွင် ပအိုဝ်းတို့သည် အနောက်တိုင်းမှ ပေါ်ထွက်လာ သည့် တူရိယာများဖြစ်သည့် အကော်ဒီယံခေါ် လက်ဆွဲဘာဂျာ၊ ဂစ်တာ စသည်တို့ကိုလည်း ခေတ်နှင့်အညီ စတင်အသုံးပြုလာခဲ့သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာတူရိယာများ ထဲတွင် မောင်းဆိုင်းများသည် ရှေးယခင် နှစ်ပေါင်းများစွာမှ ယနေ့ထိတိုင် ထင်ပေါ် ကျော်ကြားလျက်ရှိသော်လည်း လေမှုတ် တူရိယာနှင့် ကြိုးတပ်တူရိယာမှာ ပျောက် ကွယ်လုနီးပြီဖြစ်ကြောင်း တွေ့ရှိရသည်။

 

ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးရာ ပွဲတော်များတွင် အဓိကအားဖြင့် မောင်းမွူးခေါ် မောင်းကြီးဆိုင်း၊ ထုံမေးဆွာခေါ် ဗုံရှည်မောင်း ဆိုင်းနှင့် ထုံထွိုင်းခေါ် ဗုံတိုမောင်းဆိုင်း စသည့် တူရိယာများကို ပိုပြီးအသုံးပြုလေ့ရှိကြသည်။

 

51056005_205