ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက် (လယ်ဝေးမြို့နယ်) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အမှတ်စဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးအတွက် လယ်ဝေးမြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းများအား မြေပြင်လူဦးရေစာရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဌာနဦးစီးမှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဌာနဦးစီးမှူး၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ပါ လုပ်ငန်းအဖွဲ့များ၏ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ အဆိုပါလုပ်ငန်းအဖွဲ့များအနေဖြင့် လယ်ဝေးမြို့နယ်ရှိ ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၀ ရှိ လူဦးရေ ၁၂၉၄၀၃ ဦး၏ အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာနည်းပညာကို အသုံးပြု၍ အပြန်အလှန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်