မန္တလေး ၂ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့သို့ နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်တစား ပိုမိုသွားရောက်လည်ပတ် လေ့လာနိုင်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇန်နဝါရီ ၃၁ ရက်တွင် ခရီစဉ်ဒေသအသစ်သုံးခု ထပ်မံတိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။
ယခင်က အဆိုပါမိုးကုတ်မြို့သို့ နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်ခွင့်ကို ကန့်သတ်တားမြစ်ထားသော်လည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ တတိယအပတ်မှစ၍ ဖြေလျော့မှုများဖြင့် မိုးကုတ်မြို့အတွင်းသို့ မန္တလေး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်ခွင့်ပြုခဲ့ပြီး ယခုအခါ ခရီးသွားကဏ္ဍ ပိုမိုတိုးတက်စေရန်အတွက် မိုးကုတ်မြို့တွင်းခရီးစဉ်နှင့် ဆက်စပ်နေသော ဘားနက်(ဒ်)၊ ပန်လင်နှင့် ကျောက်ပြာသာဒ်ကျေးရွာများသို့ ခရီးစဉ်ဒေသစ်များအဖြစ် သွားရောက်လေ့လာလည်ပတ်နိုင်ရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှစ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံတိုးချဲ့ခွင့်ပြု ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

‘ကျွန်တော်တို့ နိုင်ငံရဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတစ်ခုပါ။ အဓိကအနေနဲ့ ခရီးစဉ်ဒေသရဲ့ ပြိုင်ဆိုင်မှုစွမ်းအားတွေကိုလည်း မြင့်တက်လာအောင် ဆောင်ရွက်တဲ့ အစီအစဉ်တစ်ခုပါပဲ။ ခရီးသွားဧည့်သည်တွေရဲ့ လိုအပ်ချက်အရ ခရီးစဉ်ဒေသအသစ်တွေ တိုးချဲ့နေသလို ခရီးသွားအမျိုးအစား စုံလင်အောင်လည်း ကျွန်တော်တို့ဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိနေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအဖွဲ့နဲ့ ဆက်စပ်ဝန်ကြီးဌာနတွေ ညှိနှိုင်းဆောင်ရွက်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သွားရောက်လည်ပတ်ကြတဲ့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များနဲ့ ခရီးသွားကုမ္ပဏီများကလည်း သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမယ်ဆိုရင် ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်’ ဟု ၎င်းက ပြောသည်။
ယခုထပ်မံ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုလိုက်သည့် မိုးကုတ်မြို့ရှိ ခရီးစဉ်ဒေသသုံးခုအနက် ပန်လင်ရွာတွင် လီဆူ၊ ရှမ်း၊ ပလောင် စသည့် လူမျိုးစုများ စုပေါင်းနေထိုင်ကြသည့်အတွက် ၎င်းတို့၏ ရိုးရာဓလေ့ကို လေ့လာနိုင်မည်ဖြစ်ပြီး ဘားနက်(ဒ်)ရွာတွင် နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိ ဘားနက်(ဒ်)စစ်သင်္ချိုင်းနှင့် လက်နက်တိုက်ဟောင်းကို လေ့လာကြည့်ရှုနိုင်မည် ဖြစ်သည့်အပြင် ကျောက်ပြာသာဒ်ရွာတွင်လည်း သဘာဝအတိုင်း ဖြစ်တည်နေသည့် ကျောက်တောင် ကျောက်စွန်းများပေါ်တွင် တည်ထားသည့် စေတီများနှင့် သဘာဝအရင်းအမြစ်များကို လေ့လာကြည့်ရှု၍ အပန်းဖြေနိုင်မည်ဖြစ်သည်။
လက်ရှိတွင် မိုးကုတ်မြို့သို့ နိုင်ငံတကာခရီးသွားများအား ဖြေလျော့မှုဖြင့် သွားရောက်လည်ပတ်ခွင့်ပြုခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစ၍ ၂၀၁၉ ဇန်နဝါရီလအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၇၀ဝ ကျော် ဝင်ရောက်လေ့လာ လည်ပတ်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
