နေပြည်တော် ၂ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ မန္တလေးမြို့နေ ဒေါ်နန်းလင်းလင်းထိုက် ပိုင်ဆိုင်သည့် Lucky Star-2 တွန်းသင်္ဘောသည် စက်ပျက်၍ ကျောက်ချရပ်နားထားစဉ် မင်းလှမြို့နယ်၊ သပြေတောကျေးရွာနေ ရှိုင်းကို (၂၁) နှစ် (စက်ပြင်) က သင်္ဘောစက်ပြင်ရန် စက်ခန်းအတွင်းရှိ မီးစက်နိုးရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ထိုသို့ပေါက်ကွဲစဉ် အနီးရှိ ဒီဇယ်ပေပါ ၁၀ လုံး (၆၀) ဂါလန်အား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး တွန်းသင်္ဘောမှာ မြစ်အတွင်းသို့ နစ်မြုပ်သွားခဲ့ကြောင်း၊ တွန်းသင်္ဘောပေါ်ရှိ ရှိုင်းကိုပါ (၅) ဦးတို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ရှိုင်းကိုအား ပန်းတောင်းမြို့မ ရဲစခန်းမှ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN