mdn

 

ခြူးစန္ဒီနွေး - ရေးသားသည်

 

အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်တွေ လွန်ခဲ့တဲ့နှစ်ကစပြီး ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဥရောပခေါင်းဆောင်တွေဟာ ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့ အီရန်တို့ စီးပွားရေး ဆက်လက်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းတွေ အလေးထားရှာဖွေခဲ့ပါတယ်။

ကုန်ပစ္စည်းချင်းဖလှယ်မယ် 

လပေါင်းများစွာ စောင့်ဆိုင်းပြီးတဲ့အခါမှာတော့ ဥရောပအင်အားကြီးသုံးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေရာမှာ မေးစရာရှိတာက အခုကြေညာထားတဲ့ ဘဏ္ဍာရေးဆိုင်ရာယန္တရားကို လူတိုင်းအသုံးပြုလို့ ရနိုင်မှာလား ဆိုတာပါပဲ။ Instex လို့ခေါ်တဲ့ ကုမ္ပဏီအသစ်တစ်ခုဟာ အီရန်ကုမ္ပဏီတွေနဲ့ တခြားကုမ္ပဏီတွေကြားမှာ ဒေါ်လာနဲ့ ဘဏ္ဍာရေးဆိုင်ရာ တိုက်ရိုက်လွှဲပြောင်းမှုတွေမလုပ်ဘဲ ကုန်ပစ္စည်းချင်း ဖလှယ်တဲ့အလုပ်ကို လုပ်ပါတယ်။ အမေရိကန် ဘဏ်စနစ်နဲ့ ငွေကြေးစနစ်ကို ရှောင်ရှားနိုင်တဲ့နည်းလမ်းနဲ့အတူ ဥရောပ ကုမ္ပဏီကြီးတွေဟာ အီရန်နဲ့အတူ စီးပွားရေး ဆက်လုပ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။ 

လေးစားလိုက်နာဆဲဖြစ် 

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ဆိုတာ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူစာချုပ် မှာပါဝင်ခဲ့တဲ့ နိုင်ငံကြီးတွေ ဖြစ်ပါတယ်။ အီရန် နျူကလီးယားသဘောတူစာချုပ် ချုပ်ဆိုတုန်းက အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာပါ။ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့လည်း ပါဝင်ပါတယ်။ အဲဒီစာချုပ်ဟာဆိုရင် အီရန် နိုင်ငံကို နျူကလီးယားလက်နက် မထုတ်လုပ် နိုင်ရေးကန့်သတ်တဲ့ စာချုပ်တစ်ခုလည်း ဖြစ်ပါတယ်။ 

အင်္ဂါနေ့မှာတော့ အမေရိကန်ထောက်လှမ်း ရေးအေဂျင်စီက လွှတ်တော်ကို ပြောကြားခဲ့ရာ မှာတော့ အီရန်နိုင်ငံဟာ နျူကလီးယား သဘောတူစာချုပ်ကို လေးစားလိုက်နာဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက် သမားတွေကို ထောက်ပံ့ပေးတာမျိုး မရှိသလို ဒုံးကျည်စနစ်တွေကိုလည်း ဖွံ့ဖြိုးလာအောင် ထပ်လုပ်တာမျိုးမရှိဘူးလို့ ပြောခဲ့တာပါ။ ဒါပေမယ့် ထရမ့်ကတော့ သူ့ရဲ့ တွစ်တာစာမျက်နှာ ပေါ်မှာ ထောက်လှမ်းရေး အေဂျင်စီဟာ ကျောင်းကိုပြန်သွားသင့်တယ်လို့ ဆိုးရွားတဲ့ မှတ်ချက်မျိုး ရေးသားခဲ့ပါတယ်။ 

စစ်ပွဲတွေဖြစ်လာမှာစိုး 

ဥရောပနိုင်ငံတွေကတော့ သမ္မတထရမ့် အစိုးရအဖွဲ့ကို တမင်တကာ မလိုမုန်းထားစိတ်မျိုး နဲ့ ပြုလုပ်တာမျိုး မရှိသလို အီရန်အပေါ်မှာလည်း မျက်နှာသာပေးတာမျိုး မရှိပါဘူး။ သူတို့ရဲ့ သဘောဆန္ဒကတော့ အီရန်နိုင်ငံအနေနဲ့ နျူကလီး ယားသဘောတူစာချူပ်ကို ဆက်လက်လိုက်နာတာ မျိုးကိုပဲ လိုချင်တာပါ။ တကယ်လို့များ အီရန်ဟာ နျူကလီးယားလက်နက်ကို လောဘတကြီး ဆက်လက်လုပ်ဆောင်ခဲ့လို့ အီရန်နဲ့ အစ္စရေးတို့ ကြား စစ်ပွဲတွေဖြစ်လာမှာကို ပိုပြီးကြောက်ရွံ့ ကြပါတယ်။ ဥရောပနိုင်ငံတွေကိုပါ သက်ရောက်မှု ရှိစေမယ့် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အခက်တွေ့ရတယ်လို့ ဥရောပအရာရှိတွေက ပြောပါတယ်။ 

အမေရိကန်ကိုကြောက်ရွံ့ 

အခုလအတွင်းမှာပဲ ဥရောပသမဂ္ဂအဖွဲ့ ကြီး ဟာ အီရန်အပေါ် ပထမဆုံး ပိတ်ဆို့ပြစ်ဒဏ်ချမှတ် ပေးခဲ့ပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂအဖွဲ့ကြီးဟာ အီရန်နိုင်ငံသားနှစ်ဦးနဲ့ အီရန်ထောက်လှမ်းရေး အဖွဲ့တစ်ခုကို အကြမ်းဖက်သမားစာရင်းမှာ သွင်းခဲ့ ပါတယ်။ အီရန်နိုင်ငံရဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စတွေ မှာ ပြုမူဆောင်ရွက်မှု၊ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု အစရှိတဲ့ကိစ္စတွေမှာ အီရန်နိုင်ငံအပေါ် အမေရိကန်နဲ့ သဘောထား တစ်ရပ်တည်း ပဲဆိုတာ ပြသလိုက် တာပဲလို့ ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

Instex ကုမ္ပဏီကတော့ အီရန်နိုင်ငံက ရေနံနဲ့ ဓာတ်ငွေ့တွေကို တင်ပို့ပြီး ဥရောပက အစား အသောက်တွေနဲ့ပြန်ပြီး လဲလှယ်မယ်လို့ အစကတည်းက စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဥရောပ ကုမ္ပဏီကြီးတွေဟာ အမေရိကန်မှာ ကြီးမားတဲ့ လုပ်ငန်းတွေ ရှိကြပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အမေရိကန်ရဲ့ အမျက်ဒေါသကိုလည်း ကြောက်ရွံ့ရပါတယ်။ 

ကုမ္ပဏီငယ်တွေအတွက်အဆင်ပြေ 

အခုအသစ်မိတ်ဆက်မယ့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအရတော့ ကုမ္ပဏီငယ်တွေ၊ အမေရိကန်နဲ့ အထိအတွေ့အများကြီးမရှိတဲ့ ကုမ္ပဏီ ငယ်တွေကတော့ အီရန်နဲ့ ကုန်သွယ်မှုလုပ်ဖို့ ပိုပြီး အဆင်ပြေလာမှာပါ။ အထူးသဖြင့် ဆေးဝါးနဲ့အစား အစာတွေ ကုန်သွယ်မှုကိုပိုပြီး တိုးမြှင့်နိုင်မှာဖြစ်ပြီး အစကတည်းက ဒီပစ္စည်းတွေဟာ ပိတ်ဆို့မှုထဲမှာ မပါဝင်ပါဘူး။ ဥရောပသံတမန်တွေရဲ့ ပြောစကား အရတော့ အစပိုင်း ကုန်သွယ်မှုတွေမှာ အမေရိကန်က ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာပဲ အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင်တွေ့ ခြင်းမျိုးကို ရှောင်ရှားသွားမယ်လို့ သိရပါတယ်။

 သေချာရွေးချယ်ရမယ် 

Linklaters ဥပဒေအကျိုးဆောင်လုပ်ငန်းမှ ပိတ်ဆို့မှုဆိုင်ရာ ကျွမ်းကျင်သူ ဒေါ့ဒေဗစ်ဆင်က တော့ ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းနှစ်ခု ရှိပါတယ်။ အဲဒါကတော့ အခုလုပ်ငန်းစဉ်ဟာ အသုံးပြုမယ့်သူတွေကို ဆွဲဆောင် နိုင်ပါ့မလား၊ အမေရိကန်က တုံ့ပြန်မှုပြန်လုပ်ခဲ့ရင်ရော အကျိုးသက်ရောက်မှု ရှိပါဦးမလားဆိုတာပါပဲ။ အမေရိကန်ဘက်က တုံ့ပြန်မှုဟာ ပိုပြီးအဓိက ကျပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

 အမေရိကန်အရာရှိတွေ ပြောကြတာကတော့ အီရန်နဲ့ စီးပွားရေးလုပ်မှာလား၊ အမေရိကန်နဲ့ စီးပွားရေး လုပ်မှာလားဆိုတာ သေသေချာချာ ရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံး နဲ့တော့ စီးပွားရေးလုပ်လို့ မရဘူးဆိုတာပါပဲ။ တရားဝင်ကြေညာချက်ကိုတော့ ကြာသပတေးနေ့က ရိုမေးနီးယားနိုင်ငံ ဥရောပသမဂ္ဂ နိုင်ငံခြား ရေးဝန်ကြီးများ တွေ့ဆုံပွဲမှာ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဘယ်နိုင်ငံတွေက အခုအသစ် တည်ထောင်ထားတဲ့ Instex ကုမ္ပဏီနဲ့ အတူတွဲပြီး အလုပ်လုပ် ကြမှာလဲဆိုတာက တော့ မရှင်းလင်းသေးပါဘူး။ အီရန်နိုင်ငံ နျူကလီးယား သဘောတူစာချုပ်ကို လိုက်နာ နေသရွေ့ ဒီစာချုပ်အတိုင်း ဆက်ရှိနေမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဆိုပါ ကြေညာချက်ကို အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုခဲ့ပါတယ်။ 

ဥရောပနိုင်ငံတွေက အီရန်နိုင်ငံအပေါ် ထားရှိတဲ့ ကတိတွေကြား ဒါဟာ ပထမဆုံး ခြေလှမ်းပါပဲ။ ဒါကိုပြည့်ပြည့်ဝ၀ အကောင် အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း နိုင်ငံပိုင် သတင်း အေဂျင်စီဖြစ်တဲ့ အိုင်အာအင်န်အေသတင်းဌာနက အစီရင် ခံထားပါတယ်။

 အမေရိကန်ကဖျောင်းဖျ 

အမေရိကန်အရာရှိတွေကတော့ ဥရောပနိုင်ငံတွေအနေနဲ့ အီရန်မှာ စီးပွားရေးမလုပ်ကြဖို့ ဖျောင်းဖျ နေကြပါတယ်။ ပြီးတော့ စီးပွားရေး လုပ်မယ်ဆိုရင်လည်း အနည်းအကျဉ်းသာ ကုန်သွယ်မှု ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ကြာသပတေးနေ့မှာတော့ အိမ်ဖြူတော်ကနေ သတင်းထုတ်ပြန် ချက် ထုတ်ပြန်ခဲ့ပါတယ်။ Instex ကုမ္ပဏီအကြောင်း သိရှိပြီး ဒါဟာ ဝါရှင်တန်က အီရန်အပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

သမ္မတထရမ့် ပြောထားတာ ရှင်းပါတယ်။ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖောက်ဖျက်ပြီး လုပ်ကိုင် ခဲ့မယ်ဆိုရင် အမေရိ ကန်မှာ စီးပွားရေးလုပ်လို့ရမှာ မဟုတ်သလို အမေရိကန်ကုမ္ပဏီကြီးတွေနဲ့လည်း စီးပွား ရေး လုပ်လို့ရမှာ မဟုတ်ပါဘူး။ အလားတူ အမေရိ ကန်ရဲ့ ဘဏ္ဍာရေးစနစ်မှာ ပါဝင်ဖို့ အခွင့်အရေးတွေမှာ လည်း ဆုံးရှုံးသွားမှာပဲ ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါလို့ အမေရိကန်ရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဖိအားပေး 

အီရန်နိုင်ငံအပေါ် အခုလို အရေးယူမှုတွေ ပြုလုပ်ထားတာဟာ အီရန်အစိုးရကို ဖိနှိပ်ဖို့ ရည်ရွယ်ထား တာမဟုတ်ဘဲ ကျယ်ပြန့်တဲ့ကိစ္စ ရပ်တွေမှာ ဆွေးနွေးမှုအသစ် ပြုလုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေမှာ ပဲ့ထိန်းဒုံးကျည်စနစ်၊ ဆီးရီးယားအစိုးရအတွက် အီရန်ဘက်က ကူညီ တိုက်ခိုက်ပေးနေမှု၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စွပ်စွဲနေသလို အီရန်ဟာ ဟားမားစ်နဲ့ ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့တွေကို ကူညီပေးနေမှုတို့မှာ ညှိနှိုင်းမှုအသစ်တွေ အီရန်ဘက်က လုပ်လာအောင် ဖိအားပေးတဲ့သဘောမှာပဲ ရှိပါတယ် လို့ သမ္မတ ထရမ့်အစိုးရအဖွဲ့က ပြောပါတယ်။ ။ 

ကိုးကား -နယူးယောက်တိုင်းမ်