မောင်သိန်းဆိုင်

 

 

အကြောင်းတစ်ခုခုကြောင့်ဟု မရေရာသော်လည်း အကြောင်းအမျိုးမျိုးကြောင့်ပင် ကိုငှက်ရိုး၏ စိတ်သန္တာန်မှာ ညစ်ညူးနောက်ကျိနေရသည်။ ဘဝင်မကျဖြစ်နေရသည်။ မောင်မောင်ဦးဆိုသူနှင့် တွေ့ဆုံရစဉ်က စိတ်မှာအတက်ကြွရသား။ ဘာကြောင့်ဟု ဆုပ်ဆုပ်ကိုင်ကိုင် မပြောနိုင်ပေမဲ့ ထိုသူနှင့်ဆုံရစဉ်တဒင်္ဂတွင် စိတ်မှာ ရွှင်ပျလာမိသည်အမှန်ပင်။ စင်စစ် နန်းကိန္နရီနှင့်ပတ်သက်၍ ငွေရပေါက်ရလမ်း ရှိသည်ဟု သိရသောအခါ နန်းကိန္နရီကို အခါတိုင်းကထက် ပို၍အလေးအနက် ထားမိသည်။ ပို၍ဂရုစိုက်မိသည်၊ အရိပ်အခြည်ကို စောင့်ကြည့်နေမိသည်။

 

မောင်မောင်ဦးဆိုသူနှင့် အရက်ဆိုင်တွင်ဆုံရပြီး နောက်ယင်းအရက်ဆိုင်သို့ ကိုငှက်ရိုး မကြာခဏ ရောက်သည်။ တမင်တကာမဟုတ်ပေမဲ့ တစေ့တစောင်းဆိုသလို အရက်သမားများအကြားတွင် မောင်မောင်ဦးဆိုသူကို ရှာမိသည်။ သို့ရာတွင် တစ်ယောက်နှင့် တစ်ယောက် အမှတ်ထင်ထင် ခင်မင်ခဲ့ကြပြီးသည့် နောက်ပိုင်းတွင် မောင်မောင်ဦးဆိုသူ၏ အရိပ်အယောင်ကိုသော်မျှ မတွေ့ရလေတော့ မောင်မောင်ဦးဆိုသူသည် တစ်ခါတည်းနှင့် စုပ်စမြုပ်စ ပျောက်ကွယ်သွားသည်။

 

သည်တော့လည်း ထိုသူသည် မိမိထံမှအရက် သောက်ကောင်းအောင် မျှော်လင့်ချက်ပေးသွားခြင်းသာ ဖြစ်ရမည်။ အရက်ညာ သောက်သွားခြင်းသာ ဖြစ်မည်ဟု ကိုငှက်ရိုးထင်သည်။ သို့နှင့်ပင် မိုးရက်တို့ ကုန်ဆုံးလုနီးလာသည်။ ဆောင်းသို့ ရောက်ရလေတော့မည်။

 

အခါတိုင်းနှစ်များကဆိုလျှင် သည်အချိန်၌ အငြိမ့်အဖွဲ့မှာ အသားကျတိုက်ပြီးလောက်ပေပြီ။

 

မိုးပြတ်သည်နှင့်တစ်ပြိုင်နက် ကပြရန် အသင့်ရှိနေလောက်ပေပြီ။ ကန်ထရိုက်အချို့နှင့် စာချုပ် စာတမ်းများ ချုပ်ပြီးလောက်ပေပြီ။

 

သည်နှစ်မှာတော့ အခါတိုင်းကလိုမဟုတ်။ ယခု တိုင်အောင်။ ကျကျနန ဇာတ်မတိုက်ရသေး။

 

ဘာတစ်ခုမျှ အဆင့်သင့်မဖြစ်သေး။ ကန်ထရိုက်အချို့ ရောက်လာပေမဲ့ စာချုပ်စာတမ်းချုပ်သည်ဟု မကြားရသေး။ ဘယ်လိုပါလိမ့်။ သည်နှစ် အငြိမ့် အဖွဲ့ ဖွဲ့မှ ဖွဲ့ဖြစ်ပါတော့မလား၊ ဇာတ်ခေါင်းကွဲ လက်စနှင့် ကွဲလေတော့မလားဟု ကိုငှက်ရိုး စိုးရိမ်ပူပန်စပြုလာသည်။

 

စင်စစ် ပြဿနာမှာ နန်းကိန္နရီနှင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးတို့ ဆုံတွေ့မိကြခြင်းမှ အစပြုခဲ့သည်။

 

သည်နှစ် အငြိမ့်ရပ်နားချိန်၌ အငြိမ့်ထောင်ဆရာ ဦးမြတ်စံအိမ်တွင် နန်းကိန္နရီ အနေနည်းသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏အိမ်တွင် အနေများသည်။ မည်မည်ရရ ဇာတ်တိုက်သည်ဟူ၍မရှိခဲ့။ ယခုတလော နန်းကိန္နရီကိုယ်တိုင်ပင် အငြိမ့်ကပြရ ခြင်းအပေါ် စိတ်မဝင်စားနိုင်သလိုရှိကြောင်း တွေ့ရ သည်။

 

အင်း . . .၊ သည်အတိုင်းဆိုလျှင် နန်းကိန္နရီနှင့် စပ်လျဉ်း၍ ငွေရပေါက်ရလမ်း ပေါ်ပေါက်ဖို့နေနေသာသာ ထမင်းအိုးပင် ကွဲရတော့မှာပါကလားဟု ကိုငှက်ရိုး တွေးတောမိစပြုလာလေသည်။

 

အငြိမ့်ထောင်ဆရာ ဦးမြတ်စံကို ကြည့်ရသည်မှာတော့ သည်နှစ် အငြိမ့်မကဖြစ်မည့်အရေးကို ပူပန်ပုံမရ။ ၎င်းတို့ဇနီးမောင်နှံ အနေနှင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးထံမှ ငွေဆုပ်ဆုပ်ခဲခဲ ရထားလိမ့်မည်ဟု ကိုငှက်ရိုးထင်နေသည်။ ပွဲကရန်စပေါ်ငွေ စသည်တို့ကိုမူ အခါတိုင်းနှစ်များကလိုပင် ပေးကမ်းနေသည်။

 

သည်သို့ဖြင့် တလောက သတင်းတစ်ခုကြားရသည်။ သည်နှစ် နန်းကိန္နရီ အငြိမ့်မကဖြစ်တော့။ ယင်းသတင်းကိုပြောသူမှာ လူပြက်ကိုသော်တာဖြစ်သည်။ ကိုသော်တာကိုယ်တိုင်ကလည်း ကိုငှက်ရိုး နှယ်ပင် စိတ်နောက်ကျိနေပုံပေါ်သည်။

 

“ဘယ်လိုဖြစ်ကြတာလဲ သော်တာ”

 

ကိုငှက်ရိုး၏စိတ်တွင် သိနေလျက်နှင့် ဘာမျှမသိ သလိုရှိကာ မေးမိသည်။

 

“နန်းကိန္နရီကို ဒေါ်ရေနံ့သာခင်ခင်ကြီးက အငြိမ့် မကစေချင်တော့ဘူးတဲ့ဗျ”  ကိုသော်တာဖြေသည်။

 

တစ်နေ့ သည်သို့ပင်ဖြစ်လာလိမ့်မည်ဟု ကိုငှက်ရိုးထင်ပြီးသားဖြစ်သည်။ တကယ်တမ်းဖြစ်လာပြန် သည်ဆိုတော့လည်း မကျေနပ်ချင်ပြန်။

 

“နန်းကိန္နရီက အငြိမ့်မကဘဲ ဘာသွားလုပ်နေမှာ တဲ့လဲ”

 

“ကျောင်းဆက်တက်မယ်ဆိုလား မသိပါဘူးဗျာ”

 

ကိုငှက်ရိုးသည် ခေါင်းကို လေးလေးကြီး ယမ်းခါ ကာ သက်ပြင်းရှိုက်လိုက်သည်။

 

“နန်းကိန္နရီ အငြိမ့်ပြန်မကတော့တာက ကိစ္စမရှိဘူး၊ ဦးမြတ်စံတို့အနေနဲ့ နန်းကိန္နရီကို စွန့်လွှတ် လိုက်ရတာ အကြောင်းမဟုတ်ဘူး။ သူတို့မှာက သူဌေးသင်္ဘောနစ်တာ။ တို့မှာက သူတောင်းစား ခွက်ပျောက်ရတာကွ၊ သိလား သော်တာ”

 

ထိုနောက်ပိုင်းတွင် ကိုငှက်ရိုးမှာ အကြောင်းတစ်စုံ တစ်ရာကြောင့်ဟု မရေရာသော်လည်း အကြောင်း အမျိုးမျိုးဖြင့် စိတ်ညစ်ညူးနောက်ကျိနေရသည်။ ဘဝင်မကျနိုင်အောင် ရှိနေရသည်။

 

အငြိမ့်ထောင်ဆရာ ဦးမြတ်စံ အခေါ်လွှတ်သည်ဆို၍ အငြိမ့်တည်ရာအိမ်သို့ သွားရသည်။ သည်တွင် ဦးမြတ်စံက “နန်းကိန္နရီအငြိမ့်အဖွဲ့” ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နန်းကိန္နရီနေရာတွင် လက်ထောက်မင်းသမီး မြလွှာရုံကို အစားထိုးကာ “မြလွှာရုံအငြိမ့် အဖွဲ့”ကို ဖွဲ့စည်းလိုက်ကြောင်း ပြောသည်။

 

သည်တော့လည်း ထမင်းမငတ်နိုင်သေးဟု ကိုငှက်ရိုးတွေးမိသည်။ သို့ပေမဲ့ မြလွှာရုံမှာ နန်းကိန္နရီနှင့်စာလျှင် အပြတ်အသတ်ကွာသည်။ သည်ကလေးမမှာ ပညာပြည့်ဝသည်မှန်သော်လည်း ရုပ်ဆင်းကြန်အင်နှင့် အသံတွင် နန်းကိန္နရီကို မမီ။ စန်းပွင့်ချင်းကွာသလို ကုသိုလ်ချင်းကလည်း မတူကြ။ နန်းကိန္နရီဆိုသည်က စပြီဟေ့ဆိုကတည်းက ခေါင်းဆောင်မင်းသမီးနေရာရသည်။ မြလွှာရုံမှာမူ သုံးနှစ်သုံးမိုး ကခဲ့သည့်တိုင် လက်ထောက်မင်းသမီးနေရာက မတက်ခဲ့။ ယခုမှပင် စိုင်ကော်၍ ချုံပေါ်ရောက်ရသည့်ကိန်းဆိုက်ခဲ့ခြင်း ဖြစ်သည်။ နန်းကိန္နရီက မြန်မာမှုပါသောအကဖြင့် နာမည်ကြီးသည်။ မြလွှာရုံကား ကာလသားကြိုက် ခုနစ်လွှာအကဖြင့် ထင်ရှားသူဖြစ်လေသည်။

 

“ဘာပဲပြောပြော ဦးလေးအနေနဲ့ နန်းကိန္နရီကို လက်လွှတ်ဖို့မကောင်းဘူး။ အမှန်မှာက ကျွန်တော် တို့တစ်တွေ ထမင်းစားနေရတာ နန်းကိန္နရီကြောင့် မဟုတ်လား”

 

ကိုငှက်ရိုးက ဘဝင်မကျနိုင်သည့်အဖြစ်ကို ဦးမြတ်စံအား ဖွင့်ပြောမိသေးသည်။

 

“ဒါပေမဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးက နန်းကိန္နရီကို သူ့သမီးပါလို့ တမ်းတမ်းစွဲဖြစ်နေတာကိုးကွ။ ကလေးမရဲ့ ကံကြမ္မာပေါ့ကွာ။ တို့များအနေနဲ့ လူတစ်ယောက်ရဲ့ကံကြမ္မာ နိမ့်နေတာတွေ့ရရင် ကယ်ဆယ်ဖေးမ သင့်သလို၊ သူ့ရဲ့ဇာတာစန်းလဂ် တက်လာတာကို မတားဆီးစကောင်းပါဘူး”

 

ဦးမြတ်စံကတော့ လူကြီးပီပီ တရားနှင့်နှလုံးသွင်း နိုင်ပုံရသည်။

 

ယင်းသို့ နှလုံးသွင်းနိုင်ရန်လည်း မြို့မြို့မြက်မြက်ရခဲ့သည်ဟု ကိုငှက်ရိုး နောက်တော့သိရသည်။ နန်းကိန္နရီကို အငြိမ့်အဖွဲ့မှ ထုတ်နုတ်လိုက်ရသည့်အတွက် အငြိမ့်အဖွဲ့မှာ နစ်နာရသည်။ ယင်းနစ်နာကြေးနှင့် အငြိမ့်အဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက်ဆိုကာ ဒေါ်ရေနံ့သာခင်ခင်ကြီးက ဦးမြတ်စံအား ငွေတစ်သောင်း ထုတ်ပေးခဲ့သည်ဟု ကိုငှက်ရိုး ကြားရသည်။ ဦးမြတ်စံအဖို့ ဖြေမည်ဆိုလျှင် ဖြေနိုင်စရာအချက်များရှိနေသည်။

 

နန်းကိန္နရီ ဦးမြတ်စံ၏အိမ်မှသည် ရေနံ့သာသို့ ပြောင်းမည်ဆိုသည့်နေ့က အငြိမ့်အဖွဲ့တည်ရာ အိမ်မှာ ကျွက်ကျွက်ညံနေသည်။ ထိုနေ့က နန်းကိန္နရီသည် ဦးမြတ်စံအပါအဝင် အငြိမ့်အဖွဲ့မှ သူ့ထက် အသက်ကြီးသူများအား ငွေတစ်ရာစီဖြင့် ကန်တော့သည်။ သည်နေရာတွင် နန်းကိန္နရီသည် အယုတ်အလတ် အမြတ်မရွေးခဲ့။ လူပြက်တွေရော၊ ဆိုင်းသမားတွေရော၊ ကားဆွဲတွေကိုပါ ကန်တော့သည်။ သူ့ထက်ငယ်ရွယ်သူ မင်းသမီးနှင့် ယိမ်းသမကလေးများကိုမူ ရွှေချည်ငွေချည်ထိုး ဗလာထဘီတွေ၊ ထိုင်မသိမ်းအင်္ကျီတွေ ပေးပစ်ခဲ့၏။ မြလွှာရုံအဖို့ သည်တစ်နှစ်အတွက် နန်းကိန္နရီထံမှရသော ထဘီအင်္ကျီတွေနှင့်ပင် ကပြ၍ရနိုင်ကောင်းသည်ဟု ဆိုသည်။

 

နန်းကိန္နရီသည် မှတ်မှတ်ရရဆို၍ အဝါရောင်ရွှေချည်ထိုး ဝတ်စုံတစ်စုံကိုသာ ယူသွားသည်။ ကျန် အငြိမ့်နှင့် ပတ်သက်သည့် သံယောဇဉ်ကို ဖြတ်ခဲ့ဟန်တူသည်။

 

နန်းကိန္နရီ တစ်ခါတည်း ပြောင်းသွားတော့မည်ဆိုသောအခါ သံယောဇဉ်မကင်းနိုင်သူများ ငိုသူငို၊ မျက်ရည်ဝဲသူဝဲ ဖြစ်ကုန်ကြသည်။ ဦးမြတ်စံသည်ပင် သူ့အရှေ့မှာ ပျပ်ဝပ်စွာ ဦးချနေသော နန်းကိန္နရီ ကိုကြည့်လျက် မျက်ရည်ဝဲနေသည်။ ဆုပေးနေစဉ်က အသံမှာ သိသိသာသာတုန်နေသည်။

 

နန်းကိန္နရီသည်လည်း အငြိမ့်အဖွဲ့ကို စွန့်ခွာသွားရန် ဝန်လေးသလိုဖြစ်နေကြောင်း တွေ့ရသည်။ အထူးသဖြင့် အငြိမ့်ထောင်ဆရာ ဦးမြတ်စံတို့ ဇနီးမောင်နှံကို တွယ်တာလျက်ရှိကြောင်း မြင်ရသည်။

 

“အရီအသက်ရှင်နေသမျှကာလပတ်လုံး ဘဘနဲ့ မေမေကြီးတို့ကျေးဇူးကို မမေ့တော့ပါဘူး။ အရီ ဘယ်ဘဝရောက်ရောက် အငြိမ့်မင်းသမီးဖြစ်ခဲ့ တယ်ဆိုတာကို မေ့မပစ်ပါဘူး။ အရီရဲ့ဘဝမှာ ဘဘနဲ့ မေမေကြီးတို့ရဲ့ကျေးဇူးတရား ကြီးမားလှပါတယ်”

 

နန်းကိန္နရီက ဆိုလေတော့ ဦးမြတ်စံ၏ဇနီးမှာ တရှုံ့ရှုံ့ငိုရှာလေသည်။

 

နန်းကိန္နရီသည် ထိုနေ့က ရေနံ့သာမှ အကြို ထောက်လာသော မာစီဒီးကားဖြင့် လိုက်ပါသွားသည်။

 

နန်းကိန္နရီ မိမိတို့နှင့် တကယ်တမ်းခွဲခွာသွားလေ ပြီဆိုသောအခါ ကိုငှက်ရိုးကိုယ်တိုင်ရင်ထဲမှာ လှိုက်လှဲလာသလို ခံစားရသည်။ နှမြောတသမိသလို ရှိရသည်။

 

တစ်ပြိုင်နက်တည်းမှာပင် အရက်ဆိုင်၌ ကြုံခဲ့ရသူကို အမှတ်ရကာ ရယ်ချင်သလိုလိုလည်း ဖြစ်မိလေသည်။ ငှက်ရိုးတို့ ပါးလှပါးလှနှင့် သည်တစ်ပွဲမှာတော့ နှပ်ပစ်ခံခဲ့ရလေပြီဟု တွေးနေမိသည်။ ယခုအတိုင်းဆိုပါက နန်းကိန္နရီနှင့် အဆက်အစပ် မရှိနိုင်တော့ပြီထင်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ ငွေရပေါက်ရလမ်း ဆိုသည်မှာလည်း ရေတွင် အရုပ်ရေးသည့်နှယ် အရာထင်နိုင်စရာမရှိတော့ပြီ ဟု မှတ်ယူသည်။

 

ဆက်လက်ဖော်ပြပါမည်။