မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
ရေနံချောင်းတွင် သူမရှိသည်ကား ထင်ရှားသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဘွားဘွား၊ ဖေဖေ နှင့် မေမေတို့အုတ်ဂူကိုကန်တော့ရန် ရေနံချောင်းသို့ တစ်နှစ်တစ်ခေါက်ရောက်ခဲ့သည်။ သူ့ကို တစ်ခါမျှမမြင်ခဲ့ရ။ လွတ်လပ်ရေးရပြီးနောက် တိုင်းပြည် ငြိမ်စပြုလာသောအခါက ရေနံချောင်းသို့ ရောက်ရသည်။ ထိုစဉ်က မောင်မောင်ဦး ရေနံချောင်းသို့ လာသွားကြောင်း သတင်းစကားကြားရသည်။ သူသည် ရေနံချောင်းရှိ သူပိုင်ဆိုင်သောမြေများကို လာရောက်ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုမှရသော ငွေဖြင့် သူ့မိခင်အတွက် အုတ်ဂူတည်ဆောက်ခဲ့သည်။ ဒေါ်သူဇာ၏အုတ်ဂူမှာ ဒေါ်စောမင်းအုတ်ဂူ နှင့် မဝေးလှ။
ဒေါ်ရေနံ့သာခင်ခင်ကြီးတစ်ယောက် ဘွားဘွား၏အုတ်ဂူကို ကန်တော့ရန် ရောက်ရလေတိုင်း၊ ဒေါ်သူဇာ၏အုတ်ဂူကို အမှတ်ထင်ထင် ကြည့်မိလေ့ရှိသည်။ ယခုအခါ ယင်းအုတ်ဂူမှာ ပျက်ယွင်း စပြုနေပေပြီ။
ရေနံချောင်းတွင် မောင်မောင်ဦးကို သိမှတ်မိသူ နည်းပါးနေချေပြီ။ လူတို့ သူ့ကို မေ့လျော့နေခဲ့ကြပြီ ဖြစ်ဟန်ရှိသည်။ သူ့နည်းတူပင် သူ၏မိခင်နှင့်ဖခင်တို့အကြောင်းကိုလည်း ပြောဆိုသူမရှိ သလောက်ဖြစ်သည်။ လူတို့သည် မေ့ပျောက်လွယ်လွန်းလှသည်ဟု ဒေါ်ရေနံ့သာခင်ခင်ကြီးထင်သည်။
အခြားလူတို့ အလွယ်တကူမေ့ပျောက်နိုင်စွမ်း ရှိသလို မိမိမှာလည်း အလွယ်တကူ မေ့ပျောက်နိုင်စွမ်း ရှိလေလျှင် အဘယ်မျှ ကောင်းလေမည်မသိ။ မေ့ပျောက်နိုင်စွမ်း မရှိသည်နှင့်အမျှ အတိတ်တစ္ဆေသည် ဒေါ်ရေနံ့သာခင်ခင်ကြီးအား ခြောက်လှန့်နိုင်လွန်းလှသည်။ အကြောင်းတစ်စုံတစ်ရာ ပတ်သက်စပ်ဆိုင်လာလေပြီ ဆိုလေတိုင်း သူ့အကြောင်းကို တွေးရသည်မှာ၊ သူ့မျက်နှာကို မြင်ယောင်မိသည်မှာ အခါခါ အကြိမ်ကြိမ်ပင်။
ယခုအချိန်လောက်ဆိုလျှင် သူ၏ရုပ်သွင်ပြင်လျာမှာ ဘယ်သို့ရှိရှာလေမည် မမှန်းတတ်။ ပြောင်းလွဲ နေမည်ကား အမှန်ပင်ဖြစ်သည်။ ကိုကိုဆိုလျှင်ပင် ယခုအခါ ခေါင်း၌ ဖြူကြောင်သော ဆံပင်တို့ ပေါက်စပြုလာသည်။ အသက်လေးဆယ်ကျော်သည်ဆိုသည်နှင့် လိုက်ဖက်ညီသော ရုပ်ရည်သွင်ပြင်မျိုး ဖြစ်နေသည်။ ပို၍တည်ကာ ပို၍ ခံ့ညားလာသည်။ လေးစားဖွယ် ရုပ်သွင်ကို ပိုင်ဆိုင်နေခဲ့သည်။ သို့တိုင် ကိုကိုသည် အရိပ်ထဲမှာ သာနေရသည်။ ငြိမ်းချမ်းသည်။
မောင်မောင်ဦးသည်ကား ငြိမ်းချမ်းရှာမည် မဟုတ်။ သူသည် အရက်သေစာသောက်စား သူလည်းဖြစ်သည်။ သူသည် အဘယ်မျှ အိုမင်းလျက် အဘယ်သို့သော ကြမ်းတမ်းခက်ထရော်သည့် ရုပ်ဆင်းကို ပိုင်ဆိုင်နေလေမည်နည်း မတွေးတတ်ချေ။ ငယ်စဉ်က ယောက်ျားတကာတို့အထဲတွင် သူ့၏မျက်နှာမှာ အချောမောဆုံးဟု ထင်ခဲ့သည်။ သူ့ကိုစွဲလမ်းခဲ့သည်မှာ သူ၏လှပချောမွေ့သော မျက်နှာကြောင့်လည်း ဖြစ်သည်။ သူ၏မျက်နှာမှ လှပချောမွေ့ခြင်းများ ပျောက်ကွယ်နေမည့်အဖြစ်ကို တွေးမိကာ နှမြောသလိုခံစားလာရပြန်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် တွေးရင်းမှပင် ဆက်၍မတွေးဝံ့အောင် ဖြစ်လာသည်။
စင်စစ် မောင်မောင်ဦးနှင့်ပတ်သက်လာပါက မိမိတွင် ခံစားရချက်နှစ်ရပ်ရှိသည်ဟု သိမြင်လာသည်။
နာကြည်းရခြင်းကတစ်ဖက်၊ တမ်းဆွတ်ရခြင်းက တစ်ဖက်ပါကလား။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် စီးကရက်တိုကို ပစ်ချလိုက်ကာ ဖိနပ်ဦးဖြင့် နင်းချေလိုက်သည်။ သူ၏ အတွေးကို ပြတ်တောက်သွားစေရန် အားထုတ်မိခြင်းဖြစ်သည်။
လရောင်သည် အတော်ချည်းမြင့်တက်လာလေပြီ။ များမကြာမီ အိမ်၏အရိပ်သည် သစ်ပင်ပန်းပင် များအပေါ်သို့ ထိုးကျလာလေတော့မည်။ ညဉ့်နက် လှပါပကော။
နန်းကိန္နရီဘက်သို့ လှမ်းကြည့်လိုက်သည်။
နန်းကိန္နရီကိုယ်တိုင်လည်း ညဉ့်နက်လာသည့် အဖြစ်ကို သတိထားမိဟန်တူသည်။ မသိမသာ သက်ပြင်းရှိုက်လိုက်ကာ အိပ်ခန်းသို့ဝင်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နန်းကိန္နရီနှယ်ပင် မသိမသာ သက်ပြင်းရှိုက်လိုက်သည်။ အိပ်ခန်းသို့ ရုတ်တရက် မဝင်ဖြစ်သေး။ အသံမထွက်စေဘဲ ရင်ထဲမှာ စကားအချို့ကိုပြောနေမိသည်။ မုန်းတီးလှပါသည်ဆိုသော၊ နာကြည်းလှပါသည်ဆိုသောသူကိုပင် တိုင်တည်ရင်း ပြောဆိုနေမိခြင်းဖြစ်သည်။
“နန်းကိန္နရီဟာ အစ်ကိုနဲ့ ခင်ကြီးတို့ရဲ့ သမီးအရင်း ကလေးသာဖြစ်ပါစေလို့ ခင်ကြီးဆုတောင်းပါတယ် အစ်ကို။ ဘာကြောင့်လဲဆိုတော့ အစ်ကိုနဲ့ပတ်သက်တဲ့ ရလဒ်ဟာ ခင်ကြီးမှာ တခြားဘာမှမရှိပါဘူး။ ဒီ တစ်ခုပဲရှိတယ်။ အစ်ကို့ဆီကရတဲ့ အမြတ်ဆိုတာဟာ လည်း ခင်ကြီးမှာ ဒါပဲရှိပါတယ်။ ဒါကလေးကို ရဖို့အတွက် ခင်ကြီးရဲ့ဘဝကို အဆုံးခံခဲ့ရတယ်။ အစ်ကိုနဲ့ပတ်သက်လာရင် ဒါတစ်ခုတော့ ခင်ကြီး ပိုင်ဆိုင်ခွင့်ရှိပါရစေလားအစ်ကိုရယ်.....”
မိုးရွာပြီးစည။
ကောင်းကင်တွင် တိမ်မှေးကင်းစင်သွားသဖြင့် လအရောင်သည် လင်းထင်စွာ ထွန်းပလာသည်။
တောင်ဥက္ကလာပ၊ ဝေဇယန္တာလမ်းမကြီးမှာ စင်းစင်းဖြောင့်ဖြောင့်ရှိလှသည်။ ကတ္တရာလမ်းပေါ်တွင် မိုးရေများတင်ရှိကျန်ရစ်ပြီး ယင်းမိုးရေများပေါ် သို့ လရောင်နှင့် လမ်းမီးရောင် ကျရောက်ရိုက်ဟပ်နေသည်။ လမ်းမှာ ချောပြောင်နေသည်။ အချို့သော နေရာများတွင် လှိုင်းကြက်တွန်ထသည့်သဖွယ်ဖြစ်နေသည်။ လမ်းပတ်ဝန်းကျင်မှ အိမ်များအနက် အချို့အိမ်တွင်သာ မီးရောင်မြင်ရသည်။ အများအားဖြင့် အိပ်စက်နေကြပြီ ဖြစ်လေသည်။ လမ်းသွားလမ်းလာ နည်းပါးနေသည်။
သူတို့နှစ်ယောက်သည် လမ်းအတိုင်း တိတ်ဆိတ်စွာ လျှောက်လာကြသည်။ နှစ်ယောက်စလုံး၏ ရင်ထဲတွင် ပြောစရာစကား များစွာရှိနေသည်။ သို့တိုင်အောင် တစ်ယောက်ကစနိုးဖြင့် စကားမပြောဖြစ်ဘဲ ရှိကြသည်။ အရက်ဆိုင်မှ ထွက်လာခဲ့ကြပြီးနောက် စကားတစ်ခွန်းတလေပင် မပြောဖြစ်။ ယခုအခါ သစ္စာလမ်းမကြီးကိုပင် ဖြတ်ခဲ့ကြပြီးဖြစ်လေသည်။
“ကျော့မောင်”
တစ်ယောက်သောသူထံမှ အသံထွက်လာသည်။ သူသည် တိတ်ဆိတ်နေခြင်းကို သည်းမခံနိုင်သလို စကားစ၍ ဆိုလိုက်ခြင်းဖြစ်သည်။ ကျန်တစ်ယောက် က “ဟင်” ဟု ခပ်တိုးတိုးထူးသည်။
“ကိုငှက်ရိုးဆိုတဲ့လူက မောင်ရင့်ကို ဘာပြုလို့ မောင်မောင်ဦးလို့ ခေါ်နေတာလဲဟင်။ ဘယ်လိုလုပ်ပြီး နာမည်တွေက ကပြောင်းကပြန်ဖြစ်ကုန်ရတာလဲ”
အဖော်လုပ်သူသည် ရယ်လိုက်လေသည်။
“ဒီလိုကွ။ သူနဲ့ငါ အရက်ဆိုင်မှာ မကြာခဏတွေ့ဖူးကြတယ်။ သူ့လူပြက်ဆိုတော့ အရက်ဆိုင်မှာ သူ့ကို အသိအကျွမ်းတွေရှိနေတယ်။ ငါ့နာမည်ကိုတော့ သူမသိဘူး။ အဲဒါနဲ့ ခင်ခင်ကြီးအကြောင်းကို စကားစပ်မိရင်းကနေ သူက ငါ့နာမည်ကိုမေးတယ်။ အဲဒီအချိန်တုန်းက ခင်ခင်ကြီးနဲ့ပတ်သက်ပြီး မင်းကို သိပ်သတိရနေတော့ မောင်မောင်ဦးလို့ပဲ ပြောလိုက်မိတယ်။ အစကတော့ သူ့အနေနဲ့ ဒီနာမည်ကို တစ်ခဏချင်းမေ့သွားလိမ့်မယ်လို့ထင်ပြီး ပြောလိုက်မိတာ။ သူက အခုထိ ဒီနာမည်ကို အတည်ယူနေတာ တွေ့ရတာပဲ”
တစ်ယောက်သောသူသည် သက်ပြင်းရှိုက်လိုက်လေသည်။ လေပူကို ရှိုက်ထုတ်ရင်း တစ်ဆက်တည်း ပြောသည်။
“အခုအတိုင်းဆိုရင် နန်းကိန္နရီဆိုတဲ့ မိန်းကလေး နဲ့ မတွေ့နိုင်တော့ဘူးထင်တယ်နော် ကျော့မောင်”
“ခက်ခဲသွားတယ်လို့ ပြောရမှာပါ။ မတွေ့နိုင် တော့ဘူးလို့ ယတိပြတ်ပြောလို့တော့ မရသေးပါဘူး”
“ကိုငှက်ရိုးပြောတဲ့အတိုင်းဆိုရင် အဲဒီနန်းကိန္နရီ နဲ့ ခင်ခင်ကြီးတို့ ပေါင်းမိသွားကြပြီပေါ့”
“ဒါပေါ့”
“သူတို့ချင်းဆုံမိသွားကြတာကို ငါတော့ ဝမ်းသာတယ် ကျော့မောင်”
အဖော်လုပ်သူသည် သူ့နံဘေးမှလူကို စောင်းငဲ့ကြည့်လိုက်သည်။ ပြုံးလိုက်ရင်းက မေးသည်။
“ဘာလဲမောင်မောင်ဦး နန်းကိန္နရီကိုအကြောင်းပြပြီး မင်း ခင်ခင်ကြီးနဲ့ ပြန်ဆက်နိုင်လိမ့်မယ် ထင်လို့လားဟင်”
“မဟုတ်ပါဘူးကွာ။ ငါ့အတွေးက တစ်မျိုးပါ။ ခင်ခင်ကြီးနဲ့ငါနဲ့ ရေစက်ကုန်ခဲ့ကြပြီပဲကွာ။ အနှစ် နှစ်ဆယ်ကျော်တောင် ကွဲနေခဲ့ကြပြီပဲ”
သူသည် ပြောရင်းမှ သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ကြီး ရှိုက်လိုက်ပြန်လေသည်။
“အမှန်ပြောရရင်တော့ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်းမှာ သူ့ကိုတွေ့ချင်ရင် သွားတွေ့နိုင်တဲ့ အခွင့်အရေးတွေရှိသားပဲ။ သူကနာမည်ရှိတဲ့ မိန်းမတစ်ယောက်မဟုတ်လား။ တစ်ခါ ငါရန်ကုန်လာရင်း ဘားလမ်းထဲက သူတို့ကုမ္ပဏီရှေ့ကို ရောက်ခဲ့တယ်။ ဒီတုန်းက ကုမ္ပဏီထဲမှာ သူရှိနေတယ်။ ငါဝင်တွေ့ချင်လိုက်တာ တစ်ပိုင်းသေနေတာပဲ။ ဒါပေမဲ့ စိတ်ကို အတန်တန်ထိန်းချုပ်ပြီး ငါထွက်လာခဲ့တယ်။ ပြည်လမ်းက ရေနံ့သာရှေ့ကိုလည်း ရောက်ဖူးပါတယ်။ တကယ်တော့ ကံမဆုံလို့ လွဲခဲ့ကြပြီးနောက်ပိုင်းမှာ အဟောင်းတွေကို အသစ်ဖြစ်အောင် မလုပ်ချင်တော့ပါဘူးကွာ”
သူ၏အသံမှာ ညည်းညူသံပါသည်။ လှိုက်လှဲနေသလိုရှိသည်။
အဖော်လုပ်သူကမူ သူ့ကိုကျေနပ်သေးဟန်မတူ။
“ဒါနဲ့တောင် ခင်ခင်ကြီးအကြောင်းပြောကာရှိသေး၊ မင်းမန္တလေးကနေ ဒီကို ဘာလို့ချက်ချင်း ထလိုက်ခဲ့ရတာလဲ ပြောပါဦး”
“ဒါကတော့ ခင်ခင်ကြီးလိုပဲပေါ့ကွာ။ သူဟာ သူ့ရဲ့သမီးနဲ့ပတ်သက်လို့ ပြန်တွေ့ရဖို့လိုလားတယ်။ ဘဝတစ်ခုလုံးမှာ အတောင့်တရဆုံး အာသာဆန္ဒဟာဒါပဲ။ ငါ့မှာလည်း ဒီလိုပဲပေါ့။ သူနဲ့ငါတို့ရဲ့ အသွေးအသားဖြစ်တဲ့ သမီးကိုတွေ့ချင်တယ်။ မြင်ချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် မသေခင်မှာ သမီးရဲ့ မျက်နှာကလေးကို တစ်ကြိမ်ပဲဖြစ်ဖြစ် မြင်ဖူးချင်တယ်။ နန်းကိန္နရီဆိုတဲ့ကလေးမဟာ တို့များရဲ့ သမီး ရာခိုင်နှုန်းပြည့် မဟုတ်တောင် ဖြစ်နိုင်လောက်တဲ့ အခြေအနေတွေရှိနေလို့သာ ခင်ခင်ကြီးက မွေးစားလိုက်တာ ဖြစ်မှာပါပဲ။ အဲဒီကလေးမကိုမြင်ရရင်ပဲ ငါ့အဖို့ကျေနပ်စရာပါ ကျော့မောင်။ ငါဒီထက်ပို ပြီး ဘာမှမျှော်လင့်မထားမိရိုးအမှန်ပါ”
အဖော်ဖြစ်သူသည် တိတ်ဆိတ်သွားလေသည်။ ငြိမ်သက်သွားလေသည်။