သီဟစည်သူ
ပူပြင်းခြောက်သွေ့လှသည့် နွေရာသီရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုဖြစ်ပွားသည့် သတင်းများကိုလည်း ခပ်စိတ်စိတ် မြင်တွေ့လာရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ် သတင်းများတွင်ပေါ့ဆမှုကြောင့်လောင်သည့် မီးအပြင် အဓိကအားဖြင့် အမှိုက်ပုံများ၊ တောမီးများမှ စတင်၍ မီးလောင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည့် သတင်းအရ သိရသည်။
လွန်ခဲ့သည့်နှစ်များအတွင်းမြန်မာ နိုင်ငံတစ်ဝန်းတွင်လည်း မီးလောင်မှုများက တရိပ်ရိပ်တိုးလာသည်။ မီးလောင်မှုများတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ခေတ်မီဈေးကြီးများနှင့် နေအိမ် အဆောက်အအုံများ၊ စက်ရုံများပါ မီးဘေးသင့်ခံခဲ့ကြရပြီး တန်ဖိုးငွေကျပ် သန်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရကာ လူများလည်း ရာနှင့်ချီ၍ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၀၅ ဦးသေဆုံးကာ ၁၅၁ ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။ အဆိုပါ မီးလောင်မှုများကြောင့် ငွေကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့သည်။ အလားတူ ၂၀၂၀ ပြည့်နှစ်အတွင်းကလည်း မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု အကြိမ်ပေါင်း၂၁၃၉ ကြိမ်ဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် လူ၇၅ ဦး သေဆုံး၍ ဦးရေ ၂၂၀ ဒဏ်ရာရရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ငွေကျပ်သန်း ပေါင်း ၆၆၄၀ ဒသမ ၇၄ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်မှုများကို ကြည့်ပါက ပေါ့ဆမီး ၃၄ ရာခိုင်နှုန်း၊ လျှပ်စစ်မီး ၂၅ ရာခိုင်နှုန်း၊ မီးဖိုမီး ၁၇ ရာခိုင်နှုန်း၊ မသမာသူရှို့မီး ၁၄ ရာခိုင်နှုန်း၊ တောမီး ၈ရာခိုင်နှုန်းနှင့်အခြားမီးလောင်မှု ၂ ရာခိုင်နှုန်းရှိခဲ့သည်။
အဆိုပါ မီးလောင်မှုများအနက် တောမီးမှာသဘာဝကြောင့် ဖြစ်ပေါ်လောင်ကျွမ်းမှုများအပြင် နွေရာသီကာလ ရွှေ့ပြောင်းတောင်ယာများဒေသခေါ် ယာကျွန်းများ မီးရှို့မှုများကြောင့် လောင်ကျွမ်းမှုများလည်း ပါဝင်သည်။
တောမီး
တောမီးသည် ခြောက်သွေ့သော သစ်တောဒေသ သို့မဟုတ်ကျေးလက် ဒေသတောများတွင် လောင်ကျွမ်းလေ့ရှိသည်။ တောမီးလောင်မှုများသည် နေရာမရွေးဖြစ်ပေါ်နိုင်ပြီး တောမီးလောင်မှုများက အတိုင်းအတာကြီးမားပြီး အနီးဝန်းကျင်သို့ အလျင်အမြန် ကူးစက်လောင်ကျွမ်းနိုင်သည်။ ဦးတည်ရာအရပ်ကို ခန့်မှန်းရခက်သလို လမ်းများ၊ မြစ်ချောင်းများကို ခုန်ကျော်ကာ လောင်ကျွမ်းလေ့ရှိသည်။
တောမီးများအကြီးအကျယ် လောင်ကျွမ်းပါက ချက်ချင်းငြှိမ်းသတ်ခြင်း မပြုနိုင်ဘဲ တောမီးလောင်မှုများမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်း၊ ကမ္ဘာကြီးပူနွေးလာနိုင်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
တောမီးကို မီးလောင်မှုဖြစ်ပေါ်မှု အခြေအနေပေါ် မူတည်၍ရှပ်ပြေးမီး (brush fire)၊ ချုံပုတ်မီး (bush fire)၊ ကန္တာရမီး (desert fire)၊ တောအုပ်မီး (forest fire)၊ မြက်ရိုင်းမီး (grass fire)၊ တောင်ကုန်းမီး (hill fire)၊ သစ်ဆွေးမီး (peat fire)၊ စိုက်ခင်းမီး (vegetation fire)နှင့် မြက်ခင်းပြင်မီး (veld fire) ဟူ၍ အမျိုးအစား ခွဲခြားနိုင်သည်။
လွန်ခဲ့သောနှစ် သန်း ၄၂၀ မှ ကမ္ဘာပေါ်တွင် အပင်များ ပေါ်ပေါက်လာသည့် အချိန်မှစ၍ တောမီးဟူ၍ စတင်ဖြစ်ပေါ်လာကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း မီးသင့်ကျောက်များက ညွှန်ပြနေသည်။ ကမ္ဘာပေါ်ရှိ သက်ရှိသမိုင်းတစ်လျှောက်တွင် တောမီးဖြစ်ပေါ်ခြင်းသည် ဇီဝစနစ်၏ သစ်ပင်ပန်းမန်များနှင့် တောကောင်များ အပေါ်ကြီးမားသော ဆင့်ကဲပြောင်းလဲမှုအကျိုးသက်ရောက်လျက်ရှိသည်။
တောမီးများ လောင်ကျွမ်းနိုင်
ကမ္ဘာကြီးပူနွေးလာမှုကြောင့် လာမည့်ဆယ်စုနှစ်များအတွင် တောမီးများ အကြီးအကျယ်လောင်ကျွမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ကုလ သမဂ္ဂက ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည်။ ကမ္ဘာပေါ်တွင် တောမီးလောင်မှုများမှ ထွက်ပေါ်လာသည့် မီးခိုး ငွေ့များနှင့် ထိတွေ့မှုကြောင့်နှစ်စဉ် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ လူပေါင်း ၃၀၀၀၀ ကျော်အသက်ဆုံးရှုံးရကြောင်း နိုင်ငံ တကာ သုတေသီများ၏လေ့လာမှုများ အရ သိရှိရသည်။
ထို့ပြင် ပြီးခဲ့သည့်၂၀၂၀ပြည့်နှစ် ဇူလိုင်နှင့်ဩဂုတ်လများအတွင်း တောမီးလောင်မှုများကြောင့် ကမ္ဘာကြီး ပူနွေးလာစေသည့် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂ ဒသမ ၅ ဘီလီယံကျော် ထုတ်လွှတ်ခဲ့ကြောင်းဥရောပသမဂ္ဂ လေထုစောင့်ကြည့်ရေးအဖွဲ့၏ အစီရင် ခံစာအရ သိရှိရသည်။
တောမီးအကြီးအကျယ် လောင်မှုများကြောင့် တောရိုင်းတိရစ္ဆာန်များအတွက်လည်း အန္တရာယ်ကြီးမားကာ ရှားပါးတိရစ္ဆာန်များ မျိုးသုဉ်းမည့်အန္တရာယ် ပိုမိုကျရောက်စေရန် တွန်းအားပေးနိုင်သည်။ ကမ္ဘာပေါ်ရှိ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်နှင့်ဖား သုံးဘီလီယံခန့် သေကျေပျက်စီးရခြင်းနှင့် ထိခိုက်ဒဏ်ရာ ရမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိကြောင်း သိပ္ပံပညာ ရှင်များက ခန့်မှန်းထားသည်။
ပြီးခဲ့သည့်နှစ်ကာလများအတွင်း ကမ္ဘာတစ်ဝန်း၌ ကြီးမားသော တောမီး လောင်မှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဘရာဇီးနိုင်ငံရှိအမေ ဇုန်တော၌တောမီးလောင်မှု အနည်းဆုံး ၇၅၃၃၆ ခု ရှိခဲ့ကြောင်း သိရသည်။
အလားတူဩစတြေးလျနိုင်ငံ၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလအထိတောမီး အကြီးအကျယ်လောင်မှုဖြစ်ပွားခဲ့ပြီး တိရစ္ဆာန်ပေါင်း သန်း ၅၀၀ကျော် သေဆုံးမှုဖြစ်ပွားခဲ့ကာဩစတြေးလျ အစိုးရကအရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။မီးလောင်မှုကြောင့် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး သတ် မှတ်ခံထားရသည့်ရှားပါးဇီဝမျိုးစိတ် ၃၂ ခု၏ရှင်သန်မှုပုံစံများထိခိုက်ပျက်စီး ခဲ့ရပြီး အဓိကအားဖြင့် အပင်မျိုးစိတ်များ၊ ဖားမျိုးစိတ်၊ လိပ်မျိုးစိတ်၊ ငှက်မျိုးစိတ်များ ပါဝင်ကြောင်း ဩစတြေးလျအစိုးရ သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည်။
ကမ္ဘာကြီးပူနွေးလာ
အထူးသဖြင့် အမေဇုန်သစ်တောနှင့် ဩစတြေးလျတောမီး လောင်ကျွမ်းခဲ့မှုကြောင့် သစ်တော ပြုန်းတီးမှုများ ဖြစ်ပေါ်ပြီးကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများကို အဓိကအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ တောမီးလောင်မှုများကြောင့်လူသေဆုံးမှုများ၊ နေအိမ်အဆောက်အအုံများ ပျက်စီးမှုများအပြင် ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်စေလျက်ရှိသည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ အပူလှိုင်း ဖြတ်ခြင်း၊ မိုးခေါင်ရေရှားပါးခြင်းနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေနိုင်သည်။
ထို့ကြောင့် တောမီးလောင်မှုနှင့် အမှိုက်သရိုက် အပါအဝင် စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်းကြောင့် မီးခိုးမြူငွေ့ ထုတ်လွှတ်မှုများ အတတ်နိုင်ဆုံး လျော့နည်းစေရေးနှင့် သစ်တောပြုန်းတီး မှုများကို ကဏ္ဍအလိုက်ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုအပ်ပြီးမီးလောင်မှုများ လျော့နည်းကျဆင်းစေရန် အသိပညာပေးရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်လူတိုင်းသတိ ဝီရိယနှင့် ဝါယမစိုက်ထုတ်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။