ရန်ကုန် ၃ ဖေဖော်ဝါရီ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၈ နာရီခွဲက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ-ခတ္တူ-ပန်းတောကြီးလမ်းပေါ်ရှိ ငဝန်တံတား (လေးမျက်နှာ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးလှမော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာ-ခတ္တူ-ပန်းတောလမ်းပေါ်တွင်ရှိသည့် ငဝန်တံတား(လေးမျက်နှာ)ကို ဖွင့်လှစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွက် ကျက်သရေ မင်္ဂလာအပါင်းနှင့် ပြည့်စုံသည့် နေ့ရက်ဖြစ်ပါကြောင်း။ ယင်းတံတားကို ဖွင့်လှစ်နိုင်ခဲ့၍ ဒေသခံများနှင့်ထပ်တူ ဝမ်းသာကြည်နူးရပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေးစသည့် အခြေခံအဆောက်အဦပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်းက ရေးဆွဲထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan 2018-2030)တွင်လည်း သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုသည့် မဏ္ဍိုင်အောက်တွင်ရှိသည့် ပန်းတိုင်(၃)ပါ မဟာဗျူ ဟာများထဲတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ပံ့ပိုးပေးမည့် ဦးစားပေးအခြေခံအဆောက်အအုံများ တည်ဆောက်ရေး မဟာဗျူဟာ တစ်ရပ်အနေနှင့် ထည့်သွင်းရည်မှန်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ အခြေခံအဆောက်အအုံများအပါအဝင် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက် လျက်ရှိရာ အစိုးရသက်တမ်း (၃)နှစ် နီးပါးကာလအတွင်း ပြည်ထောင်စုကြီး အတွင်းတွင် ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ အဓိက စပါးကျီကြီးဖြစ်ပါကြောင်း၊ မြစ်/ချောင်းများ ပေါများသည့်အတွက် စိုက်ပျိုးရေး ကောင်းမွန်သကဲ့သို့ ရေထွက်သယံဇာတများလည်း ပေါကြွယ်ဝလှကြောင်း၊ ထို့အပြင် ပြည်တွင်း/ပြည်ပ ခရီးသွားများကိုဆွဲဆောင်နိုင်သည့် သဘာဝအလှအပများ မပျက်စီး သေးသည့် ပင်လယ်ကမ်းခြေများရှိသကဲ့သို့ ကမ်းလွန်ပင်လယ်ပြင်တွင်လည်း သဘာဝ ဓာတ်ငွေ့ကဲ့သို့ သဘာဝသယံဇာတများ ရှိကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းပေါများသည့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ ယခင်က ခရီးသွားလာရေးတွင် ရေလမ်းကြောင်းကိုပင် အဓိက အားပြုခဲ့ကြရကြောင်း၊ ရေလမ်းခရီးသည် အားလုံးသိကြသည့်အတိုင်း ပို့ဆောင်ရေးစနစ်များထဲတွင် ကုန်ကျ စရိတ် အသက်သာဆုံးဖြစ်သော်လည်း အချိန့်ကြန့်ကြာခြင်း၊ ဆိပ်ကမ်းနှင့် သွားလိုသည့် နေရာ အကွာအဝေး စသည့် ကန့်သတ်ချက်များရှိကြောင်း၊ အစိုးရအဆက်ဆက် ကုန်းလမ်း ဆက်သွယ်ရေးကွန်ရက်ကို ချဲ့ထွင်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် အတွက် ယခုဆိုလျှင် ဧရာဝတီတိုင်းဒေသကြီးအတွင်းနှင့် အခြားပြည်နယ်တိုင်းများကို ရေလမ်းခရီးနှင့်သာမက ကုန်းလမ်းခရီးနှင့်ပါ အချိန်တိုအတွင်း ဆက်သွယ်သွားလာ နိုင်ကြပြီ ဖြစ်ကြောင်း။
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့နှင့် ရန်ကုန်မြို့ကိုလည်း ခရီးသည် တင်လေကြောင်းလိုင်း ဖွင့်လှစ်ထားပြီဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ပိုမို အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီဖြစ်ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် လမ်းမိုင်ပေါင်း ၁၈၆၂ မိုင် ဖောက်လုပ်ထားပြီး ပေ ၁၈၀ နှင့်အထက် တံတားကြီး ၉၈ စင်း တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် အရှည် ၁၉၆၈ ပေရှိသည့် ငဝန်တံတား(လေးမျက်နှာ)နှင့်ပါ ဆိုလျှင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ပေ ၁၈၀ နှင့်အထက် တံတား ၉၉ စင်းရှိပြီ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကြံ့ခိုင်မှုအားနည်းနေသည့် ကြိုးတံတားများ ဖြစ်သည့် ဝါးခယ်မတံတား၊ လပွတ္တာ(ပင်လယ်လေး)တံတား၊ ရွှေလောင်းတံတား၊ ကျွန်းကုန်းတံတားများကို ပြန်လည် အားဖြည့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြောင်းမြတံတားအသစ်ကြီးလည်း မကြာမီ ပြီးစီးနိုင်မည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တံတားကြီးများ ပြီးစီးသွား၍ ဧရာဝတီတိုင်းဒေသကြီး အတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် သွားလမ်း လာလမ်းများသာပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည်ဖြင့် ကဏ္ဍစုံအတွက် လူမှုဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။
ပြည်ထောင်စုအစိုးရအနေဖြင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့်မရှိစေဘဲ အကျိုးအရှိဆုံးသုံးစွဲ နိုင်ရေးအတွက် စီမံကိန်းများသည် ဒေသအကျိုး၊ နိုင်ငံအကျိုးကိုထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည့် စီမံကိန်းများဖြစ်အောင်၊ ကုန်ရကျိုးနပ်သည့် ရင်းနှီးမြှပ်နှံမှုများဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ စီမံကိန်းလုပ်ငန်းများအတွက် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် အလေအလွင့်မရှိရန်အတွက် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အခြေခံအဆောက်အဦများ ရေရှည်တည်တံ့ နိုင်အောင် ပြည်သူများဘက်ကလည်း ကြည့်ရှုစောင့်ရှောက်ပေးကြရန်၊ ကြပ်မတ်ထိန်း သိမ်းပေးကြရန်၊ အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ကြ ရာတွင်လည်း အရည်အသွေးစိစစ်ထိန်းသိမ်းရေး(Quality Control)ကို မဖြစ်မနေဆောင် ရွက်ကြရန် နိုင်ငံတော်သမ္မတကြီးကလည်း တိုက်တွန်းမှာကြားထားပြီး ဖြစ်ကြောင်း။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင် အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီတရားနည်း လမ်းတကျ မျှမျှတတအုပ်ချုပ်ရန်၊ ပြည်သူများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာ အကွယ်ပေးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ နိုင်ငံသူနိုင်ငံသားများအပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်စေ သည့်၊ ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရားမဖြစ်စေရန် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်ကို ဝန်ထမ်းအဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် တိတိကျကျလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်သည့်နေရာတွင် "ပြောင်းလဲချိန်တန်ပြီ"၊ "ပြည်သူနဲ့အတူ" ၊ "စုပေါင်းအင်အား" ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်သည့် နေရာတွင် ပြည်သူလူထု၏ အပြည့်အဝပူးပေါင်း ပါဝင်ဆောင်ရွက်မှုရှိမှသာ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်နိုင်မည်ဖြစ်၍ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများမှ ဆက်လက် ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်ကြီးအဘက်ဘက်က တိုးတက်ဖွံ့ဖြိုးစေရန် ပြည်သူ့ ဘဏ္ဍာများ အများအပြားအကုန်အကျခံပြီး ရင်းနှီးမြှုပ်နှံထားသည့် လမ်း၊ တံတားများ အပါအဝင် အခြေခံအဆောက်အအုံများ အရည်အသွေးပြည့်မီရန် သက်ဆိုင်ရာတာဝန်ရှိ သူများက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်သွားရန်ပြောကြားလိုပါကြောင်း၊ အခြခံ အဆောက်အဦများ ရေရှည်တည်တံ့အောင် ဒေသခံပြည်သူများကလည်း ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် ငြိမ်းချမ်းသာယာ ဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တက်ညီလက်ညီ တည်ဆောက်သွားရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က တံတားတည်ဆောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒေသဖွံ့ဖြိုး ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံ ပြည်သူတစ်ဦးက ငဝန်တံတား(လေးမျက်နှာ) တည်ဆောက် ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကျောင်းသားကျောင်းသူများ၏ ဝါးညှပ် အက၊ ပန်းပွားအက ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၊ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တာဝန်ရှိ သူများက ငဝန်တံတား (လေးမျက်နှာ)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ငဝန်တံတား(လေးမျက်နှာ) ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတနှင့် တက်ရောက်လာသူများက ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ငဝန် တံတား (လေးမျက်နှာ)ပေါ်သို့ ဖြတ်သန်း ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတ သည် ငဝန်တံတား(လေးမျက်နှာ) စီမံကိန်းရှင်းလင်း ဆောင်သို့ သွားရောက်ပြီး တံတားဦးစီးဌာန ဒုတိ ယညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီ တိုင်းဒေသကြီးအတွင်း တည်ဆောက် ပြီးတံတား၊တည်ဆောက်ဆဲတံတားနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် မည့် တံတားများနှင့် လမ်းကွန်ယက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ငဝန်တံတား(လေးမျက်နှာ)သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ - ခတ္တူ - ပန်းတောကြီးလမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်းတံတား အရှည် ၁၉၆၈ ဒသမ ၆ ပေရှိသည်။ တံတားကို အောက်ခံအုတ်မြစ် ၁ ဒသမ ၂ မီတာØ Bored Pile ၊ ကိုယ်ထည်RC Concrete ၊ အပေါ်ထည် ပင်မတံတားSteel Box Girder နှင့် RC Slab တို့ဖြင့် တည်ဆောက်ထားပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေ ၊ လူသွားလမ်း တစ်ဖက်လျှင် သုံးပေ ခြောက်လက်မစီပါရှိ၍ တံတားအောက် ရေလမ်းကင်းလွတ် အကျယ် ၁၇၃ ပေ၊ အမြင့်ပေ၂ဝ ရှိကာ ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ ၇၅ တန်ဖြစ်သည်။
အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူး အဖွဲ့ (၁၆) မှ ၂၀၁၆ ခုနှစ်၊နိုဝင်ဘာ(၁၈) ရက်က စတင်တည်ဆောက်ခဲ့ပြီး တံတား တည်ဆောက်ခြင်းဖြင့် ခတ္တူ - ပန်းတောကြီး လမ်းတစ်လျှောက်နှင့် လေးမျက်နှာမြို့ အနောက်ဘက်ခြမ်းဒေသရှိ ဒေသခံပြည်သူများအနေဖြင့် မြို့နယ်အသီးသီးသို့ တံတား ကြီးကို အသုံးပြုဖြတ်သန်း၍ ပညာရေး၊ကျန်းမာရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုတို့ ကို ဆောင်ရွက်နိုတော့မည်ဖြစ်ပြီး လေးမျက်နှာမြို့ အရှေ့ဘက်ခြမ်းရှိ ဒေသခံပြည်သူများ သည်လည်း ငဝန်မြစ်အနောက်ဘက်ခြမ်းသို့ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်သည်။
မွန်းလွှဲပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာဝတီဟင်္သာတတာ တာမိုင် ၂၂/၄-၂၄/ဝ အတွင်း သဲကုန်း-ညောင်အိုင် ကမ်းပြိုကမ်းစားမှုအခြေအနေနှင့် ပန်းတာသစ်တည်ဆောက်မည့် နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့အား ရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွန်ကြား ရေးမှူးဦးကြည်ဆွေက ကမ်းပြိုကမ်းစားဖြစ်ပေါ်မူကြောင့် မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်၍ ကာကွယ်ခဲ့ရမှုအခြေအနေ၊ မြစ်ကမ်းပြိုမှုကြောင့် မူလ ကမ်းရင်းတာများ ကမ်းပြိုမှုတွင် ပါသွားခဲ့ပြီး တာသစ်ဆောက်၍ ကာကွယ်ခဲ့ရမှု အခြေအနေ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ဇလွန်မြို့နယ် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြာင်းတာတမံအနီး ကမ်းထိန်း လုပ်ငန်း ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြောင်းစိုက်ခင်းများတွင် ဖောငမြောင်တောင်ပိုး ကျရောက်မှုကြောင့် အပင်များပျက်စီးခဲ့ရပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းကာ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယသမ္မတက ဧရာဝတီဟင်္သာတတာ မြစ်ကမ်း တစ်နှစ်အတွင်း ကမ်းစားနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား မြန်ဆန် လာပါကြောင်း၊ ကမ်းပြိုကမ်းစားမှုအခြေအနေအား ထိန်းသိမ်းနိုင်ရန် မြစ်ကမ်းထိန်းသိမ်း ခြင်းလုပ်ငန်းအား ဆောင်ရွက်နေသကဲ့သို့ ရေနက်စီးကြောင်း နေရာများကို ဖြစ်ပေါ် စေသော မြစ်အတွင်းမှ တရားမဝင် ကျောက်စရစ်ခဲထုတ်လုပ်မှုမရှိစေရေး တိုင်းဒေသကြီး အစိုးရမှ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် နှင့် (သဲကုန်း-ညောင်အိုင်) ပန်းတာသစ်အား မိုးရာသီမတိုင်မီ ပွင့်လင်းရာသီအတွင်း တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက် သွားရန် ပြောကြားသည်။
(သတင်းစဉ်)