ယုဇနစံ

ပျားကောင်များသည် လူသားများအတွက် အစားအစာထုတ်လုပ်ပေးနိုင်သည့် တစ်မျိုးတည်းသော အင်းဆက် ဖြစ်ပါသည်။ ၎င်းတို့သည် ပန်းပေါင်းတစ်ထောင်မှ ဝတ်ရည်များကို စုပ်ယူ၍ပျားလပို့တွင် စုဆောင်းသိုလှောင်ထားသောကြောင့် ပျားရည်၏ အကျိုးအာနိသင်မှာ စုံလင်လှပါသည်။

ပျားရည်၏ တန်ဖိုး

ရှေးနှစ်ပေါင်း ၁၀၀၀၀၀ ခန့် ကတည်းက ကျောက်ခေတ်လူသားတစ်ဦး ပျားအုံမှ ပျားရည်ကို အာသာ ငမ်းငမ်း စားသောက်နေပုံအား စပိန်နိုင်ငံရှိ ကျောက်ဂူနံရံပေါ်တွင် ရေးထွင်းထားသည့် ကျောက်ထွင်းပန်းချီကား ရှိခဲ့ခြင်း၊ ရှေးအီဂျစ်လူမျိုးများ ကုန်စည်လဲလှယ်ရာတွင် ပျားရည်အား ငွေပေးချေမှုစံအဖြစ် သတ်မှတ်ခဲ့ခြင်းနှင့် ပိရမစ်များ ပြုလုပ်ရာတွင် ပျားရည်ကို အသုံးပြုကြသည်ဟု ဘူမိဗေဒပညာရှင်များက ယူဆလျက်ရှိကြခြင်းစသည်တို့ကြောင့် ပျားရည်၏ တန်ဖိုးအား ယင်းအချိန်ကာလကပင် လူသားတို့သိရှိပြီးဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ 

ပျားကောင်များသည် ပန်းပွင့်တစ်ပွင့်မှ တစ်ပွင့်သို့ ကူးလူး၍ ဝတ်မှုန်ချပေးလျက်ရှိရာ ကမ္ဘာပေါ်တွင် ပျားကောင်များ မရှိပါက ပန်းမျိုးတစ်ထောင်ခန့် ပျောက်ကွယ်ပျက်သုဉ်းနိုင်ပြီး ယင်း၏ အကျိုးဆက်ကြောင့် ပန်းဝတ်ရည်များလည်း မရှိနိုင်တော့သဖြင့် အပင်မျိုးစေ့များလည်း ပျောက်ကွယ်သွားနိုင်ပါသည်။ အပင်မျိုးစေ့များ ပျောက်ကွယ်လာပါက ရာသီဥတုများ ဖောက်ပြန်ပြီး လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်အထိ ပျားကောင်များ၏ တန်ဖိုးသည် လူသားတို့အပေါ်သက်ရောက်မှုကြီးမားလှပါသည်။

မြန်မာနိုင်ငံတွင် ပျားရည်အမျိုး အစားများစွာ ရှိသည့်အနက် နှမ်းပင်၊ ဆီးပင်နှင့် နေကြာပင်တို့မှ ထွက်ရှိသော ပျားရည်သည် ဈေးကွက်ဝင်ပျားရည်များဖြစ်ပြီး ၎င်းတို့အနက်မှ ထက်ဝက်ခန့်မှာ ဆီးပင်မှရသော ပျားရည်များ ဖြစ်ပါသည်။ ပျားမွေးမြူရေးလုပ်ငန်းများကို ၁၉၇၉ ခုနှစ်တွင် စီးပွားဖြစ် စတင်လုပ်ကိုင်ခဲ့ကြရာမှ ယခုအခါ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်နယ်တို့တွင် မွေးမြူရေးလုပ်ငန်းများကို အများဆုံး လုပ်ကိုင်လျက်ရှိပါသည်။ ၁၉၈၅ ခုနှစ်မှစတင်၍ ပြည်ပသို့ ပျားရည်များ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှအပ တစ်နှစ်လျှင် ယေဘုယျ တန်ချိန် ၃၀၀၀ နီးပါး တင်ပို့ရောင်းချ နိုင်ခဲ့ပါသည်။ 

မြန်မာ့ပျားရည်သည် တစ်ကီလို ဂရမ်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဒေါ်လာခန့်ဖြင့် ကမ္ဘာ့ပျားရည် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ပေါ် လျက်ရှိသည်။ ၂၀၁၈ ခုနှစ်အတွက် ပျားရည်တင်ပို့မှု စုစုပေါင်းတွင် ထိုင်း နိုင်ငံသို့ ၃၁ ဒသမ ၃ ရာခိုင်နှုန်း၊ တရုတ် နိုင်ငံသို့ ၂၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဂျပန် နိုင်ငံသို့ ၂၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံသို့ ၁၁ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးတင်ပို့နိုင်ခဲ့ရာ အဆိုပါနိုင်ငံများသို့ တင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ၉၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း ရရှိခဲ့သဖြင့် နိုင်ငံ့အတွက် နိုင်ငံခြားငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်ခဲ့သည်။ 

ကိုယ်ပိုင်ဂုဏ်ရည်ရှိသော ပို့ကုန်အမယ်

လေ့လာသုတေသနပြုထားသော စာတမ်းများတွင် ပျားရည်သည် အနောက်တိုင်းဆေးပညာအရ ဖြစ်စေ၊ တိုင်းရင်းဆေးပညာအရဖြစ်စေ ကျန်းမာရေး အထောက်အကူပြု အသက်စောင့် အရည်အဖြစ်သာမက အလှအပရေးရာ များအတွက်ပါ အသုံးဝင်ခြင်း၊ ကျောက်ခေတ်မှ ယနေ့ခေတ်တိုင်လူသားတို့၏ ကာယဉာဏ အစွမ်းဖြင့်ဖြစ်စေ၊ ဥစ္စာဓန စွမ်းအားဖြင့်ဖြစ်စေ၊ နည်းပညာအစွမ်း ဖြင့် ဖြစ်စေ ပျားရည်အစားထိုး အားဖြည့် အစားအစာ ဖန်တီးထုတ်လုပ်နိုင်မှု မရှိ ခြင်း၊ ပျားရည်သောက်သုံးမှု မြင့်မား သော်လည်း ကြိုက်နှစ်သက်သည့်ပုံစံ ထူးခြားစွာ ပြောင်းလဲလာမှုမရှိသောကြောင့် ပျားရည်ထုတ်လုပ်ရောင်းချ မှုနည်းလမ်း အစဉ်ပြောင်းလဲနေရန် မလိုအပ်သဖြင့် ပျားရည်ထုတ်လုပ်ခြင်း လုပ်ငန်းသည် အခြားသောစီးပွားလုပ်ငန်းများထက် ရိုးရှင်း၍ ကုန်ကျစရိတ်နည်းခြင်းတို့ကို ဖော်ပြထားပါသည်။ 

ထို့ပြင် ပျားရည်ကို လုံခြုံစွာ ဖုံးအုပ်၍ သိမ်းဆည်းထားသိုမှု စနစ်ကျပါက ရာစုနှစ်ကြာသည်အထိ ၎င်း၏ မူရင်းဓာတ်သဘာဝများ မပျက်စီးဘဲ ကျန်ရှိသည်ဟု US Department of Agriculture လက်အောက်ရှိ National Honey Board မှ ကြေညာထားသဖြင့် နှစ်ကာလကြာရှည်စွာ ရောင်းချနိုင်ခြင်း၊ ရာသီစာအဖြစ် သောက်သုံးသည့် အရည် မဟုတ်သဖြင့် တစ်နှစ်ပတ်လုံး တင်ပို့နိုင် ခြင်းစသည့် တစ်မူထူးခြားသည့် ကိုယ်ပိုင် အရည်အသွေးကောင်းများ ပိုင်ဆိုင်ထားကြောင်း ထောက်ခံမှုများ ပြုထားကြပါ သည်။ ထို့ကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် အကျိုးအမြတ်များနိုင်သော ပို့ကုန်အမယ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။ 

EU trade help desk မှ ညွှန်းဆိုချက်

EU trade help desk သည် အီးယူနိုင်ငံများတွင် ဈေးကွက်အခွင့်အလမ်းရှိသော ကုန်စည်များနှင့် ၎င်းတို့သတ်မှတ်ထားသော တင်သွင်းတင်ပို့ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်း သတ်မှတ်ချက်များကို ကုန်စည်တင်ပို့လိုကြသောနိုင်ငံများ အလွယ်တကူသိရှိ ဆောင်ရွက်နိုင်ကြစေရန် အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက်ရှိပါသည်။ အီးယူနိုင်ငံများသည် ချမ်းသာကြွယ်ဝသည့် နိုင်ငံများဖြစ်ပြီး ပျားရည်စားသုံးမှု မြင့်မားလျက်ရှိရာ ၎င်းတို့နိုင်ငံအတွင်းသို့ တင်သွင်းလာသော ပျားရည်များ၏ အရည်အသွေးကို အစဉ်အကဲဖြတ်၍ ဆက်လက်တင်သွင်းခြင်းကို လက်ခံရန် သင့်မသင့်၊ ၎င်းတို့လိုအပ်သော အရည်အသွေးနှင့်ဈေးနှုန်းကို မည်သည့်နိုင်ငံမှ ရရှိနိုင်မည့်အခြေအနေတို့ကို သိရှိစေရေး စောင့်ကြည့်အကဲဖြတ်လျက်ရှိပါသည်။

EU trade help desk မှ ထုတ်ပြန် ထားသော မြန်မာ့ပျားရည်၏ အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    အမျိုးအစား စုံလင်လှပြီး အရည်အသွေးကောင်းသော ပန်းဝတ်ရည်များကို စုပ်ယူထားသော ပျားကောင်များမှ တစ်နှစ်ပတ်လုံး ပျားရည်ထုတ်လုပ်နိုင်သည့်အပြင် ထုတ်လုပ်ထားသည့် ပျားရည်များ အမျိုးအစားစုံလင်ခြင်း၊ 

(ခ)    ပျားရည်ထုတ်လုပ်ရာတွင် မိရိုးဖလာ အစဉ်အလာအတိုင်း ကျေးလက်ဒေသများတွင် ထုတ်ယူခြင်း၊

(ဂ)    ပျားကောင်များ ရောဂါဖြစ်ပွား မှုနည်းပါးသဖြင့် ပျားရည်ရရှိရေးအတွက် မည်သည့် ပဋိဇီဝ ဆေးဝါးမှ တိုက်ကျွေးရန် မလိုအပ်ခြင်း၊ 

(ဃ)    တစ်နိုင်တစ်ပိုင် ထုတ်လုပ်ကြသည့်အတွက် ပျားများတွင် ဖြစ်ပွားလေ့ရှိသည့် varro mites ရောဂါ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုမရှိသဖြင့် ယင်း ရောဂါ ဖြစ်ပွားဖူးသော ပျားကောင်များမှ ပျားရည် ထုတ်လုပ်ထားမှု မရှိခြင်း၊ 

(င)    တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ထုတ်လုပ်သော ပျားရည်များသည် ဓာတ်မြေသြဇာနှင့် ဓာတုဆေးဝါးများ ကျွေး၍ ထုတ်လုပ်သောကြောင့် သကြားဓာတ် ပါဝင်မှုနှင့် ဓာတုဓာတ်ကြွင်း ပါဝင် မှုများပြားသော်လည်း မြန်မာ့ပျားရည်များတွင် သကြားဓာတ်နှင့် ဓာတုဓာတ်ပါဝင်မှုနည်းသဖြင့် အရည်အသွေးပိုင်းတွင် ပိုမိုကောင်းမွန်ခြင်း၊ 

(စ)     နောင်ကာလများတွင် သြစတြေးလျ၊ ယူကရိန်းတို့မှ ထုတ်လုပ်သော ပျားရည်များနှင့် ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးမြင့် ပျားရည်အဖြစ် ရပ်တည်လာနိုင်ဖွယ်ရှိသည့်အပြင် အခြားနိုင်ငံထုတ် ပျား ရည်ထက် ဈေးနှုန်းအားဖြင့်လည်း ချိုသာမှုရှိခြင်း။ 

အီးယူဈေးကွက်သို့ ပျားရည်တင်ပို့ရန် သတ်မှတ်ချက်များ

ကုန်စည်အမယ် တစ်ခုချင်းအလိုက် တင်ပို့သည့်နိုင်ငံမှ သတ်မှတ်ထားသော စည်းကမ်းချက်များအားလုံး လိုက်နာ နိုင်ရေး မိမိတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း၍ တင်ပို့ကြရပါသည်။ အီးယူ မှ ပျားရည်တင်ပို့ရန် သတ်မှတ်ထားချက်များမှာ - 

(က)    ပျားရည် တင်သွင်းမှုအား အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ တညီတညွတ်တည်း ခွင့်ပြုချက်ရရှိရန် လိုအပ်ခြင်း၊

(ခ)     တင်ပို့သည့် ပျားရည်များသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း အတည်ပြုခွင့်ပြုပေး ပိုင်ခွင့်ရှိသူ၏ ထောက်ခံချက် ရရှိထားရန် လိုအပ်ခြင်း၊ 

(ဂ)    ဓာတ်မြေသြဇာ၊ ပဋိဇီဝဆေးဝါးနှင့် အခြားသော ဓာတုပစ္စည်းများ ပါဝင်မှု မရှိစေရေး သတ်မှတ်ချက် အား လိုက်နာရန်လိုအပ်ခြင်း၊ 

(ဃ)     ပျားမွေးမြူသည့် အဆင့်မှ ထုတ်လုပ်တင်ပို့ရောင်းချ၍ စားသုံးသူလက်ဝယ်သို့ရောက် ရှိသည့်အဆင့်အထိတန်ဖိုး ကွင်းဆက်တစ်လျှောက်လုံး (supply chain) အား နောက်ကြောင်းပြန် ဆန်းစစ်အကဲ ဖြတ်ခံနိုင်သည့် အရည်အသွေး ပိုင်ဆိုင်ထားရန် လိုအပ်ခြင်း၊

(င)    သကြားပါဝင်မှု မရှိသော သဘာဝပျားရည်စစ်စစ်ဖြစ်ရန်လိုအပ်ခြင်း၊ 

(စ)    ပျားရည်တွင် ရေဓာတ်ပါဝင်မှု ၁၉ ရာခိုင်နှုန်းနှင့် (hydroxy-methylfurfural (HMF) ပါဝင် မှု ၄၀ မီလီဂရမ် သို့မဟုတ် ယင်းပမာဏထက်နည်းရန် လိုအပ်ခြင်းတို့ ဖြစ်ပါသည်။ 

အီးယူ၏ ပျားရည်ဝယ်ယူနေရသည့် အခြေအနေနှင့် မြန်မာ့ပျားရည် အခွင့်အလမ်း
နိုင်ငံပေါင်း ၂၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အီးယူသည် ပျားရည်လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်သည်ဖြစ်ရာ ၎င်းတို့၏ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေး ဈေးနှုန်းသက်သာသော တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူနေပါသည်။ သို့သော် တရုတ်မှ ပျားရည်များတွင် သကာရည်ကဲ့သို့ အရောအနှောများ ပါဝင်ခဲ့သောကြောင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တင်သွင်းခွင့် ရပ်ဆိုင်းခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အစားအစာဘေးကင်းလုံခြုံမှုကို ပိုမို အလေးထားလာပါသည်။ ယူကရိန်းနိုင်ငံမှ ပျားရည်များ ဒုတိယအများဆုံး ဝယ်ယူနေသော်လည်း ယူကရိန်းပျားရည်တွင် ပိုးသတ်ဆေးနှင့် ပဋိဇီဝဆေးဓာတ်ကြွင်းများ ပါရှိတတ်သည့်အပြင် ၎င်းပျားရည်ကို ပိုးသတ်၍ မီးအပူပေးပြီးသည့်တိုင် မူလဓာတ်သဘာဝသည် ပျစ်ခဲလွယ်သဖြင့် ပျားရည်အရည်ကျဲ ကြိုက်နှစ်သက်သော အီးယူစားသုံးသူများ၏ အကြိုက်ကို အပြည့်အဝ ဖြည့်ဆည်းပေး နိုင်ခြင်းမရှိပါ။
International Trade Center သည် မြန်မာ့ပျားရည်၏ အရည်အသွေးကို ဖော်ထုတ်၍ အရှေ့တောင်အာရှ၊ အီးယူနှင့် ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခွင့်ရရှိရန်အတွက် The EU-funded ARISE Plus Myanmar စီမံကိန်းကို ရေးဆွဲ၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍရှိ ပျားမွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် ပျားမွေးမြူမှု နည်းစနစ်ကောင်းများကို ၂၀၁၆ ခုနှစ်မှ စတင်ကျင့်သုံးခြင်း၊ သုတေသနစာတမ်းများ ပြုစုခြင်း နှင့် အရည်အသွေးစစ်ဆေးမှု လုပ်ငန်းများကို ရေးဆွဲတင်ပြခြင်းတို့ကို သက်ဆိုင်ရာဌာန အသင်းအဖွဲ့များမှ ဆောင် ရွက်ခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ် မတ်လတွင် စိုက်ပျိုးရေးဦးစီးဌာနသည် National Residue Monitoring Plan ကို အီးယူ ကော်မရှင်သို့ တင်ပြခဲ့ရာ ၎င်းတို့၏ လမ်းညွှန်ချက်အရ Sampling and Testing Result Report ကို ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်မတိုင်မီ တင်ပြနိုင်ခဲ့ ပါသည်။ အီးယူကော်မရှင်သည် Stan-ding Committee on Plants, Animals, Food and Feed ၏ အကြံပြုထားချက် များနှင့် ညီညွတ်သောကြောင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အစားအစာ ဘေးကင်းလုံခြုံစိတ်ချရမှု စံသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း ထောက်ခံပေးခဲ့ပြီး ပျားရည်တင်ပို့ခွင့် ရှိသည့်နိုင်ငံများ စာရင်းထုတ်ပြန်ရာ တွင် စုစုပေါင်း ၅၂ နိုင်ငံပါဝင်ခဲ့ရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ခဲ့ပါ သည်။ အီးယူသို့ ပျားရည်စတင်တင်ပို့ခွင့်ရရှိခြင်းသည် လူဦးရေ သန်း ၄၅၀ ရှိသော၊ ကမ္ဘာပေါ်တွင် ပျားရည်စားသုံးမှု ဒုတိယနေရာတွင် ရပ်တည်နေသော ဈေးကွက်ကြီးမားလှသည့် ဝယ်လိုအားကို မြန်မာနိုင်ငံမှ အသုံးချနိုင်ရန် အခွင့်အရေးရရှိခြင်း ဖြစ်သည်။


ထို့အပြင် အီးယူသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများသို့ Everything but Arms ဟုခေါ်သည့် လက်နက်မှအပ ကျန်ကုန်စည်အားလုံးအပေါ် ကုန်သွယ် မှုဆိုင်ရာ အထူးအခွင့်အရေးဖြစ်သော ယေဘုယျ အကောက်ခွန် သက်သာခွင့် (Generalized System Preferences-GSP) ဖြစ်သည့် duty free နှင့် quota free ပေးသောစနစ်ကို ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအား ပေးအပ်ထားသည်။

သို့ဖြစ်ရာ EU help desk သည် မြန်မာ့ပျားရည်၏ အရည်အသွေးနှင့် ဈေးနှုန်း အားသာချက်များကို ၎င်း၏ ဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြပေး ထားခြင်း၊ အီးယူမှစားသုံးသူများသည် ၎င်းတို့နိုင်ငံများသို့ ပျားရည်အများဆုံး တင်ပို့သော တရုတ်နှင့် ယူကရိန်းနိုင်ငံတို့၏ အရည်အသွေးပိုင်းဆိုင်ရာအား နည်းချက်များကို သိရှိလာပြီးနောက် အရည်အသွေးကောင်း ရောင်းသူအသစ် မျှော်လင့်နေသည့် ကာလဖြစ်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်၍ အီးယူကော်မရှင်သည် ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ပြည့်စုံသဖြင့် မြန်မာနိုင်ငံ၏ ပျားရည်များတင်ပို့ ရောင်းချမှုအား ခွင့်ပြုပေးထားခြင်း စသည့် အကျိုးခံစားခွင့်များ ရရှိထားပါ သည်။ ထို့ပြင် ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံမှ တင်ပို့လာသည့် ကုန်စည် များအတွက် duty free နှင့် quota free ခံစားခွင့်ရရှိသည့် ယေဘုယျအကောက် ခွန် သက်သာခွင့်စသည့် အခွင့်အလမ်း များ ရရှိထားပြီးဖြစ်ရာ အဆိုပါ အားသာ ချက်များကို အပြည့်အဝ အသုံးချနိုင်မည် ဆိုပါက မြန်မာနိုင်ငံမှ ပျားရည် တင်ပို့သူ များ အီးယူဈေးကွက်တွင် အဆင့်အတန်း ရှိရှိ မျက်နှာပန်းပွင့်လာနိုင်ပြီး ယင်းအကျိုးကျေးဇူးများကြောင့် ကုန်သွယ်မှုများ မြင့်တက်လာနိုင်၍ နိုင်ငံခြားငွေ စီးဝင်လာမှုများ တိုးပွားလာနိုင်မည် ဖြစ်ပါသည်။