ရန်ကုန်  ၃   ဖေဖော်ဝါရီ 

 

ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲ ပိုင်းတွင်  အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ (ရုပ်ရှင်အနုပညာရပ်ဝန်း) ရုပ်ရှင်ပြခန်းမ၌ ကျင်းပရာ ကိုရီးယားရုပ်ရှင် ဒါရိုက်တာ Mr. Kim-Ki-Duk  ၏ “Spring, Summer, Autumn, Winter and Spring” ရုပ်ရှင် ဇာတ်ကားကို ပြသပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မျိုးဆက်သစ်ရုပ်ရှင် ဝါသနာရှင်နှင့် ရုပ်ရှင်ပညာသင်ကြားသူများ စိတ်ဝင်တစား ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းကို ဇာတ်ညွှန်းရေး ဆရာတစ်ဦးဖြစ်သည့် ရုပ်ရှင်သင်တန်းဆရာ ဒေါက်တာအောင်မင်းက ဦးဆောင်၍ Six Stage Plot Structure  နှင့် ပတ်သက်သော ဇာတ်ဝင်ခန်း၊ ဇာတ်ကောင်၏အခွင့် အလမ်း၊ ဇာတ်ရှိန်မြင့်လာပုံ၊ ဇာတ်ကွက်ပြောင်းလဲပုံနှင့် ဇာတ်သိမ်းပိုင်းတို့ကို ဆွေးနွေး ပြီး တက်ရောက်လာသည့် ရုပ်ရှင်ဝါသနာရှင် သင်တန်းသားများ၊ ဇာတ်လမ်းတိုရိုက်ကူး သူများ၊ ဇာတ်ညွှန်းရေးဝါသနာပါသူ လူငယ်များနှင့် ဇာတ်ကားထုတ်လုပ်များက ကဏ္ဍ အလိုက်ပါဝင်ဆွေးနွေးကြသည်။ 

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း ဆွေးနွေးပွဲကို နှစ်ပတ်လျှင်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ထပ်မံပြသဆွေးနွေးမည့် ဇာတ်ကားကို Myanmar Film Development Center Facebook စာမျက်နှာတွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့အထိ ပြသဆွေးနွေးပြီး ဇာတ်ကားများမှာ ဥရောပ၊ တရုတ်နှင့် ကိုရီးယား ရုပ်ရှင်ဇာတ်ကားများဖြစ်ပြီး ယခုနောက်ပိုင်းတွင် လေ့လာဆွေးနွေးမှုများ ပိုမိုအား ကောင်းလာကြောင်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဦးငြိမ်းကိုကိုက ပြောသည်။ 

 

''ကျွန်တော်က ရုပ်ရှင်အယူအဆနဲ့ ဇာတ်လမ်းတိုတွေ ဘယ်လိုရှုထောင့်ကနေ ဘယ်လိုရိုက်ကူးသလဲဆိုတာ သိရအောင် လာရောက်ဆွေးနွေးတာပါ၊ ဒါနဲ့ဆို နှစ်ကြိမ် လာကြည့်တာပါ၊ ရုပ်/သံသတင်းတွေ ရိုက်ကူးတဲ့အခါမှာ အသုံးဝင်လို့ပါ'' ဟု  DVB သတင်းဌာနမှ ရုပ်သံသတင်းထောက် ကိုစိုးမိုးအောင်က ပြောသည်။ 

 

 သန့်ဇင်ဝင်း