ကိုချိုစံ

 

ဖေဖေ ဦးကျင်ဝင်းက စစ်ကိုင်းတိုင်းဒေသကြီးထဲမှ မင်းကင်းမြို့သား။ မေမေ ဒေါ်တင်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှ ကန်ရွာဇာတိ။ ဖေဖေနှင့်မေမေတို့ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ရွာမှာ ဘယ်လိုဆုံကြ၊ ညားကြသည်မသိ။

 

ကျွန်တော့်ကိုတော့ ကလေးဝမြို့နယ် သစ်ချောက်ရွာမှာ မွေးလေသည်။ ဖေဖေက ၁၉၉၂ ခုနှစ် အသက် ၆၂ နှစ်မှာ သစ်ချောက်ရွာမှာပဲ ကွယ်လွန်သည်။ မေမေကတော့ အခု ၉၂ နှစ် ကျော်ပြီ။ ကျန်းမာရေးက ကောင်းတုန်း။

 

ဟိုးတုန်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ တစ်မြို့နယ်နှင့်တစ်မြို့နယ် ခရီးသွားလာကြတာ သိပ်မရှိ။ ဒါကြောင့် ကျွန်တော့်အသက် ၁၈ နှစ် ပြည့်ချိန်ထိ ကလေးဝမြို့နယ်ထဲမှလွဲ၍ အခြားမြို့နယ်များသို့ သိပ်မရောက်ဖူး။ လေးတန်းနှစ်မှာ မေမေ့ဇာတိ ကန်ရွာသို့ လူကြုံကောင်း၍ တစ်ခေါက်ရောက်ဖူးသည်။ ဖေဖေ့မိတ်ဆွေတွေရှိသည့် မင်းကင်းမြို့နယ်ထဲမှ တောင်တွင်းချောင်၊ ဆယ်ရွာ ချောင်ဆိုတာတွေ ရောက်ဖူးသည်။ အခုပြန်တွေးတော့ သိပ်မမှတ်မိ။ ၁၀ တန်းဖြေပြီးတော့ ခန္တီးမှ ဖေဖေ့အမျိုးတွေထံ အောင်စာရင်းစောင့်ရင်း တစ်ခေါက်ရောက်ဖူးသည်။

 

ဒါကြောင့် သင်္ကြန်ဆိုတာကိုလည်း ကလေးဝ မြို့ပေါ်မှာပဲ၊ ကလေးဝမြို့နယ်ထဲမှာ သစ်ချောက်ရွာမှာပဲ အများဆုံးတွေ့ခဲ့၊ ကြုံခဲ့၊ ပျော်ခဲ့ဖူးသည်။

 

၁၉၈၀ ပြည့်နှစ်မှာ ဗိုလ်လောင်းသင်တန်း တက်ခွင့်ရပြီးတော့ မြို့တကာစုံအောင်ရောက်ဖူးခဲ့ရပြီး မြို့စုံလူစုံ သင်္ကြန်ရင်ခုန်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြုံဖူးတော့သည်။ မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်သုံးခု (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) မှာနေခဲ့ဖူးတော့ သင်္ကြန်ပျော်ခွင့်ကြုံခဲ့ဖူး တာတွေရှိရဲ့။

 

စာတွေထဲမှာတော့ တန်ခူးလတွင် တနင်္ဂနွေ ဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ သင်္ကြန်အတာ ကူးပြောင်းသောကြောင့် “တာကူးလ” ဟုခေါ် တာတဲ့။ သင်္ကြန်မှာ “သင်္ကန္တ” ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာပြီး အနက်မှာ “ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်း” တဲ့။

 

ပူပြင်းလွန်းသော တန်ခူးလမှာ သင်္ကြန်ရေ အေးမြမြမှာ မေတ္တာရေရောယှက် ပက်လောင်းကြ၍လားမသိ၊ သာမန်ရက် သာမန်အချိန်မှာ အပူရှပ်ဖျားနာနိုင်သော်ငြား၊ အပူရှပ်ဖျားနာတတ်ကြငြား သင်္ကြန်ကာလမှာကား တစ်နေ့လုံး ရေစိုစိုရွှဲနေတာတောင် ဖျားတယ်နာတယ်ရယ်လို့ တယ်မရှိ။

 

ချစ်သူရတော့ လက်ထပ်၏။ သင်္ကြန်တွေကို နှစ်ကိုယ်တူကြုံလျှင်ပျော်၏။ သားသမီးတွေ ပွားစီးလာတော့လည်း တစ်မျိုးပျော်ရတာပါပဲ။

 

ကဗျာဆရာမို့ သင်္ကြန်ကာလကို ကဗျာရေးဖွဲ့ ဖော်ပြခံခဲ့ရတာ အမှတ်ရမိ၏။

 

ကဗျာခေါင်းစဉ်က “ သင်္ကြန်စိတ်ကူး ” တဲ့။

 

“သင်္ကြန်စိတ်ကူး”

မောင့်ဘယ်လက်ရုံး

ခင်ခေါင်းအုံးအိပ်

သင်္ကြန်စိတ်ကူး နားထောင်နော်။

လ တန်ခူးဆို

တူးပို့သံလွှမ်း

ပိတောက်ပန်းတွေ ဝေတော့မယ်။

မြန်မာ့ရိုးရာ

အတာသဘင်

ပျော်ရွှင်ယှဉ်တွဲ နွှဲကြမယ်။

ရေပက်ကြမ်းရင်

မောင့်ရင်ခွင်မှာ

ဝင်လာခိုလှုံ လုံစေ့မယ်။

ရေစိုချမ်းရင်

မောင့်ရင်ခွင်မှာ

ကြင်နာပိုက်ထွေး ‌နွေးစေ့မယ်။

ဪ . . .

မဏ္ဍပ်တွေမှာ

မြနန္ဒာကို

မောင်သီဆိုရင် ခင် က, ကွယ်။ ။

x x x x x

 

သင်္ကြန်က နှစ်တိုင်းကျ၏။ နှစ်တိုင်း သင်္ကြန်ပျော်ပွဲကျင်းပ၏။ ကိုယ်က ခရီးဝေးသွားနေရ၍သာ သင်္ကြန်ပွဲတော်နှင့် လွဲချော်ကောင်း လွဲချော်မည်။ သင်္ကြန်ပွဲတော်ကတော့ ရပ်နားတယ် ဘယ်မရှိ။

 

သို့သော် ၂၀၂၀ ပြည့်နှစ် သင်္ကြန်ပွဲတော် မကျင်းပ မနွှဲပျော်နိုင်ခဲ့ပါ။ ၂၀၂၁ ခုနှစ် သင်္ကြန်ပွဲတော် မကျင်းပ မနွှဲပျော်နိုင်ခဲ့ပါ။ ကိုဗစ်- ၁၉ ရောဂါပိုးကြောင့် လူမစုရ။ လူစု၍မရ။ လူမစုရဲကြ။ လူစုလူဝေးကို ကိုဗစ်ပိုးက သိပ်ကြိုက်တာကိုး။ တခြားပိုးတွေလို ဖျားရုံနာရုံ အသာလုပ်တာမဟုတ်။ အသက်ကိုပါ ခြွေတတ် သည့်ပိုးမို့ လူစုလူဝေး မလုပ်ရ။

 

ဒါကြောင့် သင်္ကြန်ပွဲတော်တွေလည်းနား။ ကိုဗစ်ငြိမ်သွားမှ ပြန်လုပ်ကြတာပေါ့။ ကဗျာဆရာမို့ ကိုဗစ်ကြောင့် သင်္ကြန်ပွဲတော် မနွှဲပျော်ဖြစ်တာကိုလည်း ကဗျာရေးပြီး ဝမ်းနည်း ကြေကွဲခဲ့ပါသည်။

 

ခေါင်းစဉ်က “မပျော်နိုင်တဲ့ သင်္ကြန်” တဲ့။

တကယ်ပါပဲ။ စိတ်ညစ်တယ် မပျော်ဘူး။

 

“မပျော်နိုင်တဲ့ သင်္ကြန်”

မောင့်ဘယ်လက်ရုံး

ခင်ခေါင်းအုံးအိပ်

မျက်လုံးမှိတ်ရင်း နားထောင်နော်။

သင်္ကြန်ဆိုတာ

“ကူးပြောင်းတာ”တဲ့

ကောင်းတဲ့နှစ်သစ် ဖြစ်ချင်တယ်။

သင်္ကြန်ပန်းတွေ

ပင်လုံးရွှေဖြစ်

ပွင့်နေပြီလား ပိတောက်ရယ်။

သင်္ကြန်ရေမှာ

မေတ္တာရေစွက်

ရောလို့ပက်ရင်း ပျော်ကြမယ်။

ရိုးရာအလှ

သင်္ကြန်ကတွေ

ကပြပါဦး ကြည့်ချင်တယ်။

ဪ . . .

သင်္ကြန်ပွဲတွင်

မောင်နှင့်ခင်တို့

ပျော်ချင်ပါလျက် ပွဲပျက်တယ်

ကိုဗစ်ဖျက်ပိုး ဆိုးလွန်းတယ်။ ။

x x x x x

 

ဒီနှစ်က (၂၀၂၂ ခုနှစ်) သင်္ကြန်ပွဲတော် ပျော်ကြ မှာလား။ ရင်တခုန်ခုန်၊ ရင်တထိတ်ထိတ်ဖြင့် စနည်းနာဖြစ်၏။

 

မြို့အလိုက် မဏ္ဍပ်တွေထိုးကြတာ ဖေ့ဘုတ်မှာ ပုံတွေတင်လာကြ၏။ ရုပ်မြင်သံကြားမှာ သင်္ကြန်အဆိုတွေ၊ သင်္ကြန်အကတွေ ဆိုတာကတာတွေ ဖော်ပြလာလို့ သင်္ကြန်ပုံရိပ်တွေ မြင်လာကြားလာရ၏။

 

ရုပ်မြင်သံကြားသတင်းမှာ သင်္ကြန်ကျင်းပမည့် အစည်းအဝေးတွေလုပ်တာ တရားဝင်သတင်းတွေ တင်လာကြ၏။

ဒါဆို သင်္ကြန်ပွဲတော် ကျင်းပဖြစ်မှာပဲ။

 

ကဗျာဆရာမို့ ကဗျာရေးဖြစ်ပြန်၏။ ခေါင်းစဉ် က “ပျော်သင်္ကြန်” ။        

 

ခက်တာက သင်္ကြန်ကာလမှာ သတင်းစာ၊ ဂျာနယ်တွေ ခဏရပ်နားတတ်သည်။ စာရိုက်စက်တွေကိုလည်း အနားပေးပြုပြင်၊ လူတွေလည်း (ဝန်ထမ်းတွေလည်း) အနားယူ ပျော်ရွှင်တဲ့သဘော။

 

သင်္ကြန်ကဗျာဆိုတာ သင်္ကြန်ကာလမှာ ဖတ်ရမှ အရသာရှိတာ။ ထို့ကြောင့် သင်္ကြန်ကဗျာရေးပြီးသားကို သင်္ကြန်ကာလထွက်ရှိမည့် ကြေးမုံသတင်းစာသို့ ပို့လိုက်၏။ သင်္ကြန်ရက်အတွင်း သင်္ကြန်ကဗျာလေး ပါလာကောင်းပါရဲ့။

 

သင်္ကြန်ပွဲတော် နွှဲပျော်မှာမို့ သင်္ကြန်မှာ ပျော်နိုင်ကြသော်ငြားလည်း သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်း စည်းမျဉ်းများကိုတော့ လေးစားလိုက်နာရမှာဖြစ်၏။ အခြေခံကြမ်းခင်းဈေး နှာခေါင်းစည်းတပ်တာ၊ တတ်နိုင်သမျှ တစ်ယောက် နဲ့တစ်ယောက် ခြောက်ပေခွာတာ၊ လက်ဆေးတာ စသည်ဖြင့်ကိုတော့ ကိုဗစ် အသိ၊ ကိုဗစ် သတိအဖြစ် လိုက်နာရမှာဖြစ်၏။

 

သင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေဗျာ။

နှစ်ဆန်းတစ်ရက်နေ့မှစ၍ စိတ်ညစ်စရာ အဟောင်းများကျန်ခဲ့ပြီး ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကို ခြေချ လျှောက်လှမ်းနိုင်ကြပါစေဗျာ။

 

“ပျော်သင်္ကြန်”

မောင့်ဘယ်လက်ရုံး

ခင်ခေါင်းအုံးအိပ်

သင်္ကြန်စိတ်ကူး ပြောပြမယ်။

ဒီနှစ်သင်္ကြန်

ကိုဗစ် “ စံ ” နဲ့

ပျော်ရန်စိတ်ကူး ထားပါတယ်။

သင်္ကြန်တွင်းမှာ

ခြောက်ပေခွာလျက်

ရေပက်ပျော်ပွဲ နွှဲကြမယ်။

နှာခေါင်းစည်းမှာ

ကိုယ်စီပါရင်း

သင်္ကြန်သီချင်းဆို ပျော်ကြမယ်။

ပိတောက်နံ့မွှေး

မေတ္တာအေးရေ

စိုပါစေလား ငြင်းနဲ့ကွယ်။

ဪ . . .

ကိုဗစ်စည်းပေါ်

မကျူးကျော်ဘဲ

သင်္ကြန်ပျော်ပွဲ နွှဲစို့ခင်

မောင်ပျော်ချင်တဲ့ ပွဲသဘင်။ ။

x x x x x