မြန်မာတိုင်းရင်းသားပုံပြင်များ

မင်းသက်တင်

 

ဟားစရာမို့သွားပါစရာမလို

 

“အကဘုရင်ခင်ဗျား တစ်ချီလောက် အသုံးတော်ခံပါ”

 

ပရိသတ်တို့ တောင်းဆိုမှုကြောင့် အကဘုရင် မြင်းမင်းသားဟာ ဇာတ်စင်ပေါ်တက်ပြီး သွားတဖြဲဖြဲနဲ့ ကနေတာပေါ့။ သွားတဖြဲဖြဲသာလုပ်နေရပေမယ့် မြင်းမှာသွားကတော့မရှိရှာဘူးပေါ့။ သွားမပါပေမယ့် ပရိသတ်ကတော့ ကြည့်မဝ၊ ရှုမဝဖြစ်နေကာ တဝါးဝါး  တဟား ဟားပေါ့။

 

“နောက်တစ်ကျော့- နောက်တစ် ကျော့၊ တစ်ကျော့လောက်လုပ်ပါဦး”

 

ထပ်ကာထပ်ကာ တောင်းဆိုနေကြတဲ့ ပရိသတ်ကို ဂရုစိုက်တဲ့အနေနဲ့ မြင်းက ဇာတ်စင်ပေါ်က မဆင်းရှာဘူးပေါ့။ ဒါပေမဲ့  မြင်းက  အကြံတစ်ခုရတာနဲ့ စဉ်းစားပြီး ပရိသတ်ကြီးကို စကားပြောတော့တယ်။

 

“ရွှေပွဲလာ ဂုဏ်သရေရှိ တိရစ္ဆာန်ကြီးများခင်ဗျာ၊ ကျွန်တော်ထပ်မံ အသုံးတော်ခံတဲ့အခါ အမြင်ဆန်းအောင် အပေါ်သွားကလေးများ ခေတ္တငှားကြစေလိုပါတယ်။ သွားမပါဘဲကရတာ ကြာတော့ ရိုးသွားမှာ စိုးရိမ်လို့ပါဗျာ”

 

ပြောပြောဆိုဆို မြင်းမင်းသားက ပါးစပ်ကြီးကို ဟဟပြတာပေါ့။ မြင်းမှာ အပေါ်သွားရော အောက်သွားရော ပေါင်း မှ သုံးချောင်းပဲရှိတာမို့ ပရိသတ်က ပိုပြီး သဘောကျနေတာပေါ့။

 

တဝါးဝါး တဟားဟားနဲ့ကို ဖြစ်နေလေရဲ့။

 

“ဦးဦးခြင်္သေ့ကြီး ငှားလိုက်ပါဗျာ”

 

“ဦးဦးကျားကြီး ငှားပေးလိုက်ပါလားဗျာ”၊

 

ပရိသတ်တွေထဲက အော်ပြောနေကြတယ်။ အသားစားသတ္တဝါတို့ရဲ့ ချွန်ထက်တဲ့သွားတွေဟာ အသားမစားတဲ့ မြင်းနဲ့ အံမဝင်ဘူးပေါ့ကွယ်။

 

“ကျားသွားနဲ့ ခြင်္သေ့သွားတို့နဲ့ အံမဝင်ရင် ရော့ရော့ဒီသွားကို ယူလိုက်ပါ” ဆိတ်က သူ့သွားလေးတွေ လာပေးပေမယ့် သေးနေတာကြောင့် တပ်မရဘူးပေါ့ကွယ်။

 

“ဦးနွားကြီး၊ ဦးနွားကြီးရဲ့ အပေါ်သွားကို ငှားချင်ပါတယ်ဗျာ။ ငှားနိုင်မလား လို့ပါ”

 

ပရိသတ်က ဦးနွားကြီးကို ဝိုင်းကြည့် နေကြတော့တာပေါ့။ ပရိသတ်အရှိန်နဲ့ ဦးနွားကြီးခမျာ အခက်တွေ့ရတော့တာ ပါပဲ။ ဒါကို မသိဟန်ဆောင်ကာ အပေါ်သွားတွေပေါ်အောင် ရှေ့ဆုံးမှာ ထိုင်ကြည့်ရင်း တဟားဟားရယ်မောလိုက်တာကြောင့် သွားကြီးတွေကို တဖွေးဖွေးနဲ့ မြင်နေရတာပေါ့။

 

“ခဏလေးပဲ ငှားပါ ဦးနွားကြီးရယ်။ ဒီသွားနဲ့ဆိုရင် အံကျလောက်ပါတယ်။ ခဏလေးပါပဲ။ တစ်ချီလောက် ကပြီးရင်ပြန်ပေးပါ့မယ်”

 

မြင်းမင်းသားက ကိုယ်တိုင်လှမ်း ပြောလိုက်တာကြောင့် ပရိသတ်ကလည်း သံယောင်လိုက်ကာ  ပြောကြတော့တာပေါ့။  ပရိသတ်အရှိန်ကြောင့်  ဦးနွားကြီး ခမျာမှာ “ငါ့ပစ္စည်းမဟုတ်လို့ မငှားနိုင် ပါဘူး” ဆိုတဲ့စကားကို ပြောမထွက်တော့ ဘဲ ငှားလိုက်ရတော့တယ်။

 

“ဦးနွားကြီး-ဦးနွားကြီး၊ ဦးနွားကြီးကွ ဝေးဟေးဟေး”

 

အပေါ်သွားကို  ငှားပေးလိုက်လို့ ဦးနွားကြီးကို ပရိသတ်က လက်ခုပ် ဩဘာပေးရင်း အော်ဟစ်ဂုဏ်ပြုကြတာ ပေါ့ကွယ်။

 

“အံကျခွင်ကျပဲဗျို့၊ ကျေးဇူးပါ ဦးနွားကြီးရေ”

 

မြင်းမင်းသားက သွားကိုတပ်ကြည့်ရာ အံကျနေတာမို့ ကျေးဇူးစကားဆိုလိုက်ပြီး ကကွက်တွေကို ဆက်ကပါတော့တယ်။

 

“ဟီး... ဟီး... ဟီးဟီး”

 

သွားကိုပေါ်လွင်အောင် ပါးစပ်ကိုဖြဲပြီး တဟီးဟီးအော်မြည်ကာ မြင်း မင်းသားက ကကွက်ဆန်းကို ပုံဖော်တဲ့အခါ ပရိသတ်က အကြိုက်တွေ့လွန်းလို့ လက်ခုပ်တဖြောင်းဖြောင်း၊  တဝါးဝါး တဟားဟားဖြင့် စည်ကားနေလေရဲ့။

 

မြင်းမင်းသားက မရပ်မနားကတော့ တာပေါ့။

 

အကဘုရင်ဘွဲ့ကို ပူပူနွေးနွေးရထားတဲ့ မြင်းက ကရင်း ကရင်းနဲ့ ခြေခွင်လဲကျရာ အပေါ်သွားအစုံလိုက် ထွက်ကျကာ ကျိုးသွားပါလေရော။

 

“ဟီး ဟီး ဟီး”

 

မြင်းက တဟီးဟီးအော်မြည်ကာ ဟန်မပြတ်ဆက်ကနေတာကို ဦးနွားကြီး ကကြည့်နေရင်း မြင်းမှာ သွားမရှိတော့ တာကို သတိထားမိသွားတယ်။

 

“ဟိုက်- မြင်းရဲ့ ပါးစပ်ထဲမှာ အပေါ်သွားမတွေ့တော့ဘူး။  ငါ့သွား  အဲလေ- ကိုကျွဲဆီက ငှားလာခဲ့တဲ့ အပေါ်သွား အစုံလိုက် ဘယ်များရောက်သွားပါလိမ့်”

 

ပရိသတ်တွေ ရယ်မောနေကြပေမယ့် ဦးနွားကြီးက မရယ်နိုင်မပြုံးနိုင်ဖြစ် နေရတာပေါ့ကွယ်။ “ငါသွား- ငါ့သွား ငါ့သွားရော”

 

ဦးနွားကြီးက ဇာတ်စင်ပေါ်က မြင်းကို လှမ်းမေးလိုက်ပေမယ့် မြင်းကဘာမှ ပြန်မပြောဘဲ ကမြဲ ဆက်ကနေလေရဲ့။

 

“ကိုကျွဲကို သူ့သွားအစုံပြန်မပေးနိုင်ရင် ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ၊ သွားကကော ဘယ်ရောက်သွားတာလဲ၊ ကရင်းနဲ့ ပြုတ်ကျပျက်စီးသွားပြီလား”

 

ဦးနွားကြီးက  အတွေးပေါင်းစုံနဲ့ မပျော်ရွှင်နိုင်တော့ဘဲ  ဇာတ်စင်ပေါ်ကို တက်သွားပြီး မြင်းရဲ့ပါးစပ်ကို ဖြဲကာ မေးလေရာ မြင်းက ဇာတ်စင်ထောင့်မှာ ကျိုးကျေနေတဲ့သွားတွေကို မေးငေါ့ပြလိုက်ပြီး တဟီးဟီးမြည်အောင် ပါးစပ် ကိုဖြဲကာ ဆက်ပြီးကနေလေတယ်။

 

“အကဘုရင်-အကဘုရင် အက ဘုရင်ပွဲက ကြည့်လို့ကောင်းတယ်၊ ရယ်လည်း ရယ်ရတယ်၊ ဟားလည်း ဟားရ တယ်၊ ဟားစရာမို့ သွားပါစရာမလိုပါဘူး။ ဟားစရာမို့ သွားပါစရာမလို၊ သွားပါစရာမလို”

 

ပရိသတ်က ဟစ်အော်အားပေး ပျော်ရွှင်နေကြပေမယ့် ဦးနွားကြီးက တော့ ကျိုးပဲ့နေတဲ့သွားတွေကို ကောက် ယူကာ ဇာတ်စင်ပေါ်ကနေ ဆင်းပြေး သွားပါတော့တယ်။ အချိန်ကာလက တော့  ဟိုး . . . ရှေးရှေးတုန်းဆီက ပေါ့ကွယ်။  ။