ခန့်ဇော်(ကျေးလက်)

 

နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ (Micro Enterprise-ME)၊ အသေးစားနှင့် အလတ် စားစက်မှုလုပ်ငန်း (Small and Medium Enterprise-SME) တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍဟာ နိုင်ငံ GDP ရဲ့ (၃၀~ ၅၃) ရာခိုင်နှုန်း၊ အလုပ်အကိုင်အားဖြင့် (၅၀~၉၅) ရာခိုင် နှုန်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ SME တွေကို ကျားကန်ပေးနေတာက အိမ်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းတွေဖြစ်ပါတယ်။ ME နဲ့ SME တွေ အပြန်အလှန်ချိတ်ဆက်မှီခိုနေရသလို ME တွေဟာ ကျေးလက်ဒေသ နေရာအများစုမှာ ရှိနေနိုင်ပါတယ်။ ME တွေကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (SSID) က ကြီးကြပ် ဆောင်ရွက်လျက်ရှိပါတယ်။ SSID က ကြီးကြပ်ဆောင်ရွက်နေတဲ့ ME လုပ်ငန်းတွေဟာ နိုင်ငံစီးပွား ရေး၊ အထူးသဖြင့် ကျေးလက်ထုတ်ကုန်ဖွံ့ဖြိုးရေး နဲ့ ကျေးလက်စီးပွားရေးအတွက် အရေးပါသော် လည်း အားပေးမှု အားနည်းနေတာကို တွေ့ရပါ တယ်။ ဘာကြောင့် အရေးပါသလဲ၊ ရွာတွေမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကြတယ်။ ဘာတွေထုတ်လုပ်ရောင်းချပြီး ဘာတွေဝယ်သုံးကြသလဲ ကြည့်လိုက်ရင် ထုတ်လုပ်တာက စိုက်ပျိုးတာ၊ မွေးမြူတာပဲများပြီး တန်ဖိုးမြင့်ထုတ်ကုန်အထိ မသွားနိုင်သေးပါဘူး။ လူသုံးကုန်၊ စားသောက်ကုန် အများစု ဝယ်သုံးနေကြတယ်။ တကယ်တမ်း လူသုံးကုန်၊ စားသောက်ကုန်အများစုက လုပ်လို့ ရတယ်၊ သင်ပေးလို့ရတယ်။ နည်းပညာ၊ ငွေကြေး အများကြီးမလိုအပ်ပါဘူး။ ဒါကို SSID က ဆောင်ရွက်ပေးနိုင်တယ်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (DRD)၊ သမဝါယမဦးစီးဌာန တို့နဲ့ချိတ်ဆက်ပြီး ချေးငွေအရင်းအနှီးအချို့ ရနိုင်ပါတယ်။ မရောင်းရရင်တောင် ဝယ်မသုံးရအောင်၊ ထွက်ငွေနည်းအောင် အနည်းဆုံးအဆင့်အထိ ထုတ်လုပ်နိုင်တာကို တွေ့ရပါတယ်။

 

ပြည်ထောင်စုဝန်ကြီးက အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး သင်တန်းတွေနဲ့ရပ်မနေဘဲ ထုတ်လုပ်နိုင်အောင်၊ သုံးနိုင်အောင်အထိ ချိတ်ဆက်ဆောင်ရွက် နမူနာပြဆောင်ရွက်ဖို့ ပြောဆိုနေ၊ လမ်းညွှန်နေပါတယ်။ အခုလိုအားပေးလာတဲ့အချိန်မှာ အဖွဲ့အစည်း ကိုလည်း ပြင်ဆင်တိုးချဲ့ပြီး ယခင်ပြည်နယ်/ တိုင်း ဒေသကြီးအဆင့်ရှိရာမှ အခုခရိုင်အဆင့်အထိ ရှိလာပြီမို့ ကျေးလက်ဒေသ အိမ်တွင်းစက်မှုလက်မှုလုပ်င်းတွေကို ပိုမိုအားပေးနိုင်မယ်၊ နည်းပညာသင်တန်း တွေ ပိုပေးနိုင်မယ်၊ အရင်းအနှီးချိတ်ဆက်မှုတွေ ပိုလုပ်နိုင်မယ်၊ ချေးငွေချိတ်ဆက်မှုတွေ ပိုလုပ်နိုင် မယ်ဆိုရင် ဒီကဏ္ဍရှင်သန်လာမယ်လို့ ယုံကြည်ပါတယ်။ ပြည်နယ်/ တိုင်းဒေသကြီးအားလုံးမှာ စံပြကျေးရွာစီမံကိန်းတွေ Pilot လုပ်နေပါတယ်။ အဲဒီရွာတွေမှာ ကျေးရွာရဲ့ ရှိပြီးစိုက်ပျိုးရေး၊ မွေးမြူရေး အရင်းအမြစ်တွေကို အခြေခံပြီး ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

နိုင်ငံအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုအခြေအနေ

 

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေနဲ့ ME ပိုင်းကို အဓိကထား လုပ်ကိုင်တာဖြစ်ပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းပေါင်း သိန်းကျော်ရှိနေပါတယ်။ SME မှတ်ပုံတင်ပြီး အဖွဲ့ဝင်ကတ်ထုတ်ပေးထားတဲ့ လုပ်ငန်း ၇၀၀၀၀ ကျော်နဲ့ ME အနေနဲ့ မှတ်ပုံတင်ပြီးလုပ်ငန်းပေါင်း ၁၄၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ အိမ်တွင်း စက်မှု လက်မှုလုပ်ငန်းတွေ စုပေါင်းပြီး အသေးစားမှတစ်ဆင့် အငယ်စား၊ အလတ်စား၊ အကြီးစား စသဖြင့် တဖြည်းဖြည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဥပမာ မန္တလေးက အာရှအချိုရည် လုပ်ငန်းဆိုရင် ဌာနက ဖွင့်လှစ်တဲ့ သစ်သီး ယိုစုံနှင့် ဖျော်ရည်သင်တန်းတွေကို သင်တန်းသားစေလွှတ်တက်ရောက်စေခဲ့ရာမှ အခုဆိုရင် လုပ်ငန်း ကလည်း အသေးစားကနေ အလတ်စားအဆင့်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ဒီလိုမျိုး အောင်မြင်လာတဲ့၊ အဆင့်မြှင့်တင်ဆောင်ရွက်လာနိုင်တဲ့ လုပ်ငန်းတွေအများကြီးရှိပါတယ်။ လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်း တစ်သိန်းကျော်ရှိနေပြီး လုပ်ငန်းအရေအတွက် ၁၇၀၀၀ ကျော် ကောင်းမွန် စွာ လည်ပတ်လျက်ရှိပါတယ်။

 

စက်မှုလက်မှုလုပ်ငန်းအနေနဲ့ မြင်းကောင်ရေ သုည ဒသမ ၂၅ မှ ၅ အောက်နဲ့ အလုပ်သမားအနေနဲ့ သုံးဦးမှ ကိုးဦးအထိ သတ်မှတ်ထားရှိပြီး SME လုပ်ငန်းအမျိုးအစားအနေနဲ့ ၁၃ မျိုး ခွဲခြားထားရှိပါတယ်။ မှတ်ပုံတင်ထားတဲ့ လုပ်ငန်း အများစုမှာ စားသောက်ကုန်လုပ်ငန်းတွေ ဖြစ်ပါတယ်။ ပဲခူး တိုင်းဒေသကြီးနဲ့ နေပြည်တော်မှာ ပရိဘောဂ လုပ်ငန်းတွေ အများစုရှိပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ စားသောက်ကုန် လုပ်ငန်းတွေကို အများဆုံး မှတ်ပုံတင်ထားရှိတာ တွေ့ရပါတယ်။ စားသောက်ကုန်လုပ်ငန်းကတော့ လုပ်ငန်းအမျိုးအစားအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။

 

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းအားဖြင့်  လုပ်ငန်းရှင်ဘက်က ရရှိနိုင်သည့် အခွင့်အလမ်း

 

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်မယ်ဆိုရင် မှတ်ပုံတင်ကြေးအနေနဲ့ ငွေကျပ် ၁၀၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။ စားသောက်ကုန်လုပ်ငန်းတွေအနေနဲ့ မှတ်ပုံတင်ခြင်းအားဖြင့် စူပါမားကတ်တွေမှာ တင်ရောင်းတဲ့အခါ ဌာနကဓာတ်ခွဲစိစစ် အတည်ပြုချက်ရရှိပြီး ဖြစ်တဲ့အတွက် တရားဝင်ဖြစ်စေတဲ့ အားသာချက် အခွင့်အလမ်းရှိပါတယ်။ သို့ပေမယ့် လုပ်ငန်းတစ်ခု ဆိုတာက လုံလောက်တဲ့အရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ဆိုရင် နိုင်ငံတော်ဘက်က အရင်းအနှီးနဲ့ နည်းပညာပိုင်း ပံ့ပိုးပေးနိုင်ဖို့လိုသလို ဈေးကွက်ဖော်ဆောင်ပေးနိုင်ဖို့လည်း လိုပါတယ်။ လက်ရှိမှာ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေနဲ့ အရင်းအနှီးထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းရှာဖွေ ဆောင်ရွက်ဆဲကာလဖြစ်ပြီး နည်းပညာပိုင်းအရလည်း အဆင့်မီနည်းပညာတွေ ပံ့ပိုးပေးနိုင်ဖို့ လူ့စွမ်းအား အရင်းအမြစ်တွေ မြှင့်တင်နိုင်ဖို့ ဆောင်ရွက်နေတာ တွေ့ရပါတယ်၊၊ ဒါပေမဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း စတင်လုပ်ကိုင်မယ့် သူတွေအတွက် နည်းပညာပိုင်းအရ ပံ့ပိုးပေးနိုင်မှုရှိတာကို တွေ့ရပါတယ်။ အရင်းအနှီးလိုအပ်ချက် အပိုင်းကိုတော့ အထက်မှာပြောခဲ့သလိုပဲ သမဝါယမဦးစီးဌာနရဲ့ ချေးငွေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်နေတဲ့ မြစိမ်းရောင် စီမံကိန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ဖို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကုန်စည်ပြပွဲတွေ ပြုလုပ်ပြီး လုပ်ငန်းရှင်တွေကို ကုန်ပစ္စည်းတွေ ပြသရောင်းချစေတဲ့ နည်းလမ်းမျိုးနဲ့ ဈေးကွက် ဖော်ဆောင်ပေးဖို့လည်း လိုပါတယ်။

 

လုပ်ငန်းမျိုးတူတွေကို စုစည်းပြီး အသင်းအဖွဲ့အနေနဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။ လုပ်ငန်းတူ ကိုးခုရှိရင် လုပ်ငန်းမျိုးတူစု ဖွဲ့စည်းလို့ရပါတယ်။ ယွန်းလုပ်ငန်းမှာ ဌာနကဦးဆောင်ပြီး ယွန်းလုပ်ငန်း ရှင်အသင်း ဖွဲ့စည်းထားရှိသလို ရက်ကန်းလုပ်ငန်း ရှင်များအသင်းကိုလည်း ဖွဲ့စည်းထားရှိပါတယ်။ ဌာနအနေနဲ့ ရက်ကန်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း ပြီး လက်ရက်ထည်တွေနဲ့ ယှဉ်ပြိုင်တဲ့ ဖက်ရှင်နဲ့ ဒီဇိုင်းပြိုင်ပွဲတွေ ပြုလုပ်ခဲ့သလို သင်တန်းပေးတာ၊ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေနဲ့ စာတမ်း ဖတ်ပွဲတွေ ပြုလုပ်တာမျိုးတွေ ဆောင်ရွက်ပေးသင့် ပါတယ်။ သီးခြားဘတ်ဂျက်မရှိတဲ့လုပ်ငန်းတွေကို ကုန်ကျစရိတ်သက်သာစွာ ကျွဲကူးရေပါ ဆောင် ရွက်နိုင်မယ့်နည်းလမ်းတွေကို စဉ်းစားဆောင်ရွက် ကြရမှာဖြစ်ပါတယ်။

 

သင်တန်းဖွင့်လှစ်ပို့ချပေးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း

 

သင်တန်းအနေနဲ့ ဌာနက ဖွင့်လှစ်ပေးလျက်ရှိ ရာမှာ ယွန်းပညာသင်တန်း၊ ရက်ကန်းသင်တန်းနဲ့ စားသောက်ကုန်၊ လူသုံးကုန်စက်မှုလက်မှုလုပ်ငန်း ဆိုင်ရာသင်တန်းဆိုပြီး သုံးပိုင်းရှိတာ တွေ့ရပါတယ်။

 

ရက်ကန်းသင်တန်း

 

ရက်ကန်းသင်တန်းအနေနဲ့ ၁၀ တန်းအောင်တွေအတွက် ဒီပလိုမာပေးတဲ့သင်တန်း (ပုံမှန်သင်တန်း) နဲ့ အလယ်တန်း အောင်တွေအတွက် သင်တန်း (ကာလတိုသင်တန်း) ဆိုပြီး သင်တန်းနှစ်မျိုးရှိပါတယ်။ ပုံမှန်သင်တန်းမှာ ပညာ အရည်အချင်းနဲ့ အသက်ကန့်သတ်ချက်ရှိပြီး ကျောင်းအဆောင်ပေးခြင်းနဲ့ သင်တန်းထောက်ပံ့ ကြေးပေးခြင်းတွေ ရှိပါတယ်။ ဆောင်းဒါးရက်ကန်းကျောင်းအနေနဲ့ ပုံမှန်သင်တန်းတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ သင်တန်းငါးမျိုး ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူဦးရေ စုစုပေါင်း ၃၂ ဦး တက်ရောက်နေကြောင်း သိရပါတယ်။ ဒီပလိုမာဘွဲ့ရရှိသူတွေအနေနဲ့ ရက်ကန်းသင်တန်းကျောင်းမှာ ဆရာ ဆရာမ တွေအဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်သလို ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကိုင်နိုင်တာလည်း တွေ့ရပါတယ်။ အလယ်တန်းအောင် သင်တန်းဆင်း တွေအနေနဲ့ကတော့ မိတ္ထီလာနဲ့ ရန်ကုန်မှာရှိတဲ့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံတွေမှာ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နိုင်ကြပါတယ်။ ယနေ့အချိန်အထိ စာရင်းအရ ရန်ကုန်မြို့ သမိုင်းနဲ့ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံတွေမှာ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံတွေမှာ ၃၅ ရာခိုင်နှုန်း ဝင်ရောက် လုပ်ကိုင်လျက်ရှိတာ သိရပါတယ်။

 

စက်ရက်ကန်း/ လက်ရက်ကန်းနဲ့ ကိုယ်ပိုင် လုပ်ငန်းဆောင်ရွက်သူတွေကို ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးလျက်ရှိတာ တွေ့ရပါတယ်။ အရင်နှစ်တွေကဆိုရင် British Council နဲ့ပူးပေါင်းပြီး ဒီဇိုင်းပညာ အဓိကထားကာ ဒီပလိုမာ သင်တန်းသားတွေနဲ့ ဆရာ ဆရာမတွေကို သင်ကြားပေးမှုတွေ ရှိပါတယ်။ ဒီဇိုင်းတီထွင်ထားတာတွေကို ဖက်ရှင် ပြိုင်ပွဲတွေမှာပြသတာနဲ့ ရောင်းချတာတွေ ပြုလုပ်ပါတယ်။ ဒီဇိုင်းပညာရပ်တွေကို လုပ်ငန်းရှင်တွေဆီ ပြန်လည်သင်ကြားပေးတာတွေ ဆောင်ရွက်တယ်လို့ သိရှိရပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ သဘာဝဆိုးဆေးနှင့် ဒီဇိုင်းပိုင်းတွေကို ပိုမိုဆောင်ရွက်လာနိုင်လို့ ပြည်တွင်း/ ပြည်ပဈေးကွက် ပိုမိုရရှိလာတာ တွေ့ရပါတယ်။ ဖက်ရှင်ဒီပလိုမာကို လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး တစ်နှစ်သင်တန်း သင်ရိုးညွှန်းတမ်းတွေနဲ့ ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားနေသလို သုံးလသင်တန်းဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိတာ သိရတဲ့အတွက် အားရကျေနပ်မိပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ ဆောင်းဒါးရက်ကန်း(သိပ္ပံ)အပါအဝင် ရက်ကန်သင်တန်းကျောင်းပေါင်း ၁၄ ကျောင်းရှိပြီး ဒီပလိုမာသင်တန်း ၁၅ ဦး၊ အထည် အလိပ်ကျွမ်းကျင်သင်တန်းသား ၁၁၀၊ လက်ရက် ကန်း သင်တန်း ၇၁ ဦး တက်ရောက်နေကြောင်း သိရှိရပါတယ်။

 

သုတေသနပိုင်းအနေနဲ့ နှစ်လတစ်ကြိမ် တီထွင်ဆန်းသစ်မှုတွေကိုစမ်းသပ်ပြီး သုတေသနတွေကို ရုံးချုပ်ကိုတင်ပါတယ်။ Renovation အနေနဲ့ လက်ငင်ချည်၊ ရွှေချည်ငွေချည်ထိုးတွေ၊ ဂျပ်ခုတ် ထည်တွေကိုလည်း သုတေသနပြုလုပ်ကာ ဈေးကွက်ဝင် အထည်တွေဖြစ်ဖို့ စီစဉ်ဆောင်ရွက် နေတာသိရပါတယ်။ ချည်ခိုင်အားနဲ့ ဆေးတာရှည်ခံဖို့ စမ်းသပ်ဆောင်ရွက်နေသလို ရိုးရာမပျက်အောင် တီထွင်ဆန်းသစ်မှုတွေလည်း ဆောင်ရွက်နေပါတယ်။ သင်တန်းကျောင်းဆင်း လက်ရာတွေကိုလည်း ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲတွေပြုလုပ်ပြီး ယှဉ်ပြိုင်စေသလို လုပ်ငန်းရှင်တွေကိုလည်း ယှဉ်ပြိုင်စေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း၊ သင်တန်းသူတွေအနေနဲ့ အသိအမြင် ဗဟုသုတနဲ့ လုပ်ငန်းနယ်ပယ်ကို သိရှိနိုင်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာ ဖြစ်ပါတယ်။ ချည်ခံအားတိုင်းတာတဲ့စက်နဲ့ နေရောင်ခံအားစမ်းတဲ့စက်တွေ ကျောင်းတိုင်းမှာ ရှိပြီး စမ်းသပ်မှုတွေလည်း ဆောင်ရွက်ကြောင်း သိရပါတယ်။

 

စားသောက်ကုန်၊ လူသုံးကုန်နှင့်  စက်မှုလက်မှုသင်တန်း

 

စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်မှုလက်မှု သင်တန်းတွေကို ပညာအရည်အချင်းအနေနဲ့ အလယ်တန်းအောင် သတ်မှတ်ထားပါတယ်။ စားသောက်ကုန်သင်တန်းကို သီးနှံအများဆုံးထွက်တဲ့ ရှမ်းပြည်နယ်နဲ့ ပြင်ဦးလွင်တို့မှာ ဒေသနဲ့ ကိုက်ညီတဲ့အတွက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ လူသုံးကုန်အနေနဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်းတွေကို သင်ကြားပေးပြီး စက်မှုလက်မှုလုပ်ငန်းအနေနဲ့ သံဂဟေဆက်နည်း၊ ဆိုင်ကယ်ပြင်သင်တန်းနဲ့ အိမ်တွင်းမီးရိုက်သင်တန်း တွေကို သင်ကြားပေးပါတယ်။

 

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ဒေသအလိုက် ထုတ်လုပ်ရောင်းချသုံးစွဲနိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ နိုင်ငံတကာက တင်သွင်း နေရတာတွေ လျှော့ချသင့်ပြီး ပြည်တွင်းထုတ်လုပ် မှုကို တိုးမြှင့်သင့်ပါတယ်။ ဥပမာ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စတဲ့ ဒေသတွင်းမှာပဲ ထုတ်လုပ်ရ သမျှ ဈေးနှုန်းချိုသာစွာရောင်း၊ အနည်းဆုံး အိမ်ရဲ့ လိုအပ်ချက်အဖြစ် နေ့စဉ်သုံးရတာမို့ ဝယ်မသုံးရရင် ထွက်ငွေလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ စားသောက် ကုန်လုပ်ငန်းတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ပါကင်ထုပ်ပိုးမှုပုံစံကောင်းကောင်းနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေက သွင်းကြပါတယ်။ တချို့စားသောက် ကုန်တွေဆိုရင် အန္တရာယ်အလွန်ရှိတာ တွေ့ရပါ တယ်။ ကျွန်တော်တို့နိုင်ငံအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်နေတာမို့ ကုန်ကြမ်းအလွယ်တကူရှိပြီး သန့်ရှင်းလတ်ဆတ်အန္တရာယ်ကင်းတဲ့ စားသောက်ကုန်တွေ များများထုတ်ပြီး ပြည်ပ တင်သွင်းမှုကို လျှော့ချသင့်ပါတယ်။

 

ယွန်းပညာကောလိပ်

 

ယွန်းပညာကောလိပ်အနေနဲ့ ယွန်းပညာရပ်ကို ရိုးရာမပျက်စေဘဲ ခေတ်မီနည်းပညာတွေနဲ့ ဆောင်ရွက်နေပြီး ဒီပလိုမာ နှစ်နှစ် သင်တန်းနဲ့ ဘွဲ့ရတစ်နှစ်သင်တန်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီပလိုမာနှစ်နှစ်သင်တန်းပြီးဆုံးတဲ့အခါ သမဝါယမ တက္ကသိုလ်ကို ဆက်ပြီးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပုဂံဒေသရှိ ယွန်းထည်အသင်း၊ ယွန်းထည်တိုက်တွေက လုပ်သားတွေ ယွန်းပညာကို လာရောက်သင်ကြားတာမျိုးလည်း ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုအနေနဲ့ တက္ကသိုလ်ဆရာ ဆရာမတွေအဖြစ် ပြန်လည်လုပ်ကိုင်တာ၊ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းတွေအဖြစ်လုပ်ကိုင်တာ တွေ့ရပါတယ်။ ကျောင်းကထောက်ပံ့ကြေး သုံးသောင်းပေးပေမယ့် ယွန်းပညာသီးသန့်သင်ကြားကာ ကိုယ်ပိုင် လုပ်ငန်း လုပ်သူနည်းပါးပြီး လုပ်ငန်းရှင်တွေဆီမှာပဲ သွားရောက်လုပ်ကိုင်သူတွေရှိတာ တွေ့ရပါတယ်။

 

တစ်ဖက်မှာလည်း တက္ကသိုလ်၊ ကောလိပ်တို့ရဲ့ အသက်ဖြစ်တဲ့ သုတေသနပိုင်းကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ယွန်းပညာ ကောလိပ်အနေနဲ့ နည်းပညာဆိုင်ရာ သုတေသနတွေကို နှစ်ပိုင်းဆောင်ရွက်နေပါတယ်။ ယွန်းပစ္စည်းကို Innovation လုပ်ပြီး Marketing ဆောင်ရွက်နိုင်တဲ့အပိုင်းနဲ့ အသုံးပြုတဲ့ သစ်စေးနဲ့အရောင်တွေဟာ လူကို အန္တရာယ်ဖြစ်စေမှု ရှိ၊ မရှိ ဓာတ်ခွဲခန်းမှာ စမ်းသပ်တာတွေ ဆောင်ရွက်ပါတယ်။ သုတေသနရလဒ်အရ ယွန်းပစ္စည်းတွေကို အစားအသောက်ထည့်ရာမှာ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုလို့ရကြောင်း သက်သေ ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ယွန်းထည်ပစ္စည်းတွေရဲ့တန်ဖိုးဟာ မြင့်မားနေလို့ သုံးစွဲသူနည်းပါးနေသေးတာ တွေ့ရပါတယ်။ ယွန်းထည်ဆိုးဆေးတွေကို ဂျပန်နိုင်ငံက မှာယူအသုံးပြုပြီး ယွန်းထည်ပစ္စည်းတွေကို အစားအသောက်အန္တရာယ် ကင်းစေဖို့အတွက် သစ်စေးခြောက်စေဖို့ ငါးလခန့် မြေတိုက်သွင်း အခြောက်ခံရလို့ အခြောက်ခံဖို့  သင့်တော်မယ့်အပူချိန်ကို စမ်းသပ်စစ်ဆေး ဆောင်ရွက်နေပါတယ်။ အစားအသောက်အတွက် ဘေးကင်းဖို့ အဓိကဖြစ်လို့ ပါကင်ထုပ်ရာမှာ ယွန်းထည်ပစ္စည်းကို  အစားအသောက်တွေ ထည့်ရာမှာ အသုံးပြုနိုင်ကြောင်း အညွှန်းစာရွက် ထည့်ပေးတာတွေပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။

 

Incubation Center(သင်ကြားလေ့ကျင့်မှုစင်တာ)  ဖွင့်လှစ်ထားရှိမှုနှင့် အကျိုးပြုနိုင်မှု

 

ဌာနက သင်တန်းပေးသော်လည်း လုပ်ငန်းရှင် ထွက်ပေါ်လာမှုနည်းပါးလို့ ဌာနက မူဝါဒပြောင်းပြီး အလုပ်လုပ်ချင်သူတွေကိုသာ ပို့ချပေးတဲ့စနစ်နဲ့ ဆောင်ရွက်နေပြီး အခုမှစတင်လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကို သင်ကြားပို့ချပေးခြင်းနဲ့  လုပ်ငန်းတိုးချဲ့လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေကို  သင်ကြားပေးခြင်းတို့ ဆောင်ရွက်နေကြောင်း သိရ ပါတယ်။ လုပ်ငန်းရှင်ဘက်က လိုချင်တဲ့နည်းပညာကိုသာ ဌာနဘက်က သင်ကြားပေးတာနဲ့ နည်းပညာ ဆိုင်ရာကူညီထောက်ပံ့ပေးတာ၊ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေဆီကို လေ့လာရေးစေလွှတ်ပေးတာ နဲ့ ဌာနရှိ ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီး ကောင်းမွန် ပါက မှတ်ပုံတင်ပေးတာတွေ ဆောင်ရွက်နေပါတယ်။ ပြည်နယ်/ တိုင်းဒေသကြီးတွေမှာ Incubation Center တွေ ဖွင့်လှစ်နေကြောင်း သိရပါတယ်။ Incubation Center ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်တွေမှာလည်း ဖွင့်လှစ်သင်ကြားကာ လုပ်ငန်းရှင်တွေ မွေးထုတ်ပေး လျက်ရှိပါတယ်။

 

အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့အတွက် နည်းလမ်း အသွယ်သွယ်နဲ့ ဆောင်ရွက်လျက်ရှိသလို ဥပဒေ၊ နည်းဥပဒေနဲ့ မူဝါဒပိုင်းအရလည်း ခိုင်ခိုင်မာမာ ချမှတ်ထားရှိပြီးဖြစ်တာကို တွေ့ရပါတယ်။ ပြည်တွင်းသယံဇာတပစ္စည်းတွေကို ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်း၊ ရိုးရာလက်မှု ပညာတွေ ထိန်းသိမ်းခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့အခြေခံ မူတွေပါဝင်တာ တွေ့ရပါတယ်။ ဒီနေရာမှာ စဉ်းစား ရမှာက SME ဥပဒေနဲ့ ဌာနရဲ့ဥပဒေအကြား ကွာဟ နေတဲ့အချက်ဖြစ်ပါတယ်။ SME ဥပဒေ ကုန်ထုတ်လုပ် မှုကဏ္ဍမှာ ရင်းနှီးမတည်ငွေနဲ့ လုပ်သားအင်အား ပေါ်မူတည် သတ်မှတ်ထားရှိပြီး ဌာနရဲ့ဥပဒေမှာ ထုတ်လုပ်နိုင်စွမ်း (မြင်းကောင်ရေအား)နဲ့ လုပ်သား အင်အားအပေါ်မူတည်ပြီးတော့ သတ်မှတ်ထားရှိ တာဖြစ်ပါတယ်။ မြေပြင်နဲ့ကိုက်ညီမှုရှိအောင် ဥပဒေ၊ နည်းဥပဒေကို တဖြည်းဖြည်း ပြင်ဆင်သွား နိုင်ဖို့ စဉ်းစားကြရပါမယ်။ မည်သို့ဆိုစေ ဥပဒေအရ သတ်မှတ်ထားတဲ့အချက်တွေကိုတော့ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့၊ လိုက်နာ ဆောင်ရွက်ကြဖို့လိုပါတယ်။

 

အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးရေးကို စဉ်းစားကြရာမှာ ကျေးလက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် (Value Added) တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖြစ်လာစေဖို့ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)ကဲ့သို့ ပုဂ္ဂလိကနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေ ပိုမို ဖွံ့ဖြိုးလာစေဖို့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

 

Value Added အနေနဲ့ ဆန်၊ ဂျုံ၊ ပြောင်းနဲ့ စိုက်ပျိုးရေးသီးနှံတွေကို အခြေခံပြီး အရင်နှစ်တွေက ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး အကောင်အထည်ဖော်နိုင်ဖို့ လည်း လျာထားကြိုးပမ်းလျက်ရှိရာ ကျေးရွာတွေ အထိ ကွင်းဆင်းပြီး စနစ်တကျဆောင်ရွက်ဖို့ လိုပါတယ်။ လက်ရှိမှာတော့ Value Added အနေနဲ့ ပြည်နယ်/တိုင်းဒေသကြီးရှိ ဒေသထွက်ကုန်တွေ အလိုက် သုတေတနတွေ ဆောင်ရွက်နေပါတယ်။ ဥပမာအနေနဲ့ မကွေးတိုင်းဒေသကြီးမှာ ဆီးသီး၊ မန်ကျည်းသီးတွေပေါတာကြောင့် ဌာနက ဆီးသီး၊ မန်ကျည်းသီး ဖျော်ရည်သင်တန်းတွေ ပို့ချခဲ့ပြီး လုပ်ငန်းရှင်တွေက ဆီးသီး၊ မန်ကျည်းသီးဖျော်ရည် တွေကို ထုတ်လုပ်ကာ နိုင်ငံခြားအထိ တင်ပို့ပေးနိုင် ပြီဖြစ်ပါတယ်။ ပြင်ဦးလွင်မှာ တစ်ချိန်က မက်မန်း သီးတစ်မျိုးသာ ထုတ်လုပ်နိုင်ပြီး ဌာနက သင်တန်း တွေ ပို့ချပေးလို့ ယိုစုံတွေ ထုတ်လုပ်နိုင်ကာ မက်မန်းလုပ်ငန်းရှင်မှ ယိုစုံလုပ်ငန်းရှင်တွေ ဖြစ်လာတာပါ သိရတဲ့အတွက် အားတက်မိပါတယ်။ အမရပူရရှိ ပန်းပုရုပ်တုလုပ်ငန်းတွေ နိုင်ငံခြားတင်ပို့ ဖို့အခက်အခဲရှိလို့ ဌာနက ချိတ်ဆက်ဆောင်ရွက် ပေးနိုင်ခဲ့ရာ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနိုင်တာ တွေ့ရပါတယ်။

 

စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေဖို့ သင့်တော်တဲ့ကျေးရွာတွေကို ရွေးချယ်ထားပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သက်ဆိုင်သူတွေ/ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရင် ပိုမိုခရီးရောက်မှာ ဖြစ်ပါတယ်။ စံပြကျေးရွာတွေ တည်ထောင်နိုင်ပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှသာ ကျေးလက်ကုန်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းတွေ၊ အသေးစား စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။ မူဝါဒပိုင်းဆိုင်ရာ အနေနဲ့ကတော့ အဓိက လိုအပ်ချက်ဖြစ်တဲ့ အရင်းအနှီးနဲ့ ဈေးကွက်ပိုင်းကို သမားရိုးကျမဟုတ်တဲ့ အောင်မြင်မှု ကြိုးစားမှု အလိုက်ဖြစ်ဖြစ်၊ သွင်းကုန် လျှော့ချနိုင်မှုအရဖြစ်ဖြစ်၊ တီထွင်ဆန်းသစ်မှုအရ ဖြစ်ဖြစ် သင့်တော်သလို စံသတ်မှတ်ချက်ထားပြီး နည်းလမ်းတွေ ရှာဖွေဖော်ထုတ်ကြဖို့ အကြံပြု တင်ပြလိုက်ရပါတယ်။ ။

 

ရည်ညွှန်းကိုးကားချက်

-   Myanmar Micro, Small, and Medium Enterprise Survey 2019 Descriptive Report

-   အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၅)

-   အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ နည်းဥပဒေ (၂၀၁၆)

- အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ (၂၀၁၁)