ရွှေပင်လယ်(ထားဝယ်)

သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှဒေသ၏ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ကျင်းပသည့်ပွဲတော်တစ်ခု ဖြစ်သည်။ “ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း”ဟု  အဓိပ္ပာယ်ရသော ပါဠိဘာသာ  “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ” တို့ကို တိုက်ရိုက်မြန်မာမှုပြု၍ “သင်္ကြန်” ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ သက္ကတဘာသာစကားမှ  ဆင်းသက်လာသော  သင်္ကြန္တစကားလုံး သည် သက်ဆိုင်ရာဒေသနေပြည်သူများ၏ ပတ်ဝန်းကျင်အခြေအနေပေါ်တွင်မူတည်ပြီး ကွဲပြားခြားနား မှုရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ 

ကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿရာသီမှစ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကရ၊ မိန် ဟူသော ၁၂ ရာသီခွင် ထိုသို့အစဉ် လိုက်ကူးပြောင်းပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊  ၁၂ မိနစ်၊  ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီအစဖြစ်သည့် အသဝနီနက္ခတ် ပထမပတ်သို့ စတင်ဝင်ရောက်ပြီး ယင်းသို့ရာသီခွင် တစ်ပတ်လည်ဝင်ရောက်စအချိန်ကို ရာသီတစ်ခုမှရာသီတစ်ခုသို့ ကူးပြောင်းသောကြောင့် “သင်္ကြန်” ကျသည်ဟု ဖတ်ရှုရပါသည်။

သင်္ကြန်ဟုခေါ်ဆို

သင်္ကြန်အကျဉ်းဆိုလိုရင်းမှာ အချင်းယူဇနာ ၅၀၊ လုံးဝန်းယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနှင့်ပြီးသော ‘ဘာဏုရာဇာ’မည်သည့်  တနင်္ဂနွေဂြိုဟ်မင်းသည် နဝင်းတစ်လုံးမှနေပြီး နဝင်းတစ်လုံးဆီ၊  နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှတစ်ရာသီသို့ အစဉ်လိုက်ပြောင်းရွှေ့ခြင်းကို အစွဲပြု၍ သင်္ကြန်ဟု ခေါ်ဆိုကြောင်း လောကီကျမ်းများအရ လေ့လာ ဖတ်ရှုရပါသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ တစ်မူထူးခြား နေသည်ကိုတွေ့ရှိရပြီး သာမန်အားဖြင့်  နှစ်သစ်ကူး ရေကစားမှုကို တစ်နိုင်ငံလုံးအနေဖြင့်  နှစ်စဉ် သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ ရက်)မှစတင်၍ ရေပက်ခြင်း၊ ရေပက်ခံထွက်ခြင်းများ  ရှိကြသော်လည်း ထူးခြားမှုမှာ ထားဝယ်မြို့၌ ကလေးသင်္ကြန်ဟူ၍ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေကစားကြ သည်။ ကလေးများ၊ လူငယ်လူရွယ်များ ပျော်ရွှင်စွာဖြင့် ရေပက်ကစားခြင်းကို ထားဝယ်ရိုးရာယဉ်ကျေးမှု တစ်ရပ်အနေဖြင့် သုံးရက်စော၍ ပျော်ရွှင်အေးချမ်းစွာရေကစားကြသည်မှာ ထားဝယ်မြို့၏ အစဉ်အလာ ဖြစ်ကြောင်း သိရှိရသည်။

ပျော်ရွှင်မြူးကြွသင်္ကြန်အခါသမယ ရောက်သည်နှင့်တစ်ပြိုင်နက် သင်္ကြန်သီချင်းသံများနှင့်အတူ အပြိုင်အဆိုင်ပေါ်ထွက်လာကြသည့်  မဏ္ဍပ်များ၊ သင်္ကြန်အလှပြယာဉ်များတွင် အဆင်တန်ဆာမျိုးစုံ ဆင်ယင်ထားသောကြောင့် လူတိုင်းကို ဆွဲဆောင်နေသယောင် ပျော်ရွှင်မြူးထူး ကချင်ကြသည်။ ယင်းတို့မှာ လွန်ခဲ့သော ၁၀ စုနှစ် အချိန်ကတည်းက သင်္ကြန်အချိန်အခါရောက်တိုင်း လူတိုင်းစိတ်လှုပ်ရှား ခဲ့ရမှုများဖြစ်သည်။ 

တာဝတိံသာနတ်ပြည်မှ   သိကြားမင်းသည် သင်္ကြန်ကျချိန်တွင် လူ့ပြည်သို့ ခေတ္တခဏဆင်းလာ လေ့ရှိသည်ဟု  ယူဆကြပြီး  သိကြားမင်းလူ့ပြည် ဆင်းချိန်သည် “သင်္ကြန်ကျချိန်”ဖြစ်၍ မဆင်းမီ တစ်ရက်အလို  သိကြားမင်းကို  ကြိုဆိုသောနေ့ “သင်္ကြန်အကြိုနေ့”ဟု  ခေါ်ဆိုကြကြောင်း  ယူဆ ဖော်ပြလေ့ရှိပြီး သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သောနည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန်အတက် ရက်မှစ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ပင် ဖြစ်သည်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသော နေ့ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခုရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ဖြစ်ကြောင်း လေ့လာသိရှိ ရပါသည်။ 

သင်္ကြန်ရေစိမ်ထမင်း

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ဒေသရှိ ထားဝယ်သူ ထားဝယ်သားများက  သင်္ကြန်ကာလအတွင်း ရေစိမ်ထမင်း (ရေးဇီမှန်း) လှူဒါန်းပြုလုပ် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပြီး  သင်္ကြန်အတက်နေ့တွင်  မိမိမွေးနေ့နှင့်တိုက်ဆိုင်နေပါက  ထားဝယ်သူ  ထားဝယ်သားများအနေဖြင့် (ထားဝယ်အခေါ် အတာသတ်)သည်ဟု   မှတ်ယူခဲ့ကြကာ သင်္ကြန်ရေစိမ်ထမင်း အလှူပြုလေ့ရှိကြသည်။ 

ထိုသို့လှူဒါန်းကြသော   အလှူရှင်များက ရေစိမ်ထမင်းပန်းကန်ထဲတွင်  ထည့်ထားသော စံပယ်ပန်းကိုယူပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊  လာမည့်နှစ်များတွင် ယခုကဲ့သို့ လှူဒါန်းမှုပြုနိုင်ကြပါစေဟု ဆုတောင်း သမှုပြုခဲ့ကြောင်း သိရှိရသည်။ 

“အတာ”ဟူသည်

“မဟာသင်္ကြန်” နှင့်တွဲဖက်၍ “အတာ” ဟူသော ဝေါဟာရ၊ “အတာစား”ဟူသော ဝေါဟာရတို့ကို ပြောဆိုသုံးစွဲနေသည်ကို ဒေသခံပြည်သူများထံမှ ကြားသိရပြီး “အတာ”ဟူသည် လောကီအလို ဒဏ်သင့်ခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် “အန္တ-အဆုံး” ဟူသောပါဠိပုဒ်မှ “အတာ”ဟူသည် “နောက်ဆုံး ကာလ၊ အကျပိုင်းကာလ”ကိုဆိုလို၍ “အတာရက်” မှာ  သင်္ကြန်အတက်ရက်ဖြစ်ပြီး  နှစ်တစ်နှစ်၏  နောက်ဆုံးရက်ပင်ဖြစ်ကြောင်း   လေ့လာဖတ်ရှု ရပါသည်။ 

“သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူ များသည် “အတာသင့်”သူများဖြစ်လာသည်ဟု ယူဆကြပြီး  ဤသည်ကိုပင်  အတာစားသည်ဟု ပြောဆိုသုံးစွဲနေကြပါသည်။ အတာစားသည့် နေ့နံ သားသမီးတို့သည်  အတာတက်မည့်အချိန်အတိ အကျတွင် “အတာစား”ရပါသည်။ “အတာစား” ဟူ သည့်   အတာတက်ချိန်တွင်  ကောင်းမွန်သန့်ရှင်းစွာ ဝတ်စားဆင်ယင်လျက်  အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင့်  ဆက်ကပ်ခြင်းများ  ဆောင်ရွက်ကြကြောင်း သိရသည်။ 

အတာအိုးကို သင်္ကြန်စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရသည်။ (ခုနစ်ရက် သားသမီးတို့အတွက် ရည်ရွယ်၍  ပန်း ခုနစ်မျိုး ဖြစ်စေ၊ အညွန့်ခုနစ်မျိုးဖြစ်စေ ရေပြည့်အိုးတွင် ထည့်ကြလေ့ရှိသည်။ ထားဝယ်မြို့တွင် သင်္ကြန်ကျ သည်နှင့်တစ်ပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်း၊  သင်္ကြန်အညွန့်တို့ကို  အိမ်ဦးဝင်းထရံ စသည်တို့၌  ထိုးစိုက်ကာ  နှစ်သစ်တွင်  ဘေးရန် ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိကြသည်။ 

ဦးခေါင်းဆေးမင်္ဂလာပြုလုပ်

သင်္ကြန်ရောက်ပြီဆိုပါက အစဉ်အလာအားဖြင့် ဦးခေါင်းဆေးမင်္ဂလာကိုလည်း ပြုလုပ်လေ့ရှိကြပြီး ရှေးအစဉ်အလာကတည်းက မြန်မာတို့သည် မိမိတို့၏ ကိုယ်ခန္ဓာတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်း တွင် နှစ်ဟောင်းက ကပ်ငြိစွဲကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ ဆက်လက်မပါရှိစေရန် ရည်ရွယ်ချက်ဖြင့်  ဦးခေါင်းဆေးမင်္ဂလာပြုခဲ့ကြပြီး အတိတ်ကောင်းယူကာ ကိုယ်စိတ်သန့်ရှင်းမှုကို အကျိုးပြုရာရောက်သည်ဟု ယူဆခဲ့ကြသည်။ 

နှစ်သစ်တွင် ကောင်းကျိုးကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံအောင်သင်္ကြန်ကာလများတွင် ဦးခေါင်းဆေးမင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်သည်ဟု နားလည်ရပြီး  သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲရှောင်သင့်သည်များ ကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြထား ကြလေသည်- 

(၁)    ငိုကြွေးခြင်း၊ ပူဆွေးခြင်း၊

(၂)     လိင်ဆက်ဆံခြင်း၊

(၃)     သူတစ်ပါးအသက်သတ်ဖြတ်ခြင်း၊

(၄)     အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊

(၅)     စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊

(၆)     သွေးဖောက်၊ သွေးထုတ်ခြင်း၊

(၇)     ဆီလိမ်း၊ ဆေးလိမ်းခြင်း၊

(၈)     သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း၊

(၉)     ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း၊

(၁၀)    ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက် ခြင်းတို့ ဖြစ်သည်။ 

သင်္ကြန်ပွဲသည် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာပွဲတော်မဟုတ်သော်လည်း ရုံးပိတ်ရက်များဖြစ်သော ကြောင့်  ဒါန၊  သီလ၊  ဘာဝနာအလုပ်များကို သက်ဆိုင်ရာဘာသာဝင်များက ပြုလုပ်ကြပေသည်။ “အခွင့်သာခိုက် လုံ့လစိုက်” သည့်အနေဖြင့် ဆောင် သင့်သည်ကိုဆောင်၊ ရှောင်သင့်သည်ကိုရှောင်၍ ဗုဒ္ဓ၏မင်္ဂလာတရားတော်နှင့်အညီ မြန်မာနှစ်သစ် ဦးကို ကြိုဆိုလေ့ရှိကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။   ။