စပယ်ဦး(နောင်ချို)
“အဘွားက အိုဇာတာကောင်းပါတယ်။ မပူမပင် မကြောင့်မကြနဲ့ နေနိုင်စားနိုင်တယ်ဆိုတာ နည်းတဲ့ကံလား” အိမ်မှာအဝတ်လာလျှော်သည့် မလုံး စကားကြောင့် ဒေါ်ခင်နွယ်တစ်ယောက် ပြုံးလိုက်မိပါသည်။
သို့သော် သူ့အပြုံးကို သရုပ်ခွဲတတ်သူဆိုပါက မချိပြုံးဖြစ်ကြောင်း သိပါလိမ့်မည်။
“ကျွန်မတို့သာ တစ်နေ့ထမင်းနှစ်နပ် စားရဖို့အရေး ရုန်းကန်နေရတာ။ သူများလို သုံးနပ်တောင် မစားနိုင်ပါဘူး အဘွားရယ်။ ဒါတောင် ဟင်းဆိုတာက ပါတယ်ဆို ရုံ ” အဝတ်တွေကို သမံတလင်းပေါ် ဖြန့် ပြီး ဘရပ်ရှ်နှင့် နာနာခြစ်ရင်း ဘဝအမောကို ရင်ဖွင့်နေသည့် မလုံး။ လေသံက ဖျော့တော့မနေဘဲ အသံစာစာနှင့် ခပ်ကျယ်ကျယ်ပြော၍ အဝတ်တွေကိုပဲ အငြှိုးထားနေသည့်အလား၊ တဖုန်းဖုန်း ထုရိုက်ရင်း တစ်ထည်ပြီးတစ်ထည် မြန်ဆန်သွက်လက်စွာ လျှော်နေသည်။
“အော်...မလုံးရယ်... ငါတို့တုန်းကလည်း ဒီလိုပဲ ရုန်းကန်လည်ပတ်ခဲ့ရတာ ပါပဲအေ။ ကလေးတွေ အရွယ်ရောက်ရင် နင်လည်း အိုဇာတာကောင်းမှာပါဟဲ့” ဒေါ်ခင်နွယ်၏ ဖြေသိမ့်စကားကို မလုံးက နှုတ်ခမ်းတစ်ချက်မဲ့၍ ပြန်ပြောသည်။
“အမလေး ..မထင်ပါဘူး အဘွားရယ်။ သိတတ်မယ့်ဟာတွေလည်း မဟုတ်ပါဘူး။ ကျွန်မကတော့ ကိုယ့်မလုပ်ကျွေးရင်နေပါ။ ကိုယ်က လုပ်မကျွေးရတော့ရင်ပဲ တော်ပါပြီ။ ပင်ပန်းလှပြီ။ ဒီယောက်ျား ယူပါပြီဆိုကတည်းက အလုပ်နဲ့လက် မပြတ်ရတာ။ အနားယူချင်ပြီ။ သူများတွေလို ကြီးကြီးကျယ်ကျယ် ပြောရရင် ဘဝကခါးတယ် အဘွားရေ..အဟင်းဟင်း”
“ဘဝတွေက ဒီလိုပါပဲအေ။ ညည်း တစ်ယောက်တည်း မဟုတ်ပါဘူး။ ကဲ ကဲ စကားများမနေနဲ့။ အဝတ်တွေလည်းပြောင်အောင်လျှော်ဦး။ အပြန်ကျ ငါးဟင်းချက်ထားတာ အများကြီးပဲ ယူသွား။ ကြက်ဥလည်း ထုပ်ထားလိုက်မယ်” ဒေါ်ခင်နွယ်စကားကြောင့် မလုံးဟန်က ပိုတက်ကြွသွားသည်။
“ဟုတ်..ပြောင်ပါတယ် အဘွားရဲ့။ ကျေးဇူးပါ အဘွားရေ”
မလုံးတစ်ယောက် အဝတ်တွေ လျှော်ဖွပ်လှန်းပြီးတော့ လုပ်အားခ ငွေငါးထောင်နှင့် ဟင်းထုပ်လေးတွေ လက်ကဆွဲ ပြန်သွားလေသည်။
ခပ်သုတ်သုတ် လျှောက်လှမ်းသွားသည့် မလုံးကျောပြင်ကြည့်၍ ဒေါ်ခင်နွယ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒေါ်ခင်နွယ်အတွက်လည်း တစ်ချိန်တုန်းကတော့ မျှော်လင့်ကြည်နူးမိသည့် အိမ်ထောင်သည်ဘဝပင်။ ခါးသက်သည့် အရိပ်တွေအပြည့်နှင့် အတိတ်တွေဆီသို့ ဒေါ်ခင်နွယ်တစ်ယောက် နောက်တစ်ခေါက် ရောက်ရပြန်ပြီလေ။
(၂)
“မိနွယ်ရေ နင့်အမေ ခေါ်နေတယ်။ သွားလိုက်ဦး”
ကျောင်းသွားဖို့ပြင်နေသည့် မိနွယ်တစ်ယောက် အဒေါ်ဖြစ်သူစကားကြောင့် လွယ်အိတ်လေးလွယ်ရင်း တစ်အိမ်ကျော်လောက်က အမေ့အိမ်ဆီ အပြေးလေး သွားလိုက်မိသည်။ မိနွယ်က အခုဆို လေးတန်း။ ကျောင်းစာတွေက မိနွယ် နားမလည်တာတွေ ပိုများလာသည်။
“အမေ..ကျုပ်ကို ခေါ်တယ်ဆို”
“အေးဟေ့...နင့် မောင်လေး စိုးလှကို ထိန်းပေးဦး။ နေသိပ်မကောင်းချင်ဘူး။ ငါက ယာထဲ ပဲနုတ်သွားရမှာမို့။ ဒီနေ့ကျောင်းမသွားနဲ့တော့ ကြားလား”
အမေက ပြောပြောဆိုဆို ခမောက်လေးဆောင်း၍ ထွက်သွားလေတော့သည်။
မောင်လေးခေါ်ပြီး အဘွားအိမ်ရောက်တော့ အဘွားက မျက်မှောင်ကုတ်ကြည့်၏။
“ဘာလဲ ကလေး ထိန်းရပြန်ပြီလား”
“ဟုတ်ပါ့..အဘွားရယ်။ အမေ ပဲသွားနုတ်ရမှာမို့တဲ့”
“အေး ..ငါ့မြေးလည်း ဝဋ်ပါပဲ”
အဘွားက သက်ပြင်းတစ်ချက်ချရင်း မိနွယ်ကို သနားသလို ကြည့်သည်။
(၃)
မိနွယ် မွေးပြီးပြီးချင်း မိနွယ်အဖေကပိုးထိလို့ ဆုံးသွားသည်။ မိနွယ် ငါးနှစ်လောက်မှာ အမေက နောက်အိမ်ထောင်ထူသည်။
“ငါ့မြေးတော့ ပထွေးနဲ့ မထားဘူး” ဟုဆိုကာ အဖေ့၏အမေ မိနွယ် အဘွားက သူ့အိမ်ခေါ်ထားပြီး ကျောင်း ထားပေးသည်။ အမေကနောက်အိမ်ထောင်နှင့် ကလေးနှစ်ယောက်မွေးသည်။ အဘွားက ခေါ်ထားသည်ဆိုပေမယ့် မိနွယ်ခမျာ အမေလှမ်းခေါ်တိုင်း အမေ့၏နောက်အိမ်ထောင်နှင့် မွေးသည့် မောင်လေး နှစ်ယောက်ကို ထိန်းရသည်။
မိနွယ်အမေက ခိုင်းစရာရှိလျှင်သာ ခေါ်ခိုင်းပြီး စားချိန်တန်လျှင် “နင့်အဘွား အိမ်သွားစားတော့”ဟု အမြဲပြောသည်။
အဘွားက မိနွယ်ကို ချစ်ပါသည်။ မချမ်းသာပေမယ့် ယာတွေ၊ နွားတွေ သူများ အငှားပေးထားတော့ ပေါပေါ များများ စားနိုင်သောက်နိုင်ပါသည်။ မိနွယ်ကို အဘွားက ရွှေဆင်ပေးလည်း မမြဲ။
“နင့်မောင်တွေ ရှင်ပြုဖို့ငွေမလောက်လို့” ဟုဆိုကာ မိနွယ်ကိုယ်ပေါ်က ရှိသမျှ ရွှေကုန်ခဲ့ရတာချည်း။ အဘွားသိလို့ အမေနှင့် စကားများကြလျှင် မိနွယ်ကတော့ မကြားသလိုဘဲ နေလိုက်တော့သည်။ နောက်တော့ အဘွားလည်း မဆင်နိုင်တော့။
(၄)
မိနွယ် အသက်ဆယ့်သုံးနှစ်လောက်မှာ စာတွေလည်း မလိုက်နိုင်တော့တာနှင့် ကျောင်းထွက်လိုက်ရသည်။ အရွယ်လေးရောက်လာတော့ လှချင်ပချင် ဝတ်ချင်စားချင်လာသည်။ အဘွားမသိအောင် အလုပ် ခိုးလုပ်သည်။ မိနွယ်တို့ဆီမှာ ဆေးလိပ်ဖိုတွေရှိသည်။ သူငယ်ချင်းတစ်ယောက်၏ အစ်မနှင့်အတူ ဆေးလိပ်ဖိုလိုက်ပြီး ဆေးလိပ်လိပ်သည်။ မိနွယ် အလုပ်လုပ်တာသိတော့ အဘွားက သိပ်တော့မဆူရှာ။
“အဘွား ငါ့မြေးတော့ ကျွေးနိုင်ပါသေးတယ်” လို့ ပြောရှာသည်။
နောက်ပိုင်း အဘွားကို အဒေါ်တို့ မိသားစုက သူတို့ပဲ စောင့်ရှောက်တော့မည်ဟုဆိုကာ အဘွားအိမ်ကို အပိုင်စီးပြီး အဘွားကို သူတို့ပဲ ထမင်းကျွေးသည်။ မိနွယ်လည်း အဘွားအိမ်မှာ မနေချင်တော့တာနှင့် သူငယ်ချင်းလှမေ၏ အစ်မနှင့် အတူနေကာ အတူချက်စားကြသည်။
မိနွယ် အသက်ဆယ့်ခြောက်နှစ်မှာ ကံကောင်းသည်လား၊ ကံဆိုးသည်လားတော့မသိ။ ချစ်သူ တစ်ယောက်ရသည်။ မိနွယ်ချစ်သူ ကိုညွန့်ဝေက လူရိုးလူအေး။ အင်ဂျင်နီယာပေါက်စလေး။ မိနွယ်တို့ မြို့မှာ တာဝန်နှင့် ခဏရောက်လာသည့် သူ။ မိနွယ်နှင့် ချစ်သူဖြစ်ပြီး တစ်နှစ်ကြာတော့ တခြားတစ်နယ်ပြောင်းရသည်။ပြောင်းသွားပြီး တစ်လကြာတော့ မိနွယ်ကို မခွဲနိုင်ဟုဆိုကာ လာခိုးသည်။ ချစ်သူ့မျက်နှာ တစ်ကမ္ဘာထင်လို့ မိနွယ်ခိုးရာ လိုက်ခဲ့သည်။ သူအလုပ်လုပ်သည့်မြို့က တရားရုံးမှာ လက်မှတ်ထိုးကြသည်။ မိနွယ်အတွက် အားကိုးစရာဟု ယုံကြည်ကာ ရုန်းကန်းနေရသည့်ဘဝက လွတ်မြောက် ပြီဟုတွေးပြီး ပျော်မိသည်။
(၅)
အမှန်လက်တွေ့ အိမ်ထောင်သည် ဘဝမှာ မိနွယ်ထင်သလို မဟုတ်ခဲ့။
အမေကို ရိုသေကိုင်းရှိုင်းသည့် ကိုညွန့်ဝေက သူ့အမေစကားမှလွဲလျှင် မိနွယ်စကားတောင် အမှန်မထင်တတ်သည့် ယောက်ျား။ အနေရိုးပြီး မသောက်မစား မဟုတ်တာဘာမှ မလုပ်တတ်ပေမယ့် စိတ်တိုလာလျှင် လက်ပါတတ်သူ။ သူငယ်ပြန်ချင်နေသည့် ယောက္ခမ၏ ကတုံးကတိုက် စကားတွေနှင့် သူ့အမေစကားမှ အမှန်ထင်တတ်သည့် ယောက်ျားကြားမှာ မိနွယ်က အထုထောင်းခံဘဝ။
သည်လိုနှင့် ဒူပေနာပေခံရင်း သားနှစ်ယောက် သမီးတစ်ယောက်ရသည့်အချိန်မှာ ယောက္ခမက လေဖြတ် သွားသည်။ ယောက္ခမပြုစုရ၊ ကလေး ဝေယျာဝစ္စတွေနှင့် မိနွယ်တစ်ယောက် အိမ်ထောင်ပြုမိတာ မှားလေခြင်းဟု နောင်တရမိသည်။ ဘယ်မှာလဲ သာယာကြည်နူးမှု။ ပျော်ရွှင်မှု။ ထမင်းနပ်မှန် အောင်စားရပြီး အသက်ဝဝရှူဖို့တောင် မအားသည့်အဖြစ်။
အိမ်မှုကိစ္စတွေနှင့် ဘဝကို အချိန်ကုန် ဖြတ်သန်းရင်း ယောက္ခမဆုံးတော့ အနည်းငယ် သက်သာရပေမယ့် နောက်ထပ် သမီးလေးမွေးလာတော့ ကလေးက လေးယောက်။ ကလေးတွေ ကျောင်းကိုယ်စီတက်သည့် အချိန်မှာတော့ ကိုညွန့်ဝေ ကုမ္ပဏီကရသည့် လခလေးနှင့် မိသားစုက မလောက်တော့။ အကြွေးတွေနှင့် တဖြည်းဖြည်း နစ်လာသည့်ဘဝမှာ သတ်သေချင်လောက်အောင် စိတ်ညစ်ခဲ့ရသည်။
ကလေးတွေ ကျောင်းပြီးတော့ မိနွယ်ဆီမှာ အကြွေးတွေက လည်ပင်းရောက်နေပြီ။ ယောက်ျားသိအောင် တစ်မျိုး၊ မသိအောင်တစ်မျိုး အကြွေးတွေက မိနွယ်ကို ဝါးမျိုမတတ် စိတ်ဆင်းရဲသောက ရောက်စေခဲ့သည်။ ကိုညွန့်ဝေ ရုတ်တရက် သွေးတိုးပြီး ဆုံးသွားသည်။ မိနွယ်တို့ဘဝ ပျာယာခတ်ခဲ့ရပြန်သည်။
ကုမ္ပဏီက နေခွင့်ပေးထားသည့် အိမ်ကဖယ်ပေးရတော့ နေစရာအိမ် လိုအပ်လာသည်။ စုဆောင်းထားသမျှ ထုခွဲ၍ အိမ်လေးတစ်လုံး ဝယ်လိုက်ရသည်။ ဘာလုပ်စားရမှန်း မစဉ်းစားနိုင်သေးခင်မှာဘဲ သားနှစ်ယောက်က မိန်းမယူသွားကြသည်။ သူတို့ဘဝ သူတို့ရုန်းရင်း လုပ်ကိုင်စားသောက်ကြသည်။ အားကိုးစရာမဲ့သွားသည့် မိနွယ်နှင့် သမီးနှစ်ယောက်မှာ မျက်နှာငယ်ကျန်ခဲ့ရသည်။
သမီးကြီးက ရိုးအသူမို့ အပြင်အလုပ်လည်း မခိုင်းခဲ့။ အိမ်မှုကိစ္စတော့ နိုင်နင်းသည်။ ပြန်လှည့်ကြည့်စရာမလို။ သမီးငယ်က သွက်လက်ပြီးတော်သည်။ အမေနှင့် အစ်မလည်း ချစ်ရှာသည်။ သူ့ဘာသာ အလုပ်တွေ လိုက်လျှောက်ပြီး ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသည်။ အမေနှင့် အစ်မကို လုပ်ကျွေးရင်း လူကောင်းလေး တစ်ယောက်နှင့် အိမ်ထောင်ကျသည်။
သမီးငယ် သူ့ယောက်ျားနောက် လိုက်သွားတော့ မိနွယ်တို့ သားအမိ နှစ်ယောက်သာ ကျန်ခဲ့ရသည်။
ရှိသည့်ငွေလေးကို ဟိုဟိုသည်သည် ပေးထားပြီးရသည့် အတိုးလေးနှင့် စားလို့လောက်ပေမယ့် ငယ်ကတည်းက ရုန်းကန်ခဲ့ရသည့် ဒဏ်တွေက အသက်ရလာတော့ အတိုးနှင့်လာသလိုပင်။ ရောဂါမျိုးစုံ ဖြစ်လာရသည်။ ရသည့်အတိုးငွေက ဆေးဖိုးသာဖြစ်ခဲ့ရသည်။ လိမ္မာသိတတ်သည့် သမီးငယ်က သူ့အစ်မကို အမေ့နားမှာပဲ စောင့်ရှောက်ခိုင်းပြီး မိနွယ်တို့သားအမိ စားစရိတ်ကို ထောက်ပံ့ပေးရှာသည်။ သားနှစ်ယောက်ကတော့ သူတို့ ဘဝနှင့်သူတို့ အဆင်ပြေနေကြပါပြီ။ အခါကြီးရက်ကြီးတွေလောက်သာ မျက်နှာမြင်ရသည့် သားတွေဖြစ်သည်။
(၆)
သားအမိနှစ်ယောက်တည်း ဘဝ မကြောင့်မကြ နေနိုင်တာကလည်း သမီးတွေကြောင့်သာ။ သမီးကြီး နေမကောင်းမှ မလုံးကို အဝတ်လျှော်ငှားရသည်။ ဒေါ်ခင်နွယ် ငယ်ဘဝက ဘယ်လောက်တောင် လောကဓံတွေ ခါးစည်းခံခဲ့ရသလဲဆိုတာ မလုံးကတော့ သိမည်မထင်။ တစ်နေ့လုပ် တစ်နေ့စား ဆိုပေမယ့် ကြွေးမြီမရှိသည့် မလုံးတို့ မိသားစုက ပျော်စရာပါ။ မလုံးလာမှ ပူပူနွေးနွေးချက်ပြုတ် မိသားစုဝိုင်းစား၍ နွေးထွေးသည့် ထမင်းပွဲလေးဖြစ်မှာ အမှန်။
“အမေ့ ဘာတွေ တွေးနေတာလဲ”
သမီးကြီး အသံကြောင့် ဒေါ်ခင်နွယ် အတွေးတွေ ရပ်တန့်သွားရသည်။
“မလုံးကြည့်ပြီး တွေးမိလို့ပါအေ။ သူ့ခမျာ ခြေကျင်ထိုး တစ်နေ့လုံးအိမ်တကာလိုက်ပြီး အဝတ်လျှော်မှ ထမင်းနပ်မှန်ရတဲ့ဘဝ။ ယောက်ျားယူတိုင်း အားကိုးရတာမဟုတ်ဘူး သမီးရဲ့။ ယောက်ျားများ မယူနဲ့ ငါ့သမီးရေ။ အိမ်ထောင်ဆိုတာ သိပ်ကြောက်စရာကောင်းတယ်။ အမှန်က ထောင်ပဲလေ။ နွေးထွေးတဲ့ ထောင် ဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့ ထောင်ဖြစ်ဖြစ် ကိုယ့်ဘဝ ကိုယ်မပိုင်တာတော့ အမှန်ပဲ ငါ့သမီး”
ဒေါ်ခင်နွယ်အပြောကို သမီးကြီးက ရယ်ပြီး...
“အမေရယ် ..မယူချင်လို့ အမေနဲ့ အခုထိ နေနေတာပေါ့။ မြင်တွေ့နေရတာပဲ သမီးမျက်စိရှေ့က လူတွေ။ မယူပါဘူး အမေရယ်။ တစ်ယောက်တည်းနေရတာ အေးချမ်းပါတယ်။ အမေ့လည်း မထားခဲ့နိုင်ပါဘူး စိတ်ချပါ”
သမီးကြီး အဖြေကို ဒေါ်ခင်နွယ်ကျေနပ်မိသည်။ တစ်ခါတလေ သမီးကြီးနောင်ရေး စိတ်မအေးပေမယ့် သူ့လို အိမ်ထောင်တစ်ခုနှင့် ဘဝကို အချိန်ကုန် ရုန်းကန်ရမည့်အဖြစ်မျိုး သမီးကြီးကို မကြုံစေချင်။
“လာ အမေ ထမင်းစားရအောင်”
“စားတာပေါ့ သမီးရယ်”
ဒေါ်ခင်နွယ် သမီးကြီးနှင့်အတူ ထမင်းစားပွဲဆီသို့သွားရင်း သက်ပြင်းတစ်ချက်ချမိသည်။ စကားနည်းသည့် သမီးကြီးနှင့် ဒေါ်ခင်နွယ်၏ ထမင်းစားဝိုင်းလေးက တိတ်တိတ်ဆိတ်ဆိတ်သာ။
အိုဇာတာ ကောင်းတယ်ဆိုတာ သားသမီးမြေးတွေနှင့် သိုက်သိုက်ဝန်းဝန်းနေနိုင်တာလား။ မပူမပင်မကြောင့်မကြ စားနိုင်သောက်နိုင်တာလားဆိုတာ ဒေါ်ခင်နွယ်လည်း မသိတော့ပါ။
မလုံး ပြောသလိုပင်။ ယခု အနေအထားက အိုဇာတာကောင်းသည်ဆိုလည်း ကောင်းသည်ပဲပေါ့။
ဒေါ်ခင်နွယ် တစ်ယောက်တည်း တွေး၍ ပြုံးနေမိတော့သည်။ ။