ကာရာကတ်စ် ၄ ဖေဖော်ဝါရီ
ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်သူ တစ်သိန်းကျော်သည် လမ်းမများပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ယမံနေ့ အေအက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။
သမ္မတ မာဒူရိုအား ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရန် အချိန်ပေးထားသည့်ရက် ကုန်ဆုံးသွားပြီဖြစ်သော်လည်း မည်သည့်ရွေးကောက်ပွဲကိုမျှ ကျင်းပပေးခြင်း မရှိသည့်အတွက် ပြည်သူ တစ်သိန်းကျော်သည်မြို့တော် ကာရာကတ်စ် အပါအဝင် နိုင်ငံတစ်ဝန်းရှိ နေရာ ၁၀ဝ ကျော်၌ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ထောက်ခံသော အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွါအီဒိုသည် မိမိကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားသည်။
နိုင်ငံအတွင်း စားသောက်ကုန်အပါအဝင် အခြားကုန်စည်များ ပြတ်လပ်မှုကို ပြန်လည်ဖြည့်ဆည်းသည့်အနေဖြင့် ဘရာဇီးနိုင်ငံမှ အစားအစာများနှင့် ဆေးဝါးများကို သင်္ဘောများဖြင့် တင်သွင်းရန် စီစဉ်ထားကြောင်း အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက သူ၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် တပ်မတော်အကြီးအကဲများလည်း ပါဝင်ဆောင်ရွက်ရန် ခေါင်းဆောင်ဂွါအီဒိုက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ သမ္မတ မာဒူရိုက နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများကို ရပ်တန့်ပစ်ရန် အတိုက်အခံခေါင်းဆောင်များအား တိုက်တွန်းပါကြောင်း သူ၏ထောက်ခံသူများအား ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ သမ္မတ မာဒူရိုက သမ္မတထရန့်အား ရည်ညွှန်းပြောကြားခြင်းဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံအနေဖြင့် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအနေဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သမ္မတ မာဒူရိုက ပြောကြားခဲ့သည်။
သမ္မတ မာဒူရိုသည် ခိုင်မာသော ခံယူချက်ရှိသော်လည်း သူ၏အစိုးရအဖွဲ့အား ဆန့်ကျင်သူများသည် မြို့တော်ကာရာကတ်စ်အပြင် နိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်လျက်ရှိသည်။
အေအက်ဖ်ပီ