ရန်ကုန်၊ ဧပြီ ၁၈
ပြည်ပပို့ကုန်ဈေးကွက် ခိုင်မာစွာရရှိထားသော ရခိုင်ပြည်နယ်မှ ကဏန်းပျော့များအား မြို့နယ်သုံးခုရှိ စက်ရုံများမှ မွေးမြူထုတ်လုပ်လျက်ရှိရာ လက်ရှိမွေးမြူလျက်ရှိသော ၁၆၇ ဧကကျော်မှ ဧက ၅၀၀ ခန့်ထိ တိုးချဲ့မွေးမြူ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကဏန်းပျော့မွေးမြူသောလုပ်ငန်းအား ၂၀၀၉-၂၀၁၀ ခုနှစ်ဝန်းကျင်၌ စစ်ထွေ၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်တို့တွင် စတင်စမ်းသပ်မွေးမြူခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ် ချီကျွန်းဒေသ၌ လုပ်ငန်းရှင်တစ်ဦးမှ ကဏန်းကောင်ရေ ၅၀၀၀၀ ခန့် အများဆုံး စမ်းသပ်မွေးမြူခဲ့ခြင်းဖြစ်သည်။ ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းအား စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ ၉၇ ဒသမ ၈၅ ဧရိယာတွင် (၂)ကန်၊ ကျောက်ဖြူမြို့နယ်ရှိ ၃၇ ဒသမ ၇၅ ဧရိယာတွင် (၅)ကန်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်ရှိ ၃၁ ဒသမ ၉၀ ဧက၌ (၆)ကန်ဖြင့် စုစုပေါင်း ၁၆၇ ဒသမ ၅၀ ဧကတွင် မွေးမြူရေးကန်(၁၃)ကန်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိသည်။
ကဏန်းမှ ကဏန်းပျော့ကို မွေးမြူရေးကန်များ၌ အလုပ်သမားများဖြင့် စောင့်ကြည့်၍ ကဏန်းပျော့အဖြစ် အရည်ခွံလဲချိန်တွင် ထုတ်ယူပြီး အအေးခန်းစက်ရုံသို့ပို့ဆောင်ကာ သန့်ရှင်းထုတ်ပိုးပြီးနောက် ပြည်ပဈေးကွက်သို့ အရှင်တင်ပို့လျက်ရှိသည်။ ကဏန်းမှ ကဏန်းပျော့အဖြစ် ပြောင်းလဲရာတွင် ကျန်ရှိခဲ့သော ကဏန်းအခွံနှင့် ခြေလက်များအား ယခင်ကစွန့်ပစ်လေ့ရှိပြီး ယခုအခါ ထိုအခွံ့များအားကြိတ်၍ ငါးအစာနှင့် မြေဩဇာအဖြစ် အဆင့်မြင့်ပြုပြင် ထုတ်လုပ်မှုဖြင့် ရေထွက်ကုန်ထုတ်လုပ်မှုတွင် တန်ဘိုးမြှင့်ထုတ်လုပ်မှုအဖြစ် အောင်မြင်လျက်ရှိကာ ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလျက်ရှိသည်။
“ရခိုင်ပြည်နယ်က ဂဏန်းပျော့ကို ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှားနဲ့ အီးယူတို့ကို တင်ပို့ တယ်လို့သိရပါတယ်။ ဒါကြောင့် ဝယ်လိုအားကောင်းတဲ့အတွက် ဂဏန်းအကောင်ငယ်တွေပါ ဖမ်းဆီးရောင်းချမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် ပြည်နယ်အနေနဲ့ ကဏန်းဘေးမဲ့ဇုန် ဖော်ဆောင်ဖို့ ဖြစ်နိုင်ချေရှိတဲ့နေရာတွေကို ရွေးချယ်ဖို့ ခရိုင်၊ မြို့နယ်တွေကို ညွှန်ကြားထားတယ်။ ပြီးတော့ ကဏန်းမွေးမြူရေးဧရိယာ တိုးချဲ့ဖို့အတွက် သံတွဲခရိုင် တောင်ကုတ်မြို့နယ်မှာ ကန်ပြုပြင်မှုနဲ့ မြေယာအသုံးချမှုရဖို့အတွက် အထက်ကိုတင်ပြထားတယ်။ လာမယ့်မိုးရာသီပြီးရင် စတင်အကောင်အထည်ဖော်လိမ့်မယ် ထင်တယ်။ အဲ့ဒါပြီးသွားရင် ကဏန်းပျော့မွေးမြူရေး ဧရိယာဧက(၅၀၀) ဖြစ်လိမ့်မယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ကဏန်းမွေးမြူရေးဧရိယာ နဲနဲထပ်ချဲ့နေတာရှိတယ်။ ကဏန်းမွေးမြူရေးဧရိယာ ဧက(၅၀၀)ဆိုရင် ကန်ပေါင်း(၂၀)ထိ တိုးလာမှာပါ။ အဲ့ဒါဖော်ဆောင်ပြီးရင် ဒေသခံတွေ အလုပ်အကိုင်ပိုရပြီး နို်ငငံတော်အတွက်လည်း အကျိုးရှိစေမှာပါ” ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောသည်။
ဒေသရွှံ့ကဏန်းမျိုးစိတ်ဖြစ်သော Scylla Serrats (Mud Crab) အား မွေးမြူခြင်းအဆင့်ဆင့်တွင် ဦးစွာ ကုန်ကြမ်းစုဆောင်းခြင်း၊ အရွယ်အစားရွေးချယ်ခြင်း၊ (၁၀၀)ဂရမ်အထက်အား အရေပျော့မွေးကန်သို့ပေးပို့ခြင်း၊ အရေခွံလဲသည့်အထိ (၄၅-၆၀)ရက်ထိ မွေးမြူခြင်း၊ အရေပျော့ကဏန်းဖမ်းဆီးခြင်း၊ အရေခွံများပြန်မမာစေရန် 15ppm ကလိုရင်းဖြတ်၍ မိနစ်(၃၀)ခန့် ရေချိုစိမ်ခြင်း၊ ကုန်ချောထုတ်လုပ်ရန် အအေးခန်းသို့ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပြီး ကုန်ချောပြုပြင်ထုတ်လုပ်မှုတွင် ကဏန်းပျော့မွေးကန်မှပေးပို့သော ကဏန်းများအားလက်ခံရယူခြင်း၊ ရရှိပြီးသောကဏန်းများအား ဆေးကြောခြင်း၊ ပိုးသတ်ခြင်း၊ ပုံစံညှပ်ခြင်း၊ သန့်စင်ခြင်း၊ အရွယ်အစားရွေးခြင်း၊ ထပ်မံပိုးသတ်ခြင်း၊ ချိန်တွယ်ခြင်း၊ အေးခဲခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့် ဈေးကွက်သို့တင်ပို့ခြင်းဖြင့် ကဏန်းပျော့ (Soft Shell Crab) များအား ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
အဆိုပါ ကဏန်းပျော့ထုတ်လုပ်သော လုပ်ငန်းတွင် ကုန်ကြမ်းမှကုန်ချောအဖြစ် တန်ချိန် ၆၀၀ ကျော်ထိ တိုးတက်ထုတ်လုပ်လျက်ရှိပြီး ရည်ရှည်ကဏန်းထုတ်ယူနိုင်ရန် ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသခံများအနေဖြင့် သဘာဝရေထွက်ကုန်အရင်းအမြစ်များ ရေရှည်ထုတ်ယူနိုင်ရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိသည်။ ဈေးကွက်ဝယ်လိုအားရှိသောကြောင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့၌ ကဏန်းပျော့မွေးမြူရေးကန်များအား တိုးချဲ့လုပ်ဆောင်လျက်ရှိရာ မကြာမီကာလ၌ ရခိုင်ပြည်နယ်တွင် လက်ရှိမွေးမြူထုတ်လုပ်လျက်ရှိသော ၁၆၇ ဧကကျော်မှ ဧက ၅၀၀ ခန့်ထိ ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ- ကနူး
ညိမ်းသူ (သတင်းစဉ်)