ဖနောင်ပင် ဧပြီ ၁၉

 

ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် ပြည်ပနိုင်ငံများနှင့် လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ခြင်းများကြောင့် နိုင်ငံ၏ပြည်ပပို့ကုန် တိုးတက်စေရန် အထောက်အကူပြုနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း နိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံ အထိရှိလာခဲ့ကြောင်း ကမ္ဘောဒီးယား အကောက်ခွန်ဌာန၏  မှတ်တမ်းအရ သိရသည်။ ယခုကဲ့သို့  နိုင်ငံ၏ပြည်ပ ကုန်သွယ်မှု မြင့်တက်လာရခြင်းမှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ရာမှ  နယ်စပ်များကို ယမန်နှစ် နိုဝင်ဘာလတွင်  ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ကုန်သွယ်ရေး လုပ်ငန်းများကို  ပြန်လည်ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် ဒေသတွင်း ပြီးပြည့်စုံသော စီးပွားရေးဆိုင်ရာ သဘောတူညီချက် (RCEP)နှင့်  တရုတ်-ကမ္ဘောဒီးယား လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (CCFTA) တို့အရ ကမ္ဘောဒီးယားနိုင်ငံ၏  ပြည်ပပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကမ္ဘောဒီးယားကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချီက ပြောသည်။

 

လာမည့်နှစ်များအတွင်းတွင်လည်း တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဆက်လက်မြင့်တက်လာဦးမည် ဟု မိမိမျှော်လင့်ကြောင်း ၎င်းကပြောကြား သည်။

 

အဆိုပါ ကုန်သွယ်ရေးဆိုင်ရာသဘော တူညီချက်များအရ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်များဖြစ်သည့် ဆန်၊ ငှက်ပျောသီး၊ စက်မှုလုပ်ငန်းသုံး ထုတ်ကုန်များနှင့် အခြားကုန်ပစ္စည်းများသည် တရုတ်နိုင်ငံဈေးကွက်သို့  ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းသည် ပြည်ပဝင်ငွေအများအပြား ရရှိသည့်လုပ်ငန်းဖြစ်ပြီး ယခုနှစ် ပထမ သုံးလအတွင်း ပြည်ပသို့ အဝတ်အထည်များတင်ပို့ရာမှ ဝင်ငွေ ၃ ဒသမ ၁၅ ဘီလီယံရရှိခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံတော်ဝင်အကယ်ဒမီ၊ တရုတ်နိုင်ငံ ရေးရာ  လေ့လာရေးအင်စတီကျုမှ ညွှန်ကြားရေးမှူးချုပ်  ကိုင်ဆရေဗက်က ပြောသည်။

 

တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက် နိုင်ခြင်းနှင့်  ပို့ကုန်သွင်းကုန်ဆိုင်ရာ အထောက်အထားများ တင်ပြရာတွင် ရိုးရှင်းမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း စသည့် အချက်များကလည်း နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရာတွင် အောင်မြင်ရန် အရေးပါသည့် အချက်များဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 

နိုင်ငံအတွင်း  လက်ရှိအချိန်တွင် နိုင်ငံလူဦးရေ၏ ၉၂ ဒသမ ၈ ရာခိုင်နှုန်း ( ၁၄ ဒသမ ၈၅ သန်း) သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံ ပြီးစီးခဲ့ကာ နိုင်ငံလူဦးရေ၏ ၈၈ ဒသမ ၂ ရာခိုင်နှုန်း( ၁၄ ဒသမ ၁၁ သန်း) သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ