ဆောင်းပါး - မျိုးမြတ်မိုး (MANA)
ကမ္ဘာကြီးသည် ယနေ့ကာလတွင် ကဏ္ဍ အသီးသီး၌ စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရ သဖြင့် ကမ္ဘာတစ်ဝန်းရှိ လူအများအပြားသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရ သည်။ အထူးသဖြင့် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါသည် ဗိုင်းရပ်စ်မျိုးကွဲများ ကြောင့် ထိန်းချုပ်ရန် အခက်အခဲများစွာရှိနေသည် ဖြစ်ရာ အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုခံစားလာရသည်။ ခရီးသွားလာမှု ကန့်သတ်ချက်များ၊ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အနာဂတ်အတွက် မရေရာမှုများကလည်း စိုးရိမ် ပူပန်သောကနှင့် စိတ်ဖိစီးမှုများကို ပိုမိုဖြစ်ပေါ်စေ သည်။
အကျိုးဆက်အဖြစ် အိမ်တွင်းအကြမ်းဖက် မှုများ၊ သေကြောင်းကြံစည်မှုများအထိ ဖြစ်ပေါ်စေ သည်။ ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို ရှောင်လွှဲ နိုင်ခဲ့သူများရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်ခံရ သူအများအပြားသည် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ကြရပြန်သည်။ လူငယ်များ အနေဖြင့် ရက်အနည်းငယ်အတွင်း သက်သာ ပျောက်ကင်းသွားလေ့ရှိသော်လည်း အသက်ကြီး သူများနှင့် ပြင်းထန်သည့်ရောဂါလက္ခဏာရှိသူ တို့မှာ ကိုဗစ်နောက်ဆက်တွဲကြောင့် စိတ်ပိုင်း ဆိုင်ရာ ရိုက်ခတ်မှုကို ဆက်လက်ခံစားကြရသည်။
ရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း တိုးမြင့်လာ
ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ကျ ရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော လူမှုရေးအထီးကျန်မှုသည် မကြုံ စဖူး စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပြီး ရောဂါပိုးကူးစက် ခံရမည်ကို ကြောက်ရွံ့ခြင်း၊ ချစ်ရသူတို့သေဆုံးခြင်း၊ ကျန်ရစ်သူများ ဝမ်းနည်းပူဆွေးခြင်းနှင့် ငွေရေး ကြေးရေးဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်ခြင်းတို့သည် စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျမှုတို့ကို ဖြစ်စေသော ဖိစီးမှုများအဖြစ် ညွှန်းဆိုထားသည်။ အမျိုးသမီး များသည် အမျိုးသားများထက် ပိုမိုပြင်းထန်စွာ သက်ရောက်မှုရှိကြောင်းနှင့် ပန်းနာရင်ကျပ်၊ ကင်ဆာနှင့် နှလုံးရောဂါကဲ့သို့သော ယခင်ရှိပြီးသား ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေရှိသူများ သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလက္ခဏာ ဖြစ်နိုင် ခြေပိုများကြောင်း ဆက်လက်ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါဖြစ်ပွားမှု စသည့် နောက်ဆက်တွဲ ပြဿနာများဖြစ်ပွားသည့် နမူနာနိုင်ငံတစ်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။ ကပ်ရောဂါကာလအတွင်း အမျိုးသမီးများအကြားတွင် အထီးကျန်မှု၊ စိတ်ပိုင်း ဆိုင်ရာရိုက်ခတ်မှု၊ ငွေကြေးဆိုင်ရာဖိစီးမှုနှင့် အိမ်တွင်း အကြမ်းဖက်ခံရမှု ပိုမိုများပြားလာသည်။ မိမိ ကိုယ်ကို သတ်သေမှုမှ ကာကွယ်နိုင်ရန်ထားရှိသော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Lifelink သီးသန့်ဟော့လိုင်းများသို့ စကားပြောဆိုရန်ခေါ်ဆိုမှု ပိုများလာခဲ့သည်။ ယခင်က ခေါ်ဆိုမှု ၃ဝဝဝ ဝန်းကျင် သာရှိခဲ့သော်လည်း ဒုတိယလှိုင်း ရိုက်ခတ်ပြီးနောက် စက်တင်ဘာလတွင် အကြိမ်ရေ ၁၅ဝဝဝ အထိ မြင့်တက်လာခဲ့သည်။ စာတိုပေးပို့သူများ၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန က ဂျပန်နိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အဆုံးစီရင်သူ ၃၄၆၀ သာ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ၂၀၉၁၉ ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သဖြင့် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက အဆုံးစီရင်မှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။ ၁၉၉၂ ခုနှစ်မှစတင်ကာ စိတ်ကျန်းမာရေး ဆိုင်ရာ ဝေဒနာခံစားနေရသူများကို စောင့်ရှောက်မှု ပေးအပ်ရန် တာဝန်ရှိသူများအားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်ကျန်းမာရေး ဗဟုသုတ မြင့်မားလာစေရန် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဦးဆောင်ဆော်ဩလျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုး ကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ကုန်ဈေးနှုန်းများမြင့်တက်ခြင်း၊ နေထိုင်မှုစရိတ်တိုးလာခြင်းများကို အခြေခံလူတန်းစားများ အဓိက ခံစားနေကြရသကဲ့သို့ မြို့ပြ/ ကျေးလက်နေသူ တချို့မှာလည်း အနည်းဆုံး စိတ်ဖိစီးမှုတစ်ခုခုကို ခံစားနေကြရသည်။ အချို့သူများမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ စားဝတ်နေရေး အဆင် မပြေမှုများရှိရာမှ ရေလိုက်လွဲကာ အရက်၊ မူးယစ် ဆေးဝါးသုံးစွဲမှုစသည်ဖြင့် စိတ်ကိုပြောင်းလဲစေသည့် အပြုအမူများကို လုပ်ဆောင်လာကြသည်။ အရက်စွဲ၊ ဆေးစွဲဖြစ်ကာ စိတ်ကြွရောဂါ၊ စိတ်ကျရောဂါနှင့် စိတ်ဖောက်ပြန်မှုရောဂါရသည်အထိ ဖြစ်လာကြ ရသည်။
စိတ်ကျန်းမာရေးဆိုသည်က လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေ သော ရောဂါမျိုးစုံ၏ ၁၄ ရာခိုင်နှုန်းမှာ စိတ်ရောဂါ ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ စိတ် ရောဂါတစ်မျိုးမဟုတ်တစ်မျိုး ရှိနေကြသည်ဟု လည်းဆိုကြသည်။ စိတ်ရောဂါများတွင် အများဆုံး ဖြစ်တတ်သော ရောဂါများမှာ (၁) စိတ်ကျရောဂါ၊ (၂) အရက်စွဲရောဂါ၊ (၃) အမြင်သွေလွဲမှုရောဂါနှင့် (၄) ဒီမင်းရှားရောဂါများဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ က ကြေညာထားသော ရွာသာကြီးစိတ်ကျန်းမာရေး ဆေးရုံမှ စာရင်းများအရ လူနာ ၁၆၁၆ ဦးရှိပြီး အမျိုးသား ၁၀၁၉ ဦးနှင့် အမျိုးသမီး ၅၉၇ ဦးရှိသည် ကို တွေ့ရှိရာ မြန်မာနိုင်ငံတွင် စိတ်ရောဂါခံစားရသူ များတွင် အမျိုးသားဦးရေက ပိုမိုများပြားသည်ဟု အကြမ်းဖျင်းဆိုနိုင်မည်ဖြစ်သည်။ အရက်စွဲရောဂါ ဖြင့် ဆေးကုသမှုခံယူနေရသူမှာ ၁၆၈ ဦး ရှိသည် ကိုလည်း တွေ့ရှိရာ လူနာဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ အရက်စွဲရောဂါဝေဒနာရှင်များ ဖြစ်ကြသည်။ ပတ်ဝန်းကျင်တွင် အတွေ့ရအများဆုံးမှာ စိတ်ကျ ဝေဒနာရှင်များဖြစ်ကာ ကလေးမီးဖွားပြီး မိခင်များ၊ တီဘီနှင့် အေအိုင်ဒီအက်စ်ကဲ့သို့သော နာတာရှည် ရောဂါရှင်များနှင့် သက်ကြီးရွယ်အို ဘိုးဘွားအချို့ မှာပင် ရောဂါလက္ခဏာများကို တွေ့နေရသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၁ဝဝဝ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းသည် စိတ်ကျရောဂါ ဖြစ်ပွားနေပြီး လူဦးရေသုံးသိန်းခန့်မှာ ဝေဒနာခံစားနေရကြောင်း ကျန်းမာရေးဌာန စာရင်းဇယားများအရ သိရသည်။
စိတ်ကျရောဂါ ခံစားနေရသူ ၃၂၂ သန်းရှိ
စိတ်ရောဂါနှင့်ပတ်သက်၍ အကြမ်းဖျင်း အားဖြင့် အမျိုးအစားလေးမျိုးရှိသည်။ (၁) စိတ် ဝေဒနာ ခံစားခဲ့ရဖူးသူ၊ (၂) စိတ်ဝေဒနာခံစားနေရသူ၊ (၃) စိတ်ဝေဒနာမခံစားရသူနှင့် (၄) စိတ်ဝေဒနာရှိ ပါလျက် ရှိနေမှန်းမသိသူတို့ ဖြစ်ကြသည်။ စိတ် ဝေဒနာနှင့်ပတ်သက်ပြီး ခံစားခဲ့ဖူးသူ၊ ခံစားနေရသူ၊ မခံစားရသေးသူနှင့် ခံစားနေရမှန်းမသိသူဟု ပြော ဆိုနိုင်သည်ဖြစ်ရာ အခြေအနေ အကြောင်းတရား တစ်ခုခုကြောင့် အချိန်မရွေး ပြောင်းလဲသွားနိုင်သည် ဟု သတိပြုရန်လိုအပ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည့် အချက်အလက်များ အရ ကမ္ဘာတစ်ဝန်းတွင် စိတ်ကျရောဂါ ခံစားနေရသူ ၃၂၂ သန်း ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် စိတ်ကျရောဂါ ခံစားနေရသူ ၈၆ သန်းရှိနေပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆယ်စုနှစ်တစ်စုကျော် ကာလအတွင်း အရေအတွက်အားဖြင့် ၁၈ ရာခိုင် နှုန်းကျော် မြင့်တက်လာကြောင်း စိတ်ကျန်းမာရေးချို့တဲ့မှုမှတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် သေဆုံးသူမှာ တစ်နှစ်လျှင် တစ်သန်းခန့်ရှိပြီး စက္ကန့် ၄၀ လျှင် တစ်ဦးနှုန်းသေဆုံးနေကြောင်း ဖော်ပြ ထားရာ စိတ်ကျန်းမာရေးချို့တဲ့သူများ၏အရေးက ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်လျက်ရှိသည်။
၂ဝဝဝ-၂ဝဝ၁ ခုနှစ်က National Institutes of Healthy ကိန်းဂဏန်းအရ အသက် (၁၈) နှစ်အထက် လူပေါင်း ၄၃၁၉၃ ဦးကို လေ့လာခဲ့ရာ စိတ်ရောဂါ ရှိသူအမျိုးသား ၄၃ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။ စိတ်ရောဂါ အမျိုးအစားပေါင်း ၅၃ မျိုးအထိရှိကြောင်း သိရပြီး နာမည်ကျော် ဒတ်ချ် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ဆိုလျှင် စိတ်ကျရောဂါရှိပြီး သူ့ကိုယ်သူ သတ်သေ သွားခဲ့သူဖြစ်သည်။ စိတ်ရောဂါတစ်မျိုးမျိုးရှိနေသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများအဖြစ် ဂီတပညာရှင် ဗီသိုဗင်၊ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီ၊ သဘာဝသိပ္ပံပညာရှင်များ ချားလ်ဒါဝင်၊ တီထွင်သူ သောမတ်အယ်ဒီဆင်၊ စာရေးဆရာ အားနက် ဟဲမင်းဝေး၊ ကဗျာဆရာ ဗစ်တာဟယူးဂိုး၊ အမေရိကန်သမ္မတ သောမတ်ဂျက်ဖာဆင်၊ အမေရိ ကန်သမ္မတ လင်ကွန်း၊ ဗိသုကာပညာရှင် မိုက်ကယ် အိန်ဂျယ်လို၊ မီးအိမ်ရှင် ဖလောရင့်နိုက်တင်ဂေး၊ သိပ္ပံပညာရှင် နယူတန်တို့ကိုလည်း တွေ့ရသည်။
စိတ်နှင့်ပတ်သက်သည့် ဝေဒနာများကို ဆန်းစစ် ကြည့်ပါက အမျိုးသမီးများတွင် စိုးရိမ်စိတ် လွန်ကဲခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းကြောင့် အဖြစ်များပြီး အမျိုးသားများမှာမူ မူးယစ်ဆေးစွဲ ခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် အဆင်မပြေခြင်းကြောင့် အဖြစ်များကြောင်း အမေရိကန်စိတ်ပညာအသင်းက ထုတ်ပြန်ထားသည်။ စိတ်ကျန်းမာရေးဆိုင်ရာ ရိုက်ခတ်ခံစားနေရသူများသည် မွေးရာပါဝေဒနာရှင် များ မဟုတ်ကြပေ။ အမျိုးမျိုးသော လူမှုပြဿနာ တစ်ရပ်ရပ်ကြောင့်သာ ထိုကဲ့သို့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများက မြန်မာနိုင်ငံသည် လူဦးရေ ၁ဝဝဝ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်း စိတ်ကျရောဂါဖြစ်ပွားနေပြီး လူဦးရေ သုံးသိန်းခန့်မှာ အဆိုပါ ဝေဒနာခံစားနေရကြောင်း ဆိုထားသော်လည်း ကပ်ရောဂါကာလအတွင်း စိတ်မကျန်းမာမှုများလည်း အဆိုပါကိန်းဂဏန်း ထက် ပိုမိုများပြားနိုင်သည်။
ကိုဗစ်-၁၉ ရောဂါကပ်ဘေးသည် မိမိတစ်ဦး တည်း ခံစားနေရခြင်း မဟုတ်သည်ဖြစ်ရာ လူတိုင်း အနေဖြင့် စိတ်ဖိစီးမှု လျော့ကျစေနိုင်သည့်နည်းလမ်း တစ်ခုခုကိုဖြစ်စေ၊ မိမိတို့ဝါသနာပါရာ ကိစ္စတစ်ရပ် ရပ်ကိုဖြစ်စေ အလေးထားလုပ်ဆောင်နိုင်ပါက ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကို ကျော်လွှား နိုင်မည်ဖြစ်သည်။ စိတ်ရောဂါအားလုံး၏ ထက်ဝက် ခန့်သည် အသက် (၁၄) နှစ်အရွယ်တစ်ဝိုက်၌ စတင် ဖြစ်ပွားသော်လည်း များစွာသောသူတို့မှာ သိရှိခြင်း မရှိ၊ ကုသမှုခံယူရခြင်းကို မသိခြင်း ဖြစ်တတ်သည်။ မြီးကောင်ပေါက်အရွယ်များ၌ ဖြစ်ပွားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်စေသော ရောဂါများအနက် စိတ်ကျရောဂါသည် တတိယနေရာ၌ရှိသည်။ အသက် (၁၅) နှစ်နှင့် (၂၉) နှစ်အကြား သေဆုံးရ သည့် အဓိကအကြောင်းအရာများထဲတွင် မိမိကိုယ် မိမိ သတ်သေခြင်းသည် ဒုတိယနေရာ၌ရှိသည်။ မြီးကောင်ပေါက်အရွယ်တို့အကြား အရက်နှင့် မူးယစ်ဆေးတို့ကို အန္တရာယ်ရှိစွာသုံးစွဲခြင်းသည် နိုင်ငံများစွာတို့တွင် အဓိက ပြဿနာတစ်ရပ်ဖြစ်ပြီး အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း သို့မဟုတ် အန္တရာယ်ရှိအောင် မော်တော်ယာဉ်မောင်းနှင်ခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အမူအကျင့်များဆီသို့ ဦးတည်သွားစေနိုင်သည်။
ကမ္ဘာကြီး၏ စိန်ခေါ်မှုများကို ကိုင်တွယ်ရန် အလို့ငှာ အစောဆုံး အသက်အရွယ်များမှနေ၍ စိတ်ဓာတ်ကြံ့ခိုင်အောင် တည်ဆောက်ရန် လူငယ် များအား ကူညီရန်မှာ အရေးကြီးကြောင်း သိရှိလာ ကြသည်။ ကျန်းမာရေးကို မြှင့်တင်ခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်းသည် မြီးကောင်ပေါက်တို့၏ ကျန်းမာရေးအတွက် ရေတိုနှင့် ရေရှည်အကျိုး ကျေးဇူးများရရှိစေရုံသာမက ကျန်းမာသော လူငယ် များအနေဖြင့် လုပ်သားအင်အားစု၊ ၎င်းတို့၏မိသားစု များနှင့် အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး တွင် ကောင်းမွန်စွာ ပါဝင်လာနိုင်ခြင်းကြောင့် စီးပွား ရေးနှင့် လူ့အဖွဲ့အစည်းအတွက်လည်း အကျိုး ကျေးဇူးများစေနိုင်သည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း (MANA) ကလည်း မူးယစ်ဆေးစွဲလူနာနှင့် အရက်စွဲလူနာများကို အခမဲ့ကူညီပေးလျက်ရှိ ကြောင်း သိရသည်။ စိတ်ဝေဒနာရှင်များအား လူမှု အသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံပစ်ပယ်ထားခြင်း ထက် မိသားစုဝင်တစ်ဦးချင်းစီအနေဖြင့် ကြောက်ရွံ့ ဟန့်တားမှုမရှိဘဲ မိသားစုဝင်ချင်းဖြစ်စေ၊ ပရဟိတ အသင်းများ၏ စောင့်ရှောက်မှုများမှဖြစ်စေ၊ နိုင်ငံ တော်မှဖြစ်စေ လူငယ်များ၏ စိတ်ကျန်းမာရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ပြည့်စုံခိုင်မာသော စီမံ ချက်များရေးဆွဲကာ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာ ရေးကဏ္ဍများပါဝင်မှုသည် မရှိမဖြစ်အရေးကြီးပါ ကြောင်း ရေးသားလိုက်ရပါသည်။ ။