တင်ထက်ထက်ဇော်

ငှက်ဖျားရောဂါပိုး လူ့ခန္ဓာကိုယ်တွင်း တစ်ကြိမ်ဝင်သွားပါက ရောဂါအမြစ်ပြတ်ပျောက်ကင်းရန် လွန်စွာခဲယဉ်းလှပေသည်။ ပြင်းထန်သောအခြေအနေတွင် တစ်ကြိမ်တည်းဖြင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။ ငှက်ဖျားရောဂါသည် ဖွံ့ဖြိုးစနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်း၌ ငှက်ဖျားရောဂါပိုးဖြစ်ပွားသူဦးရေ သန်း ၃၅၀ မှ ၅၀၀ နီးပါးမျှရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်သန်းမှ သုံးသန်းကြားတွင် ရှိနေခြင်းကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ အထူးသဖြင့် ကမ္ဘာကြီးပူနွေးမှု၊ ရာသီဥတုပြောင်းလဲမှုသည် ငှက်ဖျားရောဂါကို ပိုမိုကျယ်ပြန့်စေသဖြင့် ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၅၀ ပြည့်နှစ်အကြား လူပေါင်း ၆၀၀၀၀ ခန့် ငှက်ဖျားရောဂါကြောင့် သေဆုံးနိုင်ဖွယ်ရှိကြောင်းနှင့် လက်ရှိကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါအပေါ် အထူးအလေးပေးအားစိုက်နေရသဖြင့် ကမ္ဘာတစ်ဝန်းငှက်ဖျားရောဂါကြောင့် သေဆုံးမှုသည်လည်း ၁၂ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုသည်။ 

ကမ္ဘာ့ငှက်ဖျားရောဂါနေ့

WHO က နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့ကို ကမ္ဘာ့ငှက်ဖျားရောဂါနေ့ (World Malaria Day) အဖြစ် သတ်မှတ်ကာ ကျန်းမာရေး အသိပေးလှုံ့ဆော်မှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် ကျင်းပခဲ့သော အကြိမ် (၆၀) မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံက ငှက်ဖျားရောဂါကို ကာကွယ်ကုသရန်နှင့် ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာများ အကောင်အထည်ဖော်မှု နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကျယ်ပြန့်စွာ ပညာပေးဖြန့်ဖြူးနိုင်စေရန် ရည်ရွယ် ၍ World Malaria Day အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ငှက်ဖျားရောဂါ ကူးစက် ခံစားရဆုံးသူများမှာ အာဖရိကတိုက် ဆာဟာရဒေသတွင်းမှ ကလေးငယ်များဖြစ်ကြသည်။ ထို့ကြောင့် တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (SADC) ကလည်း နှစ်စဉ် နိုဝင်ဘာလ ၂ - ၆ ရက်နေ့ကို “SADC Malaria Week” အဖြစ် သတ်မှတ်ထားပြီး နိုဝင်ဘာလ ၆ ရက်နေ့ကိုလည်း “SADC Malaria Day” အဖြစ် အထူးတလည် သတ်မှတ်ထားသည်။ 

ထို့ကြောင့် ကုလသမဂ္ဂက ထောင်စုနှစ်ရည်မှန်းချက်အဖြစ် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ခွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တရားဝင်ကြေညာထား သည်။ အဆိုပါစီမံချက်ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ငှက်ဖျားဆေးဝါးများ ပိုမို ဖြန့်ဖြူးလာသည့်အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီ ဖြစ်သည်။ အဆိုပါစီမံချက်အတိုင်း မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် ဦးတည်ဆောင်ရွက်နေကြောင်း “ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အထိမ်းအမှတ်အခမ်းအနား” သတင်းများအရ သိရသည်။ ယင်းအထိမ်းအမှတ်အခမ်းအနားကို “End Malaria For Good” “လူသားအားလုံး ကျန်းမာဖို့အရေး ငှက်ဖျားရောဂါတိုက်ဖျက်မနှေး” နှင့် “United Fight Against Dengue” “သွေးလွန်တုပ်ကွေးတိုက်ဖျက်ဖို့၊ စုပေါင်းညီညာ ဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၁၇ ခုနှစ်က နေပြည်တော်တွင် ကျင်းပခဲ့သည်။

ကလေးများအတွက် WHO အကြံပြုချက်

ဗြိတိန်အခြေစိုက် ဂလက်ဆိုစမစ်ကလိန်း ကုမ္ပဏီကထုတ်လုပ်သော RTS,S/ASO1 (Mosquirix) အမည်ရှိ ကမ္ဘာ့ပထမဆုံး ငှက်ဖျား ရောဂါကာကွယ်ဆေးကို ဂါနာနိုင်ငံ၊ ကင်ညာနိုင်ငံ နှင့် မာလာဝီနိုင်ငံတို့၌ ၂၀၁၉ ခုနှစ်မှစ၍ ရှေ့ပြေးအဖြစ် စမ်းသပ်အသုံးပြုခဲ့ပြီး ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုတို့ကို ကလေးများအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။ သုတေသီများက Mosquirix ငှက်ဖျားကာကွယ် ဆေးကို ဖော်ပြပါနိုင်ငံ သုံးနိုင်ငံမှ ကလေးဦးရေ ရှစ်သိန်းကျော်ကို အသက် ငါးလ၊ ခြောက်လအရွယ်မှစ၍ တစ်လစီခွာပြီး သုံးလုံးထိုးနှံပေးခဲ့ရာ ပထမဆုံး အလုံးထိုးနှံပြီး ၁၈ လအကြာတွင် စတုတ္ထအလုံးကို ထိုးနှံပေးခဲ့သည်။ စမ်းသပ်မှုထွက်ပေါ်လာသည့် ရလဒ်များအရ Mosquirix ကာကွယ်ဆေး ပထမဆုံး သုံးလုံးထိုးနှံပြီးချိန်တွင် အသက် ငါးနှစ်နှင့် ခုနစ်နှစ်ကြားရှိ ကလေးများ၌ ငှက်ဖျားရောဂါကူးစက် နိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး အသက်ရက်သတ္တခြောက်ပတ်နှင့် ၁၂ ပတ်ကြား ကလေးများ တွင် ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ ထို့ပြင် ၎င်းကာကွယ်ဆေးသည် ရောဂါပြင်းထန်စွာ ခံစားရမှု၏ ၃၀ ရာခိုင်နှုန်းကို လျော့နည်းစေကြောင်း၊ Mosquirix ကာကွယ်ဆေး ပေါ်ထွက်လာစေရန် နှစ်ပေါင်း ၃၀ ကျော် ကြိုးပမ်းခဲ့ရပြီး ယင်းကာကွယ် ဆေးထွက်ပေါ်လာမှုသည် လူသားကျန်းမာရေးသမိုင်းတွင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ပြီဖြစ်ကြောင်း WHO က ပြောကြားသည်။ ထို့ကြောင့် ကလေးများကို Mosquirix ထိုးနှံပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလဆန်းမှစပြီး ကမ္ဘာ့နိုင်ငံ များသို့ အကြံပြုထားသည်။ 

မြန်မာနိုင်ငံနှင့် ငှက်ဖျားရောဂါ

မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ လေးသိန်း ကျော်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ရောဂါဖြစ်စဉ်လျော့ကျသွားပြီး ၂၀၁၇ ခုနှစ် သြဂုတ်လအထိ မြန်မာပြည် တွင် ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ တစ်သိန်းကျော်သာရှိတော့ကြောင်းနှင့် ယင်းနောက်ပိုင်း ရောဂါဖြစ်ပွားမှုနှုန်းများလည်း  ကျဆင်းလာပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ မည်သို့ပင် ဆိုစေကာမူ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံး  ဖြစ်ပွားသေဆုံးမှုနှုန်းမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည်လည်း အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံ များနှင့်အတူ ဖြစ်ပွားသေဆုံးမှုနှုန်း အများဆုံးတွင် ပါဝင်နေသည်။ မြန်မာ့လူဦးရေ တစ်ဝက်ကျော်သည် ငှက်ဖျားရောဂါ ကူးစက်မှုအန္တရာယ်ရှိသည့်ဒေသများတွင်နေထိုင်ကြရပြီး ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းစာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွားသူ သုံးသိန်းနီးပါးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။ ဒေသန္တရကျန်းမာရေးဝန်ထမ်းများက ကြိုးစားအားထုတ်လျက်ရှိသော်လည်း ယနေ့အချိန်အထိ ငှက်ဖျားရောဂါကို ထိထိရောက်ရောက် ချေမှုန်းနိုင်ရန် ခက်ခဲနေပါသေးသည်။ 

နောက်ဆက်တွဲဆိုးကျိုးများ လွန်စွာများပြား

ငှက်ဖျားရောဂါပိုး  သယ်ဆောင်လာသည့် အနောဖလီဟုအမည်ရသော “ခြင်မ” အကိုက်ခံရခြင်းကြောင့် ငှက်ဖျားရောဂါ ဖြစ်လာရသည်။ ထိုကူးစက် ရောဂါပိုးဖြစ်စေသည့် ခြင်မများက ညအခါတွင် ပို၍ ကိုက်လေ့ရှိသည်။ ငှက်ဖျားရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပြီး အကယ်၍ ကိုယ်ဝန် ဆောင်မိခင်လောင်းများ ငှက်ဖျားရောဂါဖြစ်သည့်အခါ အချိန်မတိုင်မီ ကလေးမီးဖွားခြင်း၊ ကိုယ်အလေး ချိန်မပြည့်သောကလေးမွေးဖွားခြင်း၊ မွေးဖွားပြီးပြီးချင်း ကလေးသေဆုံးခြင်း၊ သားလျှောခြင်းတို့ ဖြစ်နိုင် သည်။ ထိုခြင်မအကိုက်ခံရပြီးနောက် ဆယ်ရက်မှ ရက်သတ္တသုံးပတ်အတွင်း ငှက်ဖျားပိုးဝင်သွားသည်။ လူ့ခန္ဓာကိုယ်တွင်း ငှက်ဖျားရောဂါပိုး တစ်ကြိမ်ဝင်မိပြီဆိုသည်နှင့် လုံးဝအမြစ်မပြတ်နိုင် သို့မဟုတ် လွန်စွာခဲယဉ်းသည်။ ထို့ကြောင့် ငှက်ဖျားရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ လွန်စွာများပြား လှသဖြင့် ခြင်ကိုက်မခံရအောင် နည်းအမျိုးမျိုးဖြင့် ကြိုတင်ကာကွယ်ထားသင့်ပါသည်။ 

သတိပြုဖွယ် ဆေးယဉ်ပါးငှက်ဖျားရောဂါ

ပုံမှန်ပေးနေကျ  ငှက်ဖျားဆေးများကို ခံနိုင်ရည်ရှိသော ဆေးယဉ်ပါးငှက်ဖျားရောဂါသည် အရှေ့တောင်အာရှနိုင်ငံများဆီ မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့လာပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဆေးပညာရှင်များက ထုတ်ဖော်ပြောကြားသည်။ ငှက်ဖျားရောဂါ နှိမ်နင်းတိုက်ဖျက် သောနေရာတွင် အောင်မြင်ဖြစ်ထွန်းမှု ကြီးမားအောင် လုပ်ဆောင်လာနိုင်ခဲ့သော်လည်း ဆေးဒဏ် ခံနိုင်သော ရောဂါပျံ့နှံ့လာမှုက ခြိမ်းခြောက်လာလျက်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံတွင် လက်ရှိငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းနေသော်လည်း ဆေးယဉ်ပါးငှက်ဖျားရောဂါအတွက် စိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနက သတိပေးထားသည်။ ဆေးယဉ်ပါးငှက်ဖျားရောဂါဆိုသည်မှာ ငှက်ဖျား ဆေးများ ပုံမှန်မသောက်ခြင်း၊ ငှက်ဖျားဆေးအတု များ သောက်သုံးမိခြင်းတို့ကြောင့် ဖြစ်ပွားလာရကာ ဆေးမတိုးသောငှက်ဖျားရောဂါအဖြစ်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ၎င်းဆေးယဉ်ပါးငှက်ဖျား ရောဂါသည် ယခုအခါ အိမ်နီးချင်းနိုင်ငံတချို့တွင် ဖြစ်ပွားလျက်ရှိနေပြီး မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့လာခြင်းမဖြစ်ရလေအောင် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် ယင်းရောဂါအတွက်  အလေးထားကာကွယ် စောင့်ရှောက်မှုများဆောင်ရွက်ခြင်း၊ ဆေးဈေးကွက်တွင် ငှက်ဖျားဆေးအတုများ ဝင်ရောက်လာခြင်း မရှိစေရန်အတွက်ကိုလည်း သက်ဆိုင်ရာအစိုးရ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

ငှက်ဖျားရောဂါလက္ခဏာများ

ရောဂါလက္ခဏာများမှာ ချွေးစေးများထွက်ကာ ဖျား၍ချမ်းတုန်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ဝမ်းသက်ခြင်း စသည်တို့ဖြစ်သည်။ အကယ်၍ ရောဂါပြင်းထန်လာပါက သွေးအားနည်းခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ကာ သတိလစ်မေ့မြောခြင်း၊ အဖျားကြီးလွန်း၍ သတိလစ်မေ့မြောခြင်း၊ သွေးထဲတွင် သကြားဓာတ် လျော့ကျသွားခြင်း၊ အသက်ရှူလမ်းကြောင်းတွင် ပြဿနာကြီးဖြစ်လာခြင်း၊ ကျောက်ကပ်ပျက်စီး ခြင်း၊ သရက်ရွက်ကြီးခြင်းတို့ ဖြစ်လာသည်။

အချုပ်အားဖြင့်ဆိုသော် ကမ္ဘောဒီးယား၊ တရုတ် (ယူနန်ပြည်နယ်)၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အပါအဝင် မဟာမဲခေါင်ဒေသခွဲခြောက်နိုင်ငံသည် ငှက်ဖျားပပျောက်ရေးတွင် တိုးတက်မှု ဆက်လက်လုပ်ဆောင်နေပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း ငှက်ဖျားရောဂါ ၉၇ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း အစီရင်ခံတင်ပြထားသည်ကို လေ့လာသိရပါသည်။ မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှဒေသအတွင်း တီဘီ၊ အိတ်ချ်အိုင်ဗွီနှင့် ငှက်ဖျားရောဂါဖြစ်ပွားနှုန်း အများဆုံးနိုင်ငံများတွင် ပါဝင်နေဆဲဖြစ်သော်လည်း ယင်းအစီရင်ခံစာအရ ရောဂါတိုက်ဖျက်ရေး၌ အောင်မြင်မှုရှိနေသည်မှာ ဝမ်းသာစရာဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ငှက်ဖျားရောဂါသည် မိမိ၏ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်များ ပြောင်းလဲမှုကြောင့် ဖြစ်ပွားသည် များ ရှိသကဲ့သို့ လူတစ်ဦးမှတစ်ဦးထံ တစ်ဆင့် ကူးစက်ဖြစ်ပွားသည့်ရောဂါများကိုလည်း တွေ့ရှိ နေရသဖြင့် ပေါ့ပေါ့ဆဆမနေသင့်ပေ။

ထို့ပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်း၊ လူအများ တစ်နေရာမှတစ်နေရာသို့ သွားလာမှု များပြားခြင်း၊ ဆေးယဉ်ပါး ငှက်ဖျားပိုးများ ပျံ့နှံ့လာခြင်း၊  ငှက်ဖျားဆေးဝါးအတုများနှင့် အရည်အသွေးမပြည့်ဝသော ဆေးဝါးများကို အသုံးပြုမိခြင်းနှင့် ငှက်ဖျားရောဂါကိုဖြစ်စေသော ခြင်များ အလေ့အထပြောင်းလဲလာခြင်းတို့က ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အတွက် စိတ်ခေါ်မှုတစ်ရပ် ဖြစ်နေသေးသည်။ ထို့ကြောင့် မိမိကစ ငှက်ဖျားရောဂါမဖြစ်စေရေး အတွက် နိစ္စဓူဝ သွားလာနေထိုင်မှုများ၌ သတိရှိ ကြစေလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်များအတိုင်း ပြည်သူလူထုတစ်ရပ်လုံး လိုက်နာသင့်ပါကြောင်း နှင့် ကမ္ဘာတစ်ခွင် ငှက်ဖျားရောဂါ ကင်းစင်စေချင် ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။