နေပြည်တော် ဧပြီ ၂၇
(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် (၇၀၁) မှ (၁၄၀၀) အထိ အတွဲပေါင်း (၇၀၀) အား ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။
ထို့နောက် ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်း အတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယင်းနောက် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀) အထိ တင်သွင်းထားသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင်ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက် စစ်ဆေးကာ ဧပြီ ၂၈ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်ရက်ပြပွဲများတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲ အတွဲပေါင်း ၃၃၀ ကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက် အတွဲပေါင်း ၅၄ တွဲကို လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၂၀၀၀ အနက် ကျောက်စိမ်းအတွဲ (၁) မှ (၇၀၀) အထိ အတွဲပေါင်း (၇၀၀) ကို ဧပြီ ၂၆ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲ (၅၂၃) တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။
ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်းဖြင့် ကျောက်မျက် ရတနာ ရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာအချောထည် လုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များ အဆင်ပြေခြင်း စသည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက်စီးပွားရေးအကျိုးဖြစ် ထွန်းမှုများရရှိနိုင် စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် ဧပြီ ၂၂ ရက်မှ ၂၈ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)