ပဲခူး ဧပြီ ၂၈
လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေခံဖြစ်သည့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)၌ ပါရှိသည့် စာရင်းအချက်အလက်များ ဖြည့်သွင်းခြင်းကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း ကျင်းပသည့် တိုင်းဒေသကြီးအတွင်း (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့် ဖြည့်သွင်းပြီးစီးခြင်း အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း (နိုင်-၄)စာရင်းအရ လူဦးရေ (၅၄)သိန်းကျော်ကို Excel Format ဖြင့် ဧပြီ ၄ ရက်မှစ၍ ဖြည့်သွင်းခဲ့ရာ ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အတိုင်း ပထမဆုံး (နိုင်-၄)စာရင်း ဖြည့်သွင်းမှု ရာနှုန်းပြည့် ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက (နိုင်-၄)စာရင်းမှတ်တမ်း (၅၄)သိန်းကျော်ကို (၂၄)ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် Excel Format ဖြင့် ရိုက်သွင်းခဲ့မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအတွင်းရေးမှူးက (နိုင်-၄)စာရင်းမှတ်တမ်းများ အချိန်မီပြီးစီးရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည့် ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (နိုင်-၄)စာရင်း မှတ်တမ်းများကို Excel Format ဖြင့် Server အတွင်းသို့ ထည့်သွင်းပြီးစီးသွားပါက e-Government ၏ အခြေခံတစ်ခုဖြစ်သည့် လူဦးရေနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို အချိန်တိုအတွင်း ရှာဖွေဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် (နိုင်-၄)စာရင်းသို့ ထပ်တိုးလာမည့် လူဦးရေစာရင်းကိုလည်း နေ့စဉ်ဖြည့်သွင်း သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်