၄ ဖေဖော်ဝါရီ
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုကို ကြားဖြတ် သမ္မတအဖြစ် စပိန်နဲ့ ဗြိတိန်တို့က ဒီကနေ့ အသိအမှတ်ပြုလိုက်ကြောင်းသိရပါတယ်။ သမ္မတ နီကိုလတ်စ် မာဒူရို ဟာ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ ပြုလုပ်ပေးရေး တောင်းဆိုထားချက်ကို ပယ်ချပြီးနောက် အခုလို အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။

ဂွိုက်ဒိုကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျး နဲ့ လက်တင်အမေရိကနိုင်ငံတွေက ကြားဖြတ်သမ္မတ အဖြစ် အသိအမှတ်ပြုပြီးဖြစ်ပါတယ်။
ကနေဒါနိုင်ငံနဲ့ လက်တင်အမေရိကန်နိုင်ငံများပါဝင်တဲ့ လီမာ ၁၄ နိုင်ငံ အဖွဲ့ ဟာ ဒီကနေ့ ကနေဒါနိုင်ငံ အော့တဝါမှာ ဗင်နီဇွဲလား နိုင်ငံ့အရေးနဲ့ ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးပါတယ်။ အခုတွေ့ဆုံတဲ့ နိုင်ငံတွေထဲက ၁၁ နိုင်ငံဟာ ဂွိုက်ဒိုကို ကြားဖြတ်သမ္မတ အဖြစ်အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန်ကတော့ ဗင်နီဇွဲလားကိစ္စမှာ စစ်ရေးဝင်ရောက်စွပ်ဖက်မှု ကလည်း ရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

သမ္မတ မာဒူရိုက ရုပ်မြင်သံကြားတွေ့ဆုံခန်းတစ်ခုကနေ ပြည်တွင်းစစ်ဖြစ်မယ့်အခြေအနေမှာ ရှိနေတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗင်နီဇွဲလားနိုင်ငံ့အရေးကို ဝင်ရောက်စွပ်ဖက်ခဲ့ရင် သွေးစွန်းမယ့်အခြေအနေမှာ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။
အခုလိုအခြေအနေမှာ ဗင်နီဇွဲလား စစ်တပ်ရဲ့ တုန့်ပြန်မှုကို နိုင်ငံတိုင်းက စိတ်ဝင်စားနေကြပါတယ်။ စစ်တပ်က မာဒူရိုကို ထောက်ခံနေတဲ့ မဏ္ဍိုင်တစ်ခုဖြစ်နေပါတယ်။ ဒါပေမယ့် တပ်အတွင်းမှာ သဘောထားကွဲလွဲမှုတွေ လည်း တွေ့နေရပါတယ်။
MDN
ကိုးကား -AFP
