မောင်သိန်းဆိုင်
၆-၅-၂၀၂၂ ရက်နေ့မှအဆက်
တင်တင်ရီသည် အံ့သြတုန်လှုပ်ခြင်းနှင့်အတူ နာကြည်း၍လည်း လာမိသည်။
“သူ့မှာ ရုပ်ရည်၊ ပညာနဲ့ ရာထူးက အစ အစစ ပြည့်စုံနေတာပဲ မဟုတ်လား”
“တော်ပါတော့ မေမေ။ တော်ပါတော့။ ကျွန်တော်ဆက်ပြီး မကြားပါရစေနဲ့တော့”
တင်တင်ရီသည် နားကိုတင်တင်း ပိတ်ရင်း အော်လိုက်မိသည်။
သည်တွင် မအေးမြ၏မျက်နှာမှာ တစ်မျိုးတစ်မည် ဖြစ်လာသည်။ တင်တင်ရီ၏ မျက်နှာကို အကဲခတ်သလို ကြည့်သည်။ တင်တင်ရီသည် ခင်မောင်စိုးအား တကယ်တမ်း မနှစ်သက်၍ ငြင်းပယ်လေသလား၊ သူနှင့် ခင်မောင်စိုးတို့အကြောင်းကို ရိပ်စားမိ၍လား စသည်ဖြင့် စူးစမ်းလာခြင်းဖြစ်သည်။
သည်နောက်ပိုင်းတွင် မအေးမြနှင့် ဆက်ဆံရသည်မှာ ပို၍ခက်ခဲလာသည်။ ထာဝစဉ်ဆိုသလို သံသယ မကင်းသော မျက်နှာမျိုးဖြင့် အကဲခတ်ခြင်း ခံနေရသည်။ ခင်မောင်စိုးက တစ်မှောင့်။
သူ့ဘက်ကသူတော့ သေချာနေဟန်ရှိသည်။ ပိုင်စိုးပိုင်နင်း ဆက်ဆံလာသည်။
စင်စစ် ခင်မောင်စိုးနှင့် မိမိလက်ထပ်စေလိုခြင်းမှာ မအေးမြ၏ အကြံအစည်ဖြစ်ကြောင်း တင်တင်ရီ ရိပ်စားမိလာသည်။ မိမိနှင့်ခင်မောင်စိုးတို့ လက်ထပ်လိုက်ခြင်းအားဖြင့် ခင်မောင်စိုးသည် အိမ်သို့ ရောက်လာမည်။ သူတို့ချင်း ပိုမိုနီးကပ်လာပြီး ပတ်ဝန်းကျင်၏ သံသယမကင်း ရှိမှုကို ရှောင်လွှဲနိုင်မည်ဟု တွက်ချက်မိပုံရသည်။ ခင်မောင်စိုးကို အရုပ်တစ်ခုလို သဘောထားနိုင်သည်။ တင်တင်ရီကိုလည်း စည်းရုံးနိုင်လိမ့်မည်ဟု အထင်ရောက်ခဲ့ပုံရသည်။
သို့ရာတွင် တင်တင်ရီနှင့်ပတ်သက်၍ သူထင်သလောက် မလွယ်ကူကြောင်း မအေးမြတွေ့ရလေသည်။ ခင်မောင်စိုးသည် တင်တင်ရီအား အကျပ်ကိုင်နိုင်ရန် အစီအစဉ်ပြုခဲ့ပြန်သည်။
ထိုနေ့က အိမ်တွင် ဖေဖေမရှိ။ မအေးမြမရှိ။ ကလေးများသည်လည်း မအေးမြနှင့်အတူပါသွားသည်။ အိမ်တွင် တင်တင်ရီ တစ်ယောက်သာရှိသည်။ အစက အိမ်သို့ ခင်မောင်စိုး ရောက်လာသည်မှာ လမ်းကြုံ၍ ဝင်လာသည်ဟုထင်သည်။ တမင်တကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း တင်တင်ရီမသိ။ သူမီးဖိုခန်းမှာ ရှိသည်။ ထမင်းအိုးငှဲ့နေသည်။
ခင်မောင်စိုးသည် သူ့နောက်သို့ တိတ်တဆိတ် ရောက်လာသည်။ ခြေသံမကြားရအောင် ချဉ်းကပ် လာသည်။ နောက်မှ သိမ်းကျုံးပွေ့ဖက်ခြင်းခံရမှပင် သူရောက်လာကြောင်း တင်တင်ရီသိသည်။ တင်တင်ရီမှာ ထမင်းအိုးတစ်ဖက်နှင့်မို့ ရုန်းကန်ရန် ခက်နေသည်။
“ခင်ဗျား ဘယ်လိုလုပ်တာလဲ ကိုခင်မောင်စိုး” ပါးစပ်က မကျေမချမ်းဆိုမိသည်။
“မင်းကို ချစ်လို့ပေါ့တင်တင်၊ မင်းကို ချစ်လို့ပေါ့”
“လွှတ်စမ်းပါ ကိုခင်မောင်စိုး၊ ကျွန်တော့်ကိုလွှတ်”
“ကိုယ့်ကိုချစ်တယ်လို့ မပြောမချင်း မလွှတ်ဘူး”
ခင်မောင်စိုးက အကျပ်ကိုင်သည်။ သူသည် တင်တင်ရီ၏ကိုယ်ကို ပွတ်သပ်ကိုင်တွယ်ရန် ကြိုးစားသည်။ ပါးကို နမ်းနိုင်ရန် အားထုတ်သည်။
တင်တင်ရီသည် အရုန်းရခက်ရုံမက အတွေးရလည်း ကျပ်လာသည်။ ရင်ထဲမှာမူ ဒေါသဂယက်ထန် နေသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်မတတ်ရှိသည်။
“နေဦး ကိုခင်မောင်စိုး၊ ကျွန်တော်ပြောဦးမယ်”
“ဘာပြောမှာလဲဟင်”
“ကျွန်တော့်မှာ ခင်ဗျားကို ပြောစရာတွေ တစ်ပုံကြီးပဲ၊ လွှတ်ရင်ပြောပြမယ်”
တင်တင်ရီ၏ အသံမှာ ပျော့ပျောင်းသည်။ ပြောပုံက ချိုသာသည်။ ခင်မောင်စိုးသည် တင်တင်ရီ သူ့ဘက်သို့ ပါလာပြီဟု ထင်ပုံရသည်။ လက်ကိုလျှော့လိုက်သည်။ ကိုယ်ကို လွှတ်ပေးလိုက်သည်။ တစ်ပြိုင် နက်တည်းမှာပင် တင်တင်ရီသည် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်လေသည်။
ခင်မောင်စိုး အထိတ်တလန့် ဖြစ်သွားသည်။
တင်တင်ရီသည် ခင်မောင်စိုးနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ သူ၏မျက်နှာမှာ ဒေါသဖြင့် နီမြန်း နေသည်။ ကိုယ်မှာ နတ်ကျသလို တုန်နေသည်။
“ဟုတ်တယ် ကိုခင်မောင်စိုး။ ခင်ဗျားကို ပြောစရာတွေ ကျွန်တော့်မှာ အများကြီးရှိတယ်။ ခင်ဗျားမို့ ကျွန်တော်နဲ့ လက်ထပ်ဖို့တောင်းဆိုတတ်ပလေဗျာ။ ခင်ဗျားမို့ ဒီစိတ်ကူးမျိုးရတတ်ပလေ။ ဒီမယ် ကိုခင်မောင်စိုး၊ လောကမှာ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိဘူးတဲ့။ ဒီစကားကလေးလောက်ကိုတော့ ခင်ဗျားသတိထားမိခဲ့ဖို့ ကောင်းပါတယ်”
ခင်မောင်စိုး၏ မျက်နှာမှာ သွေးဆုတ်သလို ဖြူရော်သွားသည်။ တင်တင်ရီကို ထိတ်လန့်တကြားကြည့် လိုက်သည်။
“ကျွန်တော်ဒီလောက်ပဲ ပြောမယ် ကိုခင်မောင်စိုး။ ဒါဆိုရင်လည်း ခင်ဗျားကိုယ်ခင်ဗျား ဘာဆိုတာ နားလည်နိုင်လိမ့်မယ်ထင်တယ်။ ဒီတော့ နောက်ထပ် ကျွန်တော့်ကို မစော်ကားဖို့ရယ်၊ လက်ထပ်မယ့်စကားကို မေ့ပစ်လိုက်ဖို့ရယ် ခင်ဗျားမှာ တာဝန်ရှိနေပြီ။ ဒီကြားထဲက ထပ်ကဲလာမယ်ဆိုရင်တော့ ခင်ဗျာ့ဒုက္ခကို ခင်ဗျားဘာသာ ရှာသလိုဖြစ်လာမှာပဲ ကိုခင်မောင်စိုး”
ခင်မောင်စိုး ဘာမျှမပြောတတ်တော့နိုင်။ ခေါင်းငိုက်စိုက်ကျသွားသည်။ တင်တင်ရီအပါးမှ ခွာသည်။ သည့်နောက်အိမ်တွင် သူ့မျက်နှာကို မကြာခဏမတွေ့ရတော့။ မလွဲမကင်းသာ၍ အိမ်သို့ရောက် လေပြီဆိုလျှင်လည်း ကြာရှည်မနေတတ်။
ခင်မောင်စိုးဘက်က စိတ်အေးရပြီဆိုသော်လည်း မအေးမြဘက်က မီးမငြိမ်းသေး။ ခင်မောင်စိုးက တင်တင်ရီနှင့်သူ့အဖြစ်ကို ပြန်ပြောခဲ့ဟန်တူသည်။ သူတို့အကြောင်းကို တင်တင်ရီ သိသွားခဲ့ပြီဟု နားလည်ဟန်ဖြင့် မအေးမြ အနေကျုံ့သည်။ သို့တိုင်အောင် ဆူဆူပူပူလုပ်ခြင်း၊ စောင်းမြောင်း ဆဲရေးခြင်းတို့ကို အခါတိုင်းကထက်ပြုမူသည်။ ယခုအခါ မအေးမြသည် အခါတိုင်းကထက်ပင် မိမိအားအိမ်မှာ ရှိမနေစေချင်ကြောင်း တင်တင်ရီ သိလာခဲ့ရသည်။
ဖေဖေ့ကို အားကိုးအားထားပြု၍လည်းမဖြစ်။ ဖေဖေသည် သည်ရက်ပိုင်းအတွင်း ပို၍အရက်သောက်သည်။ ပို၍မူးသည်။ အိပ်ရာထစမှသည် အိပ်ရာဝင်သည်အထိ ဖေဖေမူးနေတတ်မြဲ။ ပေါင်နှံစရာ လက်ဝတ်လက်စားမရှိတော့။ အိမ်ဂရန်ပေါင်ဖို့အထိ စဉ်းစားလာရပေပြီ။
ခင်မောင်စိုးထံမှ ငွေယူရသည်။ သုံးစွဲဖို့အပြင် ဖေဖေ့အရက်ဖိုးပါ သူပေးနေသည်။ သို့ဖြင့် ဖေဖေ ကိုယ်တိုင် ခင်မောင်စိုး၏ လူဖြစ်လာသည်။ ခင်မောင်စိုး ကို အားကိုးတကြီး ဖြစ်နေသည်။ လူတော်လူကောင်း တစ်ယောက်အနေနှင့် ထင်မှတ်လာသည်။ ဤသည်မှာလည်း အရက်ဖိုးမှန်မှန်ရခြင်း အကြောင်းတစ်ခု တည်းနှင့်ဖြစ်သည်။ ဖေဖေသည် အစသော် အရက်၏ ကျေးကျွန်ဖြစ်သည်။ ထိုမှ ဆက်နွှယ်လျက် ခင်မောင်စိုး ၏ ကျေးကျွန်ဖြစ်လာရသည်။
ခင်မောင်စိုးမှာလည်း ငွေကို အလဟဿ ပေးကမ်း ခဲ့သည်တော့ မဟုတ်။ သူ့မှာလည်း သူ့အကြံနှင့်သူပင်။ တစ်အိမ်လုံး လက်ဝါးကြီးအုပ်နိုင်ရန် ကြိုးစားခြင်းပင်။ ထိုမှသည် တင်တင်ရီအား အပိုင်စီးရန်အထိ ကြိုးစားမည်မှာ သေချာနေသည်။
များမကြာမီမှာပင် သူ၏နန်းဇာတိရုပ် ပေါ်လာသည်။ ဖေဖေမှတစ်ဆင့် လက်ထပ်ခွင့်ကို တောင်းဆို လာသည်။ အကယ်၍ သမီးဖြစ်သူက လက်ခံမည်ဆိုလျှင် လက်ထပ်ခွင့်ကို သူ့အနေနှင့် ငြင်းပယ်စရာ မရှိဆိုသော စကားကို ကြားရသည့်အခါ ဖေဖေသည် အရက်အတွက်နှင့် ခင်မောင်စိုးအပေါ် သည်အထိ လိုက်လိုက်လျောလျော ရှိနေပါပကောဟု စဉ်းစားမိသည်။
သို့ဖြင့်သည်အိမ်မှာ ဆက်လက်နေထိုင်ရန် မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း တွေးမိလာသည်။ သည်မြေကို စွန့်ခွာမှ ဖြစ်တော့မည်ဟု တွက်မိသည်။ ဆုံးဖြတ်ချက်နှင့် အဓိဋ္ဌာန်တို့သည်လည်း ပိုမိုခိုင်မာ လာရလေသည်။
သည်မြေ၊ သည်ဒေသကို တကယ်တမ်း စွန့်ခွာမည်ဆိုပြန်တော့လည်း ထင်သလောက် လွယ်ကူခြင်း မရှိသည့်အဖြစ်ကို တွေ့ရသည်။ စင်စစ် တင်တင်ရီအဖို့ ကမ္ဘာလောကသည် အများတကာတွေထက် ပိုမိုကျယ်ဝန်းသည်။ လျှို့ဝှက်နက်နဲခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ တင်တင်ရီသည် မန္တလေးမြို့ နယ်နိမိတ်ကို ကျော်ခဲ့ဖူးသည်မဟုတ်၊ မန္တလေးမြို့ အတွင်းမှာပင် ပတ်ပတ်နပ်နပ်နှံ့နှံ့စပ်စပ် သွားလာ ဖူးသည်မဟုတ်။ ကျွဲခြေရာကွက်ကို ကမ္ဘာတစ်ခုဟု ထင်နေရသည့် ဘဝမျိုး။
ထို့ကြောင့်လည်း တကယ်တမ်း ပြင်ပကမ္ဘာသို့ ထွက်ခွာရမည်ဆိုသောအခါ၊ ပြင်ပလောကအတွင်း တိုးဝင်ရတော့မည် ဆိုသောအခါ တင်တင်ရီ ကြောက်လန့်နေသည်။ နောက်တွန့်နေသည်။ ဆုတ်ဆိုင်းနေသည်။
မစွန့်ဖူးသူအတွက် စွန့်စားရမည့် အလုပ်လောက် ခက်ခဲသည့်အလုပ်မရှိ ဆိုသည်သို့ ဖြစ်သည်။ တင်တင်ရီသည် အိမ်မှာပင် ဆက်လက်သောင်တင် နေသည်။
ပူပြင်းခြောက်သွေ့သော နွေဥတုမှသည် အေးမြ စွတ်စိုသော မိုးဥတုသို့ ကူးပြောင်းစပြုလာသည်။ ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ရန် နီးကပ်လာချေပြီ။
ဥသြငှက်ငယ်သည် သည်မြေကို စွန့်ခွာသွားလေပြီ။ သူ၏လွမ်းမက်ဖွယ် တေးသံကို မကြားရတော့ ပြီ။ မည်သည့်နေရာကလာခဲ့သည်မသိရ။ ယခုလည်း မည်သည့် နေရာသို့ သွားမည်မပြောတတ်။ တေလေဆန်သော သူ့ဘဝမှာ တစ်မျိုးတော့ လွတ်လပ်သည်ဟု ထင်မှတ်ဖွယ်ရှိသည်။
ဥသြငှက်ငယ်ကဲ့သို့ လွတ်လပ်မှုမျိုးရှိလေလျှင်အဘယ်မျှကောင်းလေမည်နည်း။ တောအထပ်ထပ်ကို ဖြတ်ကာ၊ တောင်ယံအသွယ်သွယ်ကို ကျော်ကာ သည်မြေနှင့် ဝေးရာသို့ ပျံသန်းသွားလိုက်ချင်သည်။
ကျောင်းတို့ပြန်ဖွင့်လေပြီ။ ရက်အတန်ကြာမျှ အသံတိတ်ဆိတ်ခဲ့လေသော ကျောင်းစာသင်ခန်းတို့တွင် ကျောင်းသား ကျောင်းသူတို့၏ အသံဖြင့် ညံစီ စပြုပေပြီ။
တင်တင်ရီတို့မှာမူ အောင်စာရင်းအတွက်ကို ထိုင်စောင့်နေကြရသည်။ မအေးမြပြောသော စကားမှာ မှန်ကန်သည်။ မိမိအတွက် စာမေးပွဲ အောင်လျှင်လည်း တက္ကသိုလ်ပညာကို မျှော်လင့်၍မဖြစ်။ မအောင်လျှင်လည်း ကျောင်းပြန်တက်ရန် အခွင့်အရေး မရနိုင်တော့ခြင်းကို နားလည်လာသည်။ သူမကျောင်းဆက်နေရေး၊ ကျောင်းပြန် တက်ရေးတို့ကို မည်သူ့မျှ စကားစပ်မပြောဘဲ နေကြသည်။
သည်အိမ်မှာ မိမိသည် လူပိုတစ်ယောက်လိုဖြစ်နေကြောင်း တင်တင်ရီမြင်ရသည်။ စင်စစ်တွင်လည်း တစ်အိမ်သားလုံးနှင့် သူတို့သွေးသားမတော်စပ်၊ သည်အိမ်တွင် ရှိသောသူမှန်သမျှ သူနှင့် သူစိမ်း ပြင်ပြင်ချည်းပါကလား။
တင်တင်ရီသည် အများတကာတို့အကြားမှာပင် မိမိကိုယ်ကိုယ် အထီးကျန်ဆန်နေရသည်ဟု မှတ်ထင်မိသည်။
စာမေးပွဲအောင်စာရင်းများ အမြန်ဆုံး ထွက်စေချင်သည်။ စာမေးပွဲအောင်လျှင် မိမိတစ်ဝမ်းတစ်ခါး အတွက်တော့ စိတ်ချရမည်ထင်သည်။ စာမေးပွဲ ကျရှုံးရမည့်အဖြစ်ကိုမူ မတွေးရဲ။
မျှော်လင့်မိကာမှ အောင်စာရင်းက ထွက်ခဲလှသည်။
ယင်းကာလမှာပင် သည်အိမ်မှထွက်ခွာရဖို့ အကြောင်းသည် အလိုလိုပေါ်ပေါက်လာခဲ့လေသည်။