နေပြည်တော် ၄ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် ကင်ဆာရောဂါဆိုင်ရာ အသိပညာ မြှင့်တင်ရေးနှင့် စုပေါင်းကိုယ်လက်လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစား(B)ရုံ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် (World Cancer Day 2019-2021) ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါကြောင်း၊ ကင်ဆာရောဂါကို ဘယ်လိုကာကွယ်ရမည်၊ ဘယ်လိုကုသရမည့်အကြောင်းကို ၂၀ဝ၈ ခုနှစ်မှာ စတင်၍ ပြဌာန်းခဲ့ကြောင်း၊ အရင်ဆုံး ကင်ဆာရောဂါနဲ့ ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများ၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုလျော့ကျစေရေး ရည်ရွယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ် ကမ္ဘာ့လူဦးရေ (၉ ဒသမ ၆)ရာခိုင်နှုန်းခန့် ကင်ဆာရောဂါကြောင့် သေဆုံးလျက်ရှိပါကြောင်း၊ ကင်ဆာရောဂါ စောစီးစွာ တွေ့ရှိရေးအကြောင်း သိအောင်လေ့လာ ရမည်ဖြစ်ပါကြောင်း၊ ကင်ဆာဖြစ် နိုင်ချေ လျှော့ချရန် အဓိကအချက်(၂)ချက်ဖြစ်သော နေ့စဉ် နာရီဝက်ခန့် ပုံမှန်လမ်းလျှောက်စေလိုကြောင်းနှင့် စိတ်ဖိစီးမှုများလျှော့ချရန်လိုအပ်ကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏ ဆိုသော ဆိုရိုးစကားနှင့်အညီ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေပြီး ကင်ဆာရောဂါ ဖြစ်နိုင်ချေကိုပါ လျော့ကျစေမည်ဖြစ်ပါကြောင်း၊ မိမိလေ့လာသိရှိပြီး မိမိချစ်ခင်တဲ့သူ/ မိမိ၏ မိသားစုတွေကို ကာကွယ်လာနိုင်မည် ဖြစ်ကြောင်းနှင့် ကမ္ဘာမှာရှိတဲ့ လူသားများအားလုံး ကင်ဆာရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ် ကုသရမည် ဆိုတာ သိပ္ပံပညာရှင်များ ရှာဖွေ နေကြောင်းနှင့် ယခုပြုလုပ်သည့် အခမ်းအနားကို အင်တိုက် အားတိုက် တက်ရောက်လာကြသူများအား ကျေးဇူးအထူးတင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကုတင်(၁၀ဝဝ)ပြည်သူ့ဆေးရုံကြီးမှ ကင်ဆာရောဂါ ဆေးပညာ အထူးကုဆရာဝန် ဒေါက်တာခင်ခင်နွယ်မှ ကင်ဆာရောဂါ ဆိုင်ရာများကို အသိပညာပေး ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် ယခင်ကထက် များပြားလာကြောင်း၊ အမျိုးသားတွေမှာ ကွမ်းစားခြင်းကြောင့်ဖြစ်သောခံတွင်းကင်ဆာနှင့် အဆုတ်ကင်ဆာ၊ ဦးခေါင်းကင်ဆာ ဖြစ်ပွားမှုဟာ အများဆုံးဖြစ်နေသလို အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေ အများဆုံးဖြစ်ပွားနေကြောင်း၊ အကြိတ်ဖြစ်လျင် ဆေးရုံ/ဆေးခန်း ပြသင့်ကြောင်း၊ ဆေးမြီးတိုများနှင့် မကုသသင့်ကြောင်း၊ ကင်ဆာရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများ၊ ကင်ဆာရောဂါစောစီးစွာ တွေ့ရှိရေးနှင့် ကင်ဆာရောဂါ ကုသ ပျောက်ကင်းရေးတို့ကို အသိပညာပေးဆွေးနွေးသည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက Physical Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
