ရန်ကုန် ၄ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်၍ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သော ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ (၃)နှစ်တာကာလ လူထုလှုပ်ရှားလမ်းလျှောက်ပွဲကို ဖေဖော်ဝါရီ ၄ ရက်နံနက် ၅ နာရီက မိုင်ဒါကွင်းအနီး မြို့မကျောင်းလမ်းနှင့် စကားဝါလမ်းထောင့်မှ ဗဟန်းမြို့နယ်ဘောလုံးကွင်းသို့ အင်အားတစ်ထောင်ကျော်ဖြင့် စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။
နံနက် ၆ နာရီခွဲတွင် ဗဟန်မြို့နယ် ဘောလုံးကွင်းအတွင်း တိုင်းဒေသကြီးကုသရေး ဦးစီးဌာနဒေါက်တာထွန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး ကင်ဆာဆိုင်ရာ လူထုလှုပ်ရှားမှုစတင်သည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူတို့နှင့် မိုးပျံဖူးဖောင်းများကို လွှတ်တင်သည်။ အဆိုပါအခမ်းအနားတွင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ ကျန်းမာရေးနှ င့်အားကစားဝန်ကြီးဌာနသို့ မိမိရင်သားမိမိစမ်းသပ်နည်း သင်ပြရန် ရင်သားအတု(Breast Training Models) (၅၀)ခု လှူဒါန်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားဦးစီးဌာနမှ Zu mba (ဇွန်းဘား)နှင့် ကိုယ်လက်ကြံခိုင်ရေးကို သရုပ်ပြသရာ တက်ရောက်လာသူတို့က လိုက်ပါဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့တွင် ပူးပေါင်းပါဝင်ရခြင်းရည်ရွယ်ချက်မှာ ကင်ဆာရောဂါအကြောင်း ပြည်သူလူထုအကြား အသိပညာများတိုးပွားစေပြီး ကင်ဆာရောဂါကာကွယ်ရေးနှင့် စောစီးစွာ ဖော်ထုတ်သိရှိနိုင်စေရန် နှင့် နိုင်ငံတကာ ကင်ဆာထိန်းချုပ်ရေးအဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော (၂၀၁၉-၂၀၂၁) ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ (၃)နှစ်တာ ကျင်းပမည့် လှုပ်ရှားမှုကြီးကို စတင်ခြင်းအစီအစဉ်တွင် ပါဝင်ရန်ဟူ၍ဖြစ်သည်။
ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ (၃)နှစ်တာကာလ ကင်ဆာအသိပညာမြှင့်တင်ရေး လူထုလှုပ်ရှားမှုအား မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပခြင်းဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးရုံ၊ ဆေးခန်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများ ပူးပေါင်းအင်အား(၁)ထောင်ကျော် တက်ရောက်၍ ကင်ဆာအသိပညာမြှင့်တင်ရေး လူထုလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
သန်းထိုက်