မန္တလေး ၄ ဖေဖော်ဝါရီ
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့် အိမ်ထောင်ရှင် မယ် စကြဝဠာအလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် လဲ့ရည်မွန်ကျော်အောင်က Title ဆုနှစ်ခု ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Mrs.Universe Sensitive 2018 ဆုနှင့် Mrs.Universe Best Cocktial Dress 2018 Special Award ဆုတို့ကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘Mrs.Universe Best Cocktial Dress ဆုက နောက်ဆုံး Final မှပေးတာ။ ကိုယ့်ရဲ့ နေထိုင်ပြောဆိုမှုတွေကို အကောင်းဆုံးဖြစ်အောင်နေတယ်။ မြန်မာကို အထင်မသေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တခြားနိုင်ငံတွေက အထင်မသေးအောင်နေထိုင်ခဲ့တယ်။ မြန်မာဆိုတာ သိအောင် အရမ်းကို ကြိုစားခဲ့ရပါတယ်’ ဟု မြန်မာနိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် လဲ့ရည်မွန်ကျော်အောင်က ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် Mrs.Universe ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈၀ က အလှမယ် ၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အိမ်ထောင်ရှင်မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် လှနုထွန်းက ၂၀၁၆ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အလှမယ်ကေခိုင်နှင်းတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Title Award နှင့် စကာတင် ၂၅ စာရင်း ထိဝင်ရောက်ခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်
