တာချီလိတ်  ၄  ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား    ခြောက်ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ ဖေဖော်ဝါရီ ၄ ရက်နေ့က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံပြီးနောက်တွင် ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် CNCMC တို့က ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၈၂ ဦးရှိပြီး အမျိုးသား ၁၁၇ ဦး၊ အမျိုးသမီး ၆၁ ဦးနှင့် ကလေး လေးဦးတို့ ပါဝင်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

 

photo(1)