လင်းဆက်
နှစ်ပေါင်း ၃၀၀ အတွင်း အလှုပ်ခတ်ဆုံးသောအရာကို ပြောပါဟုဆိုပါလျှင် “စွမ်းအင်” ဟု ဖြေပါရစေ။
ကမ္ဘာပေါ်တွင် ရှေးအတီတေကာလကတည်းကပင် ရေကြောင့် စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သလို စွမ်းအင်ကြောင့် ဖြစ်သော စစ်ပွဲများသည်လည်း မျက်မှောက်ခေတ်စစ်ပွဲတို့၏ ရာခိုင်နှုန်း ၈၀ နီးပါးရှိသည်ကို တွေ့ရသည်။ စွမ်းအင်ကြောင့် အတိတ်ကစစ်ပွဲကြီးတွေ ဖြစ်ခဲ့သည့်နည်းတူ ယနေ့လည်း ဖြစ်နေဆဲ၊ နောင်လည်းဖြစ်နေပေဦးမည် မလွဲ။ စွမ်းအင်သည် နိုင်ငံရေးဖြစ်သလို စွမ်းအင်လုံခြုံရေး သည်လည်း နိုင်ငံတော်လုံခြုံရေး ဖြစ်လာသည်။ ပစ္စက္ခကာလ ကမ္ဘာ့နိုင်ငံရေးတွင်လည်း စွမ်းအင် သည် လက်နက်တစ်ခုဟုဆိုလျှင် မမှားပေ။
ပထမစက်မှုတော်လှန်ရေးနှင့် ဒုတိယစက်မှု တော်လှန်ရေးတို့၏ အဓိက အပြောင်းအလဲကား စွမ်းအင်အသုံးချနိုင်မှုပင် ဖြစ်သည်။ စွမ်းအင်ကို များများအသုံးချနိုင်သူက ကုန်ထုတ်လုပ်မှုအများဆုံး ထုတ်လုပ်နိုင်ပြီး ဓနဥစ္စာထားစရာမရှိအောင် ကြွယ်ဝခဲ့ကြသည်။ စွမ်းအင်ကို မည်မျှအသုံးချခဲ့သနည်းဟုဆိုလျှင် ယင်းနိုင်ငံကြီးများက တစ်ဖက်စောင်းနင်း နည်းမျိုးစုံဖြင့် အသာစီးယူ အသုံးချခဲ့ခြင်းဟု ခပ်ကြမ်းကြမ်းဖြေရမည်။
စက်မှုအရင်းရှင်နိုင်ငံကြီးများက သူတို့နိုင်ငံ သူတို့လူမျိုးအကျိုးစီးပွားအတွက် အရာရာကိုချနင်းခဲ့ကြသည့်အပြင် စက်မှုလုပ်ငန်းများ တစ်ဟုန်ထိုး တိုးတက်လာမှုနှင့်အတူ စစ်လက်နက်နည်းပညာများပါ ကျွဲကူးရေပါ တိုးတက်လာပေရာ စစ်လက်နက်အင်အားအသာစီးဖြင့် နိုင်ငံငယ်လေးများအား ကိုလိုနီပြုခြင်း၊ အနိုင်အထက်ပြုခြင်းတို့ကို လက်ရဲဇက်ရဲ ဆောင်ရွက်ခဲ့ကြသည်။ မဖွံ့ဖြိုးသေးသော၊ စည်းလုံးညီညွတ်မှုအားနည်းသော နိုင်ငံများသည် စက်မှုနိုင်ငံကြီးများ၏ ကျွန်ဘဝသို့ ရောက်ခဲ့ကြရသည်။ ထိုအထဲတွင် မိမိတို့ဘိုးဘေးများပါ ခံခဲ့ကြရသည်မှာလက်တွေ့။
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာပြဿနာ
မျက်မှောက်ခေတ်တွင် ကမ္ဘာအဝန်း ကျယ်ကျယ်လောင်လောင်ဖြစ်နေသော ကိစ္စနှစ်ခုရှိသည်။ ပထမ အကြမ်းဖက်မှု ပြဿနာဖြစ်ပြီး ဒုတိယမှာ ရာသီဥတုပြောင်းလဲခြင်း ပြဿနာဖြစ်၏။ ထိုပြဿနာနှစ်ခုလုံးသည် လူသားတို့ဘဝ ရပ်တည်မှုကို ခြိမ်းခြောက်နေသည်ဟု ပြောကြသည်။ နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် ဦးချိုးခံရလိမ့်မည်။ သို့သော် ထိုကိစ္စများသည် ရိုးရှင်းမှုတော့မရှိ။ အထူးသဖြင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာပြဿနာတွင် အင်အားကြီးသူ အနိုင်ယူဟူသည့် သဘောရှိ၏။ အချို့က အဆိုပါပြဿနာ၏ ဇာစ်မြစ်ကို သိသိနှင့် မရောင်ရာ ဆီလူးနေကြသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့်ဟု ဓနအင်အားသာလွန်သူ၊ နည်းပညာသာလွန်သူတို့က လက်ဦးမှုယူကာ ပြောသည်။ မြန်မာမှုတွင် ငါးဖယ်ရိုးကို ပြောင်းပြန်ထိုးဟူသော ဆိုရိုးစကားရှိသည်။ ဆန့်ထုတ်စဉ်းစားကြည့်စေချင်သည်။
ရာသီဥတုပြောင်းလဲခြင်း တစ်နည်းကမ္ဘာမြေ ပူနွေးလာခြင်းကြောင့် သဘာဝဘေးဒဏ်များဖြစ်လာသည်မှာ မှန်ပါသည်။ သို့သော်မည်သည့်အတွက်ကြောင့်၊ မည်သူ့ပယောဂကြောင့် ဆိုသည်ကို အဆုံးသတ်ထိမကြည့်ဘဲ မျက်မှန်စိမ်းတပ်ကာ ဆင်ဝှေ့ရန်ရှောင်ပြောဆိုနေကြသည်မှာ သဘာဝမကျပေ။
ကျောက်မီးသွေးကို အလွန်အကျွံသုံးစွဲခဲ့
အနောက်နိုင်ငံများ၌ (၁၈) ရာစုမှ (၁၉) ရာစုတွင် စက်မှုလုပ်ငန်း အခြေတည်မိသည်မှ စက်မှု တစ်ခေတ်ဆန်းသည့် အဆင့်အထိ ရောက်ရှိခဲ့သည်။ အဆိုပါ စက်မှုလုပ်ငန်းကြီးများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရန်အတွက် ကုန်ကျစရိတ်သက်သာပြီး စွမ်းအားပြည့်ရသော ရုပ်ကြွင်းလောင်စာ အထူးသဖြင့် ကျောက်မီးသွေးကို အလွန်အကျွံ သုံးစွဲခဲ့ကြသည်။ ကျောက်မီးသွေးကို မီးရှို့လောင်ကျွမ်းစေကာ စက်မှုယန္တရားအမျိုးမျိုးကို မောင်းနှင်စေ၊ ဓာတ်အားပေး တာဘိုင်စက်များစွာကို လည်ပတ်စေခဲ့သည်။ စက်မှုနိုင်ငံကြီးများ၏ ကောင်းကင်ယံတွင် ကျောက်မီးသွေး မီးခိုးမှိုင်းတွေ မည်းမည်းမှောင်ခဲ့သည်။
ယခု ၂၁ ရာစုသို့ ရောက်ခဲ့ပြီ။ သူတို့၏ဘဏ္ဍာတိုက်တို့တွင် ပြည့်လျှံလျက်ရှိပြီ။ သို့သော် လောဘကို အတောမသတ်နိုင်ကြသေး။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးများသည် ကျောက်မီးသွေးကို တစ်ဝကြီး သုံးစွဲလာခဲ့ပြီးသည့်တိုင် မတင်းတိမ်နိုင်သေးဘဲ ဆက်လက်သုံးစွဲနေကြဆဲဖြစ်သည်။ အခြားစွမ်းအင် အရင်းအမြစ်များကို ရှာဖွေသုံးစွဲ အောင်မြင်လာသည့်တိုင် ကျောက်မီးသွေးကိုမူ ၁၀၀ ရာခိုင်နှုန်း မစွန့်လွှတ်၊ မစွန့်ပစ်သေး။ လျှော့ချရုံမျှသာရှိ၏။
“ကမ္ဘာကြီးပူနွေးလာမှုအတွက် ကာဗွန်ထုတ် လုပ်မှုလျှော့ချရေးလှုပ်ရှားမှု” ဟူသော လူရိုသေရှင်ရိုသေရှိမည့် ခေါင်းစဉ်တစ်ခုကို ဦးစွာရွေးချယ်လိုက်သည်။ ထိုလှုပ်ရှားမှုကို ဇန်းတင် အယုံသွင်းလာပြီး ခရီးပေါက်စပြုချိန်တွင် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ ကျိုတိုမြို့၌ Kyoto Protocol ကို စတင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် စတင်သက်ဝင် စေခဲ့သည်။ ထိုမှအစပြုကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ တွင် Kyoto Protocol အား ပြင်ဆင်မှုကို ကာတာနိုင်ငံ ဒိုဟာမြို့၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ယင်းကို ဒိုဟာပြင်ဆင်ချက်ဟု အမည်တပ်ခဲ့သည်။
ကျောက်မီးသွေးလောင်စာလျှော့ချရေး
ကာဗွန်လျှော့ချရေး လှုပ်ရှားမှုများကို အဆက်မပြတ် ဆောင်ရွက်လာခဲ့ရာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပသည့် UNFCCC (United Nation Framework Convention Climate Change) ၏ COP 21 အစည်းအဝေးကြီးတွင် ဆွေးနွေးခဲ့ကြပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပါရီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုညီလာခံက ကျောက်မီးသွေး စွမ်းအင်ကိုမသုံးဘဲ ဆိုလာစွမ်းအင်ကို ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်ကာ ကျောက်မီးသွေးစွမ်းအင်သုံး နိုင်ငံများရှိ စက်မှုလုပ်ငန်းမှန်သမျှကို တားဆီး နှောင့်ယှက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
နှစ်ပေါင်းများစွာ ကျောက်မီးသွေးလောင်စာကို အတိုင်းအဆမဲ့ သုံးလာသူများက ယခုအရေးကို ဦးဆောင်သည်မှာ ရယ်ဖွယ်ရာသာဖြစ်သည်။ သူတို့ကိုယ်တိုင် လုံးလုံးလျားလျား စွန့်ပစ်ပြီလားဟုတော့ မဟုတ်သေး။ သူတို့က လျှော့ချရုံ လျှော့ချခြင်းသာ ရှိသေးသည်။ ထိုလျှော့ချသည့် ပမာဏသည်ပင်လျှင် စက်မှုအရှိန်ယူစ နိုင်ငံငယ်များထက် အများကြီး ပိုနေသေးသည်။ သူတို့ခြေလှမ်းက ထင်သည်ထက် ပိုကြဲသည်ကို ဂရုတစိုက်ကြည့်လျှင် သိနိုင်သည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုဖို့ တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုး၊ အသာအယာတစ်သွယ်၊ အခြောက်အလှန့် တစ်နည်း လုပ်ဆောင်လာသကဲ့သို့ သူတို့၏ ကုန်ချောပစ္စည်းများ ကြော်ငြာသည့် အလုပ်ကိုလည်း ပူးတွဲ လုပ်ဆောင်လာကြသည်။ သူတို့နည်းပညာ၊ သူတို့၏ ထုတ်ကုန်တွေထဲက တစ်မျိုးဖြစ်သည့် ဆိုလာနည်းပညာ၊ ဆိုလာဆက်စပ်ပစ္စည်းတို့၏ ကောင်းခြင်းငါးဖြာကို မစားရဝခမန်း ကြော်ငြာကာ ဆိုလာစွမ်းအင်သည်သာ ပကတိ အမှန်တရားဖြစ်ကြောင်း တွင်တွင်ပြောဆိုလာကြသည်။ စင်စစ် စွမ်းအင်တိုင်းလိုလိုတွင် အားသာချက်ရှိသလို အားနည်းချက်များလည်း ရှိသည်သာဖြစ်၏။ ထိုအထဲမှ ကိုယ့်အရပ်နှင့်ကိုယ့်ဇာတ် ကိုယ့်ရေမြေ ကိုယ့်လူမျိုးနှင့် ကိုက်ညီသည်ကို ကိုယ့်ဘာသာ ရွေးချယ်သည်က အကောင်းဆုံးဖြစ်သည်။
မြန်မာနိုင်ငံနှင့်စွမ်းအင်များ
ဆိုလာစွမ်းအင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအခြေအနေနှင့် နည်းပညာရှုထောင့်က ပြောရမည်ဆိုလျှင် လုံးဝတည်ငြိမ်စွမ်းအင်ဖြစ်သည်ဟု ယတိ ပြတ်မဆိုသာချေ။
စက္ကန့်တိုင်းတွင် အပြောင်းအလဲ အတက်အကျတွေ ရှိသော၊ အခြေခံဝန်အားကို ရေအားလျှပ်စစ်ဖြင့် မောင်းနှင်နေရသည့် နိုင်ငံတစ်နိုင်ငံအဖို့ နည်းပညာ အခက်အခဲများစွာ ရှိလာနိုင်သည်။ ပထမအချက်အနေဖြင့် နေရောင်ခြည်အပြည့်အဝ ရရှိသည့် နိုဝင်ဘာလမှ ဧပြီလအထိ ၆ လတာ ကာလတွင်ပင် တစ်ရက်လျှင် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီ အထိသာ နေစွမ်းအင်ကို ရာနှုန်းပြည့် ရရှိပေရာ ယင်းကို ဝန်းရံပံ့ပိုးပေးမည့် အပူစွမ်းအင်သုံးစက်ရုံ အလုံအလောက် မရှိသေးပေ။
ဒုတိယအချက်အနေဖြင့် ထိုနေစွမ်းအင် အပြည့်အဝရရှိနိုင်သည့် နေရာများမှာ နိုင်ငံ၏အထက်ပိုင်း ဒေသများတွင် ရှိနေပြီး လျှပ်စစ်ဓာတ်အားကို ၅၀ ရာခိုင်နှုန်း ရယူသုံးစွဲသည့်ဒေသမှာ အောက်ပိုင်းဒေသများ ဖြစ်နေသည်။ ကီလိုမီတာ ၄၀၀ ခန့် ရှည်လျားမည့် ဓာတ်အားလိုင်း တည်ငြိမ်မှုကို နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတွေက ထောက်ပံ့ပေး နိုင်မှုသည် အခက်အခဲတစ်ခုဖြစ်သည်။ မိတ္ထီလာနှင့် တောင်ငူပတ်ဝန်းကျင်တွင် ဓာတ်အားပိတ်ဆို့ ကျပ်တည်းမှု ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ဓာတ်အားစနစ် ကို တည်ငြိမ်အောင်ထိန်းဖို့ ခက်ခဲသွားမည်ဖြစ်သည်။
တတိယအချက်မှာ မြန်မာနိုင်ငံတွင် မြေအခမဲ့မရခြင်း ဖြစ်သည်။ ခေတ်အမီဆုံးစနစ်များ တပ်ဆင်ထားသည့် နေရောင်ခြည်ခံပြားများ တပ်ဆင်ထားသည့် စက်ရုံများတွင်ပင် ၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် မြေနှစ်ဧကခန့် သုံးစွဲရသည်။ ထို့ကြောင့် ကြီးမားလှသော နေရောင်ခြည်စွမ်းအင်သုံး စက်ရုံကြီးများ တည်ဆောက်ရန်မှာ သံသယဖြစ်ဖွယ်ရှိ၏။ အကယ်၍ ဆောင်ရွက်နိုင်စေဦးတော့ ဓာတ်အားခနှုန်းထားမှာ ကြီးမြင့်လိမ့်မည်ဟု လွယ်လွယ်ကူကူတွက်ချက် နိုင်၏။
လေစွမ်းအားသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ အဆိုပြုချက်တွေလည်း တထောကြီး လက်ခံရရှိထားသည်။ လေစွမ်းအင်တွင်လည်း အလားတူအခက်အခဲများ ရှိပါသည်။ ထင်သာမြင်သာတစ်ခုမှာ လေရဟတ် တစ်ခုတည်ဆောက်ရာတွင် အသုံးပြုသည့်ပစ္စည်းများမှာ လေးလံပြီး ထုထည်ကြီးမားရှည်လျားသဖြင့် ယင်းတို့ကို လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရာတွင် လက်ရှိမိမိတို့နိုင်ငံရှိလမ်းများ၏ ခံနိုင်ဝန်အားကို တွက်ချက်ရန် လိုအပ်ခြင်းဖြစ်သည်။ တွက်ချက်မှုအရ ၀ ဒသမ ၅ မဂ္ဂါဝပ်မျှသာထွက်ရှိမည့် လေရဟတ်တစ်ခုတည် ဆောက်ရန် သယ်ယူပို့ဆောင်ရေးယန္တရား လိုအပ်ချက်မှာ တန် ၃၀ နောက်တွဲယာဉ် ၁၀ စီး၊ တန် ၆၀ နောက်တွဲယာဉ် လေးစီး၊ တပ်ဆင်မှုလုပ်ငန်းများတွင် အသုံးပြုရန် တန် ၁၀၀၀ ကရိန်းတစ်စီး၊ တန် ၅၀၀ ကရိန်းနှစ်စီး အကြမ်းဖျင်း လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ လမ်းတံတားများ၏ ခံနိုင်ဝန်အား သတ်မှတ်ချက်ကို လေ့လာကြည့်ပါက အခက်အခဲကို ပိုပြီးသဘောပေါက်လာမည် ဖြစ်ပါသည်။ လေအားဖြင့် လျှပ်စစ်ထုတ်ယူခြင်းသည်လည်း ဈေးနှုန်းမသက်သာလှ။ သုံးစွဲရန် လေ့လာဆန်းစစ်ချက်များအရ အများစုသည် စွမ်းဆောင်ရည်ညွှန်း ကိန်း ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး နည်းပညာမြင့်မားသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အုပ်စုတွင် ၄၀ ရာခိုင်နှုန်းအောက်သာ ရှိသည်ကို တွေ့ရသည်။
အကြံအစည်ဆိုးရှိကြ
သူတို့တွေက ကျောက်မီးသွေးကို တစ်ချက်လွှတ် အမိန့်ထုတ်ပိတ်ပင်ပြီး သူတို့ထုတ်ပစ္စည်းကိုပဲ သုံးစွဲဖို့ နည်းလမ်းစုံ အသုံးပြုလာသည်လောက်နှင့် ရပ်မနေသေး။ ကိုယ့်ခြေထောက်ပေါ် ကိုယ့်ဘာသာရပ်၊ ကိုယ့်တိုင်းပြည်တိုးတက်ရေး ကိုယ့်အစီအမံနှင့် ထူထောင်နေသည့် တိုင်းပြည်များ ရှေ့တန်းရောက် လာမည်ကိုလည်း မရှုဆိတ်ကြပြန်ချေ။ ငါတို့ပြောတာတွေ မလုပ်ရင် မင်းတို့လုပ်ချင်ရာ လုပ်တာကိုလည်း ငါတို့ဖျက်ဆီးမည်ဟု အကြံအစည်ဆိုး ရှိကြသေးသည်။ တမံတွေ မဆောက်ကြနှင့်၊ တမံတွေဟာ လူမှုပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်တယ် စသည့်အတွေးအခေါ်ကို မသိနိုးနား လူထုစိတ် အာရုံထဲသို့ တစိမ့်စိမ့်ဝင်နေအောင် ဖိသွင်းနေသည်။
ထိုနေရာတွင် နည်းလမ်းစုံဆိုသည့် စကားက ကျယ်ပြန့်သည်။ စိတ်ထားယုတ်ညံ့သူလက်ထဲ ငွေကြေးအပြည့် ရှိနေခြင်းသည် အမှန်တရားပျက်စီးဖို့ လမ်းစဖြစ်သည်။ ငွေမက်သည့် ပညာတတ်တွေ၊ ငွေမက်သည့်ကျော်ကြားသူတွေ၊ အုပ်ချုပ်သူအဖွဲ့အစည်းကို အကြောင်းအမျိုးမျိုးနှင့် နာကြည်းနေသည့် အငုံ့စိတ်ရှိသူတွေကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ စည်းရုံးသည်။ ထိုသူတို့ကို အသုံးချကာ စာစောင်တွေရေး၊ ကြေညာချက်တွေထုတ်၊ လမ်းပေါ်တက် ကြွေးကြော် စသည့်အလုပ်တို့ကို နေရာအနှံ့တွင် ခပ်စိပ်စိပ်လုပ်ကြသည်။ ကြာလာတော့ မျက်တောင်မွှေးတစ်ဆုံးသာ ကြည့်တတ်သူ တွေစိတ်ထဲတွင် အမှားကို အမှန်ထင်လာတော့သည်။
အဓိကအချက်နှစ်ချက်
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီအဖွဲ့အစည်းကြီးများက အဘယ့်ကြောင့် ထိုသို့လုပ်ကြသနည်းဟု အသေးစိတ်မေးခွန်းကို ထပ်မေးဖို့လိုမည်။ အဓိကကျသော အချက်နှစ်ချက်သာရှိသည်။ နံပါတ်တစ်အချက်မှာ လျှပ်စစ်နှင့်စွမ်းအင်ကို ရေငတ်သလို လိုချင်နေကြသော အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ကျွန်းစုနိုင်ငံငယ်များတွင် ကြီးမားသောဈေးကွက်ကြီးရှိနေပြီး ထိုဈေးကွက်ဝေစုကို များများသိမ်းပိုက်ချင်သည်။ နံပါတ်နှစ်အချက်မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာသည် လျင်မြန်စွာတိုးတက်လာခဲ့ပြီး စွမ်းဆောင်ရည် ကောင်းသော ပစ္စည်းများထုတ် လုပ်လာနိုင်ခဲ့ပြီဖြစ်ရာ နည်းပညာအဟောင်းဖြင့် ထုတ်လုပ်ထားခဲ့သည့် ပစ္စည်းတောင်ပုံယာပုံကို အစွံထုတ်ချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သဘာဝပတ်ဝန်းကျင် အကြောင်းပြချက်အခြေခံ ပြန်လည်ပြည့်ဖြိုးမြဲ လမ်းကြောင်းထွင်ခြင်းသည် စေတနာမှန်ဟုဆိုရန် ခက်လှသည်။ တည့်တည့်ပြောရလျှင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများက ဖွံ့ဖြိုးဆဲနိုင်ငံလေးများအပေါ် စွမ်းအင်နယ်ချဲ့ခြင်းမှအပ အခြားမရှိပြီ။
မင်းသားခေါင်းဆောင်းထားသည့် ဘီလူးဟူ၍ ဇာတ်တော်များတွင် ဖတ်ဖူးလိမ့်မည်။ သိုးအရေခြုံထားသည့် ဝံပုလွေဟု ပုံပြင်ထဲတွင်ဖတ်ဖူးလိမ့်မည်။ လူ့လောကနယ်ပယ်တွင်လည်း ဤနှယ်ဆင်ဆင်တွေရှိသည်။ မြင်အောင် ကြည့်တတ်ဖို့တော့ လိုသည်။ အနှစ်နှစ်အလလက ကမ္ဘာမြေသယံဇာတများစွာကို ထုတ်ယူကာ ညစ်ညမ်းအောင် ပြုလာသူတွေက ခုမှသဘာဝပတ်ဝန်းကျင်ကြီးကို ချစ်သလိုလိုပြောလာသည်။ ကမ္ဘာမြေကျန်းမာရေး ထိခိုက်စေခြင်း တရားခံမှာ ရုပ်ကြွင်းလောင်စာ အထူးသဖြင့် ကျောက်မီးသွေးဟု လက်ညှိုးငေါက်ငေါက် ထိုးလာသည်။ ဒါက တစ်ချက်ခုတ် သုံးချက်ပြတ် လှည့်စားချက်ဖြစ်သည်။
ပထမတစ်ချက်က ဒိတ်အောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းတွေကို အစွံထုတ်လို၍၊ ဒုတိယ ကမ္ဘာ့ကျောက်မီးသွေး လက်ကျန်ကို တစ်ဖက်လှည့်နှင့် သူတို့အိတ်ကပ်ထဲ ရောက်လို၍၊ တတိယ သူတို့ကို ကမ္ဘာသူ ကမ္ဘာသားတွေက သဘာဝပတ်ဝန်းကျင် ကယ်တင်ရှင်ကြီးတွေအဖြစ် သူကောင်းပြုစေလို၍ဖြစ်သည်။ အခြားတိုင်းပြည်များကို ကျောက်မီးသွေးသုံးစွဲခွင့် ပိတ်ပင်သော်လည်း သူတို့ကိုယ်တိုင်က စွမ်းရည်နိမ့်စက်ရုံငယ်များကို ရုပ်ပြဖျက်သိမ်းပြီး နည်းပညာမြင့် ကျောက်မီးသွေးစက်ရုံကြီးများကို အစားထိုးတည်ဆောက်လာခြင်းက ရှေ့စကားနှင့် နောက်စကားမညီပေ။ သို့သော် ဓနအင်အားကောင်းသူများပီပီ အစည်းအဝေးကြီးတွေ ဝှီးချဲကျင်းပကာ သူတို့ဖြစ်စေချင်ရာ ဆွဲဆောင်စည်းရုံးသည်။ သဘောမတူသူကို နှိပ်ကွပ်သည်။ သူတို့ခင်းသည့်လမ်းကြောင်း၏ အဟန့်အတားတစ်ခုမှာ ရေအားလျှပ်စစ်စက်ရုံများဖြစ်သည်။ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်လျှင် တမံတည်ဆောက်ရန် လိုသည်။ ထိုကြောင့် တမံများကြောင့် ကမ္ဘာမြေပျက်စီး ဆုတ်ယုတ်စေသည်ဟူသော ခေါင်းစဉ်တစ်ခုတီထွင်ကာ နည်းလမ်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်ပြန်သည်။ သူတို့၏ ထိုးနှက်တိုက်ခိုက်မှု အောင်မြင်သည့်ပြယုဂ်ကို မျက်ဝါးထင်ထင် မြင်နိုင်သည်။ တချို့သောနိုင်ငံများကမူ မိမိတိုင်းပြည်၏အကျိုးကို တစိုက်မတ်မတ်ကြည့် တည့်တည့်ပဲ လျှောက်လှမ်းကြသည်။
မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အရင်းအမြစ်ပေါင်းစပ်မှု
လျှပ်စစ်စွမ်းအင်ကို နည်းလမ်းပေါင်းစုံသုံး၍ ထုတ်လုပ်ကြရာတွင် မည်သည့်စနစ်က ကောင်းသည်၊ မည်သည့်စနစ်က မကောင်းဟု တထစ်ချ ပြော၍မရပါ။ အရာရာသည် အကောင်းနှင့်အဆိုး ဒွန်တွဲနေသည့် သဘောရှိသည်ဖြစ်၍ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အရင်းအမြစ်ပေါင်းစပ်မှု Generation Mix ကိုအခြေခံ၍ အကောင်းဆုံးဖြစ်စေရန်ဆောင် ရွက်ကြရမည် ဖြစ်ပေသည်။
အလားတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးအတွက် တိုးတက်ဖွံ့ဖြိုးမှုနယ်ပယ်၊ စီးပွားရေး တွက်ခြေကိုက်မှုနယ်ပယ်၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တွက်ချက် နယ်ပယ်များကို ချိန်ညှိ၍ အကောင်းဆုံးကို ရွေးယူကြရပါမည်။ ကိုယ့်အိုးနှင့်ကိုယ့်ဆန်သည်ကို ရွေးချယ်၍ စတင်အလုပ်လုပ်ပြီး အောင်မြင်လာလျှင် ပို၍ကောင်းသည်များကို ရွေးချယ်လာနိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံး၏ ၃၃ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားကို စနစ်တကျ ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ပြီး ကျန် ၆၇ ရာခိုင်နှုန်းကို အများနည်းတူသုံးစွဲခွင့် ရနိုင်ဖို့ကလည်း အရေးကြီးသည့် အချက် ဖြစ်ပါသည်။
သို့မှသာ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် အရေးပါသည့်အစီအစဉ်များကို ကျွဲကူးရေပါ ဆောင်ရွက်လာနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေး၌ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။