၅ ဖေဖော်ဝါရီ
“သမဂ္ဂါ သခိလာ ဟောထ” ညီညွတ်ကြ၊ တစ်ဦးနှင့်တစ်ဦး ပြေပြေပြစ်ပြစ် ဆက်ဆံကြ။ သည်လိုဆိုလျှင် ငြိမ်းချမ်းသာယာမည်ဟု ဗုဒ္ဓဘုရားရှင်က ဆိုသည်။
မညီညွတ်နိုင်သရွေ့၊ တစ်ဦးနှင့်တစ်ဦး ပြေပြေပြစ်ပြစ် မဆက်ဆံနိုင်ဘဲ နင်ပဲငဆ တိုင်းထွာနေကြသရွေ့ ပူလောင်နေကြဦးမည်ပဲ ဆိုသည်မှာ အသိဉာဏ် အနည်းငယ်ရှိကာမျှနှင့် တွေးဆသိရှိနိုင်ပါမည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မည် ဆိုကတည်းက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို ပြေပြေပြစ်ပြစ် ဆက်ဆံကာ မဖြေရှင်းနိုင်ခဲ့ကြ။ မျက်နှာချင်းဆိုင်ကာ စကားမပြောနိုင်ခဲ့ကြ။
ဘာကြောင့် ညီညွတ်လိုစိတ် မရှိခဲ့ကြတာပါလိမ့်ဟု တွေးမိတိုင်း နိုင်ငံရေး လောဘများကြောင့်လည်းပါမည်။ ကိုယ့်အယူအဆသာ အမှန်၊ ကိုယ်နှင့်အယူအဆ မတူမျှသူအပေါ်ထားသည့် ဒေါသကြောင့်လည်း ပါမည်။ တိုင်းပြည်၏ အကျိုးစီးပွား၊ ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှုမည်ဆိုလျှင် ညီညွတ်မှဖြစ်မည်၊ သဘောထားကြီးကြမှ ဖြစ်မည်ဟူသည့်အမှန်ကို မမြင်နိုင်သည့် မောဟလည်းပါမည်ဟု တွေးထင်မိပါသည်။
သည်လိုနှင့် လွတ်လပ်ရေးမရမီကတည်းက မြန်မာပြည်သူတို့ အမျှော် လင့်ကြီး မျှော်လင့်ခဲ့ရသော ငြိမ်းချမ်းရေးက နှစ်ကြာလာသည်နှင့်အမျှ ဝေးဝေးလာသည်မှာ နှစ်ထပ်တိုးဖြင့် တက်တက်လာနေသကဲ့သို့။
ပြည်သူတို့ကြားမှာ စစ်ကိုမလိုချင်ဘူးဟူသော ကြွေးကြော်သံကို အလေးအနက် ထုတ်ဖော်ပြောဆိုလာခဲ့ကြသော်လည်း စစ်ကို ယနေ့တိုင် မရှောင်လွှဲနိုင်ကြသေး။ စစ်တိုက်နေကြသူတို့၏ အဆုံးအဖြတ်များအတွင်းမှာ သေဆုံးနေရ ဒုက္ခခံနေရသည်က ပြည်သူတို့သာ ဖြစ်ချေသည်။
ထို့ကြောင့်လည်း ပြည်သူတို့မှာ ငြိမ်းချမ်းချင်လှပြီ။
မိသားစုတွင်း၌ အငြင်းပွားမှုများဖြင့် ပူလောင်နေသည့်အခါ ထိုအခြေ အနေတွင်းက အကျိုးအမြတ် ထုတ်လိုသည့်သူများက အခါအခွင့်ကောင်းဟု ယူဆကာ မီးထိုးပေးခြင်းကို သတိထားကြရန်လိုပါမည်။ မိသားစုရန်ပွဲများ ဖြစ်ခြင်းက မည်သူတို့ကို စီးပွားတက်စေသလဲ၊ အငြင်းပွားခြင်းများ ကြားက မည်သူတို့သာ အကျိုးစီးပွား တိုးသည်ထက် တိုးလာနေကြသလဲ၊ မိမိတို့ တကယ်အကျိုးဆောင်ပေးချင်သည်ဆိုသော လူထုမှာ စစ်ပွဲများကြောင့် မည်မျှလောက် ထိခိုက်ဒုက္ခ ရောက်နေကြပြီလဲ ဆိုသည်တို့ကို ခေတ္တမျှ ရပ်တန့်စဉ်းစားကြဖို့ လိုပါပြီ။
ပြည်တွင်း ပဋိပက္ခများသည် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် နိုင်ငံသားများ အားလုံးကြားရှိ တန်းတူညီမျှမှု စသည့် အရေးအရာများပေါ်တွင် များစွာမူတည်နေသည်ဖြစ်ကြောင်းကိုလည်း အလေးအနက်ထား စဉ်းစားကြရန် လိုပါမည်။
အပြန်အလှန်အားဖြင့် ပဋိပက္ခများ ကြီးမားလာလေလေ ပြည်သူတို့ ကြားက အဆိုပါအခွင့်အရေးများ ပိုမို ဆုံးရှုံးရလေဖြစ်လာနေသည် ကိုလည်း သတိပြုမိကြပါမည်။
အချုပ်အားဖြင့်ဆိုရလျှင် ကွဲပြားခြင်းက ပြည်သူလူထုအတွက် အကျိုးမဖြစ်။ ညီညွတ်ခြင်းကသာလျှင် ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံရေးအခက်အခဲ အကျပ်အတည်းများ၊ နိုင်ငံရေး ကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြမည်ဟူသော ဆုံးဖြတ်ချက် များပေါ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြဖို့ လိုပါမည်။
စစ်ပွဲများကို အားကိုးနေသရွေ့ ငြိမ်းချမ်းရေးကား ဝေးနေဦးမည်။ ပဋိပက္ခများပေါ်တွင်သာ အာရုံပြုနေခြင်းက ဒုက္ခနွံတွင်းသို့ ပြည်သူတို့ သက်ဆင်းနေရဦးမည်ဟူသည်ကို နိုင်ငံရေးအင်အားစုများအားလုံး၊ လက်နက်များ ကိုင်ဆောင်ထားသူများ အားလုံး သတိပြုကြဖို့ လိုပါမည်။
ပြည်သူတို့ ဆန္ဒပြုနေကြသကဲ့သို့ “စစ်ပွဲများရပ်” ကြရမည့်အချိန်ကို ရောက်နေပြီဟု ယူဆမိပါကြောင်း။ ။
မြန်မာ့အလင်း