၅  ဖေဖော်ဝါရီ

 

တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအားလုံး အေးအတူ၊ ပူအမျှ တစုတစည်းတည်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ရှိနေရေးတွင် အရေးကြီးသောအချက်ပင် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက တိုင်းရင်းသားလူမျိုးများ အစုအဖွဲ့လိုက် အေးချမ်းစွာ နေထိုင်ခဲ့ရာ ရံဖန်ရံခါတွင်အခန့်မသင့်၍ ပဋိပက္ခဖြစ်မှုများရှိခဲ့သော်လည်း မိသားစုအတွင်း မသင့်မတင့်ဖြစ်ခြင်းမျှသာရှိပြီး အချိန်တန်လျှင် ပြေအေးသွားခဲ့သည်ချည်းသာ ဖြစ်သည်။ အချင်းချင်းကွဲပြားခြားနားမှုနှင့် ပြည်ပမှ စွက်ဖက်နှောင့်ယှက်မှုများ ရှိခဲ့သောကာလများတွင် တစ်တိုင်းပြည်လုံးအား တစည်းတလုံးတည်း ဖြစ်အောင် ပြန်လည်စုစည်းထူထောင်ခဲ့ကြသည်။

 

သမိုင်းမော်ကွန်းရေးထိုးထားသော ပထမမြန်မာနိုင်ငံတော်ကြီးကိုအနော်ရထာမင်း ဦးဆောင်မှုဖြင့် စုစည်းတည်ထောင် နိုင်ခဲ့ပြီး ဒုတိယမြန်မာနိုင်ငံတော်ကို ဘုရင့်နောင်မင်းတရား ဦးဆောင်မှုဖြင့် စုစည်းတည်ထောင်နိုင်ခဲ့သည်။ တတိယမြန်မာနိုင်ငံတော်ကို အလောင်းမင်းတရား ဦးဆောင်မှုဖြင့် စုစည်းတည်ထောင်နိုင်ခဲ့ပြီး စတုတ္ထမြန်မာနိုင်ငံတော်ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုဖြင့် စုစည်းတည်ထောင်နိုင်ခဲ့ကာ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ယနေ့ထက်တိုင် ငွားငွားစွင့်စွင့် တည်ရှိနေသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို အတည်ပြုထားသော ဖွဲ့စည်းတည်ဆောက်ပုံအရ ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး ခုနစ်ခုကို အဓိက လူမျိုးစုများ စတင်အခြေချနေထိုင်ရာအဖြစ် အသိအမှတ်ပြုကြသည်ဆိုသော်ငြားလည်း တိုင်းရင်းသားလူမျိုးစုများသည် မည်သည့်နေရာဒေသ တွင်မဆို ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး မခွဲခြားဘဲ မိသားစုအိမ်ကြီးအတွင်း အတူယှဉ်တွဲ၍ အေးအေးချမ်းချမ်းစုပေါင်းနေထိုင်ကြသကဲ့သို့ မြင်တွေ့ရမည်ဖြစ်သည်။ ဤသည်ပင် တစုတစည်းတည်းသော ပြည်ထောင်စုကြီး အဖြစ် ဖြစ်တည်နေခြင်းပင်ဖြစ်သည်။

 

ယခုအခါ တန်းတူညီမျှမှု၊ လွတ်လပ်စွာအခွင့်အရေးရယူနိုင်မှု စသည့်လွတ်လပ်မှုတို့ကိုရှေးရှုသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို အသွင်ကူးပြောင်း တည်ဆောက်နေပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံး လိုလားတောင့်တ မျှော်မှန်းကြသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးကို ရှေးရှုအကောင်အထည်ဖော်နေကြပြီ ဖြစ်သည်။ ထိုအခါ မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်သည့် အခွင့်အရေးများ ပိုမိုရရှိလာ မည်ဖြစ်ပြီး မိမိတို့ဒေသများလည်း အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။

 

ဤသို့အခြေအနေကို ရောက်ရှိရန်အတွက် ငြိမ်းချမ်းရေးကို ဦးစွာပထမ တည်ဆောက်ရမည်ဖြစ်ပြီး ထိုသို့ တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို ခိုင်မြဲစွာ တည်ဆောက်ရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံး အညီအမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရာ၌ အခက်အခဲများစွာရှိသော်လည်း အတတ်နိုင်ဆုံး မျှတဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ 
ထိုသို့ဆောင်ရွက်ရာတွင် ပထမပန်းတိုင်အဖြစ် နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ထားပြီးနောက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်၊ တိုင်းရင်းသားပြည်သူအားလုံး လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင်၊ ကမ္ဘာ့အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီး ဝင့်ထည်ခံ့ညားအောင် တည်ဆောက်သွားမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားအတွက် မျှော်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်၍ အောင်မြင်ရေးကို ကြိုးပမ်းဆောင်ရွက်ရာ တွင်ဦးစားပေး လိုအပ်ချက်ဖြစ်သည့် ပြည်ထောင်စုကြီးငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မာရေးတို့ကို တိုင်းရင်းသားပြည်သူအားလုံး ရှေးရှုကြိုးပမ်းအားထုတ်သွားကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ