နေပြည်တော် မေ ၂၅
နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသာယာ တင့်တယ်သောဒေသ Green City၊ Clean City၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အပါအဝင် လယ်ယာကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၄ ရက်က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီး/ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက “အသားတင် စိုက်ပျိုးမြေဧရိယာ ဧက ၃၂၀,၀၀၀ ကျော်၊ ဆည်ကန်ရေလှောင်တမံ ပေါင်း ၃၀ ကျော်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေသည် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုရှိပြီး စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသနနှင့် ပညာပေးရေး ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက်ပေးနိုင်သော နယ်မြေလည်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် ပြည်သူများ အလုပ်ကိုင်ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေးကို ဦးစားပေးထည့်သွင်း ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ သွင်းအားစုနှင့် အရင်းအနှီး စရိတ်ချေးငွေ ရရှိရေး စီမံဆောင်ရွက်မှုနှင့်အတူ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီများကို အားပေး၍ မျိုးစေ့ထုတ်ဇုန်များ တည်ထောင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျ လှောင်မွေးစနစ်ဖြင့် မွေးမြူလုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်၍ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသားနှင့် ဥများ တိုးတက်ထုတ်လုပ်ရေး အားပေးကူညီခြင်း၊ ရေရရှိရေးအတွက် ဆည်တမံ ရေသောက်စနစ်များ၊ မြစ်ရေတင်စီမံကိန်းများကို အဆင့်မြှင့်၍ သီးထပ်သီးညှပ် သီးနှံများ စိုက်ပျိုးနိုင်ရေး စနစ်တကျ ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် စနစ်တကျ စီမံဆောင်ရွက် ကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေသည် အရှေ့ရိုးမနှင့် အလယ်ရိုးမ ကြားတွင်ရှိနေပြီး ပေါင်းလောင်း၊ ငလိုက်၊ ဆင်သေ စသည့် သဘာဝချောင်းမြောင်းများနှင့် ကောင်းမွန်သော မြေဆီဩဇာကြွယ်ဝမှု အခြေခံကောင်းများကို အသုံးချပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး၊ တောင်သူနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြုပ်နှံမှု တိုးတက်လာသဖြင့် အားကောင်းသည့် လယ်ယာစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ တန်ဖိုးမြှင့် ကုန်ချောထုတ် လုပ်ငန်းများနှင့်အတူ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေခံသည့် စက်မှုလုပ်ငန်းများ စနစ်တကျ ပေါ်ထွက်လာရေးတို့ကို စီမံဆောင်ရွက်ကာ အခြားသော တိုင်းဒေသကြီး ပြည်နယ်များ၏ စံပြနယ်မြေ တစ်ခုအဖြစ် စိမ်းလန်းသာယာ တင့်တယ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်