၅ ဖေဖော်ဝါရီ
နည်းပညာကုမ္ပဏီဖြစ်တဲ့ Google ဟာ ၎င်းရဲ့ သုံးလပတ် ဝင်ငွေ ရရှိမှုကို Wall Street ဂျာနယ်မှာ ပြီးခဲ့သည့် တနင်္လာနေ့က ဖော်ပြခဲ့သည်။ နည်းပညာပိုင်းဆိုင်ရာမှာ ကုန်ကျစရိတ်မြင့်တက်နေမှုကို ရင်းနှီးမြှုပ်နှံသူများက အာရုံစိုက် သတိထားနေကြသည့်အတွက် ရှယ်ယာဈေးကွက် ကျနေတာဖြစ်ပါသည်။
ကုမ္ပဏီရဲ့ စတုတ္ထသုံးလပတ် အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ဒသမ ၉ ဘီလီယံ ထိ ရရှိခဲ့တယ်လို့ သိရပြီး အဆိုပါ အမြတ်ငွေဟာ ယခင်နှစ်အစောပိုင်း တူညီသော ကာလအပိုင်းအခြားက ရရှိခဲ့သည့် အမြတ်ငွေထက် ၂၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
“အသုံးပြုသူတွေ၊ ကြေငြာထည့်သူတွေနှင့် ကမ္ဘာတစ်ဝန်းကစီးပွားရေးလုပ်ဖော်ကိုင်ဖက်များအတွက် အကောင်းဆုံးထုတ်ကုန်တွေ နှင့် အတွေ့အကြုံတွေ ပေးနိုင်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေနဲ့ စွမ်းဆောင်ချက်တွေမှာ ရင်းနှီးမြှုပ်နှံလာစေဖို့ ကြီးမားတဲ့ အခွင့်အရေးတွေနဲ့ ရှေ့ဆက်ဆောင်ရွက်သွားမှာပါ” ဟု ဘဏ္ဍာရေး ဦးစီးချုပ် ရုသ် ပိုရတ် က ပြောကြားခဲ့သည်။
သို့သော် ပြီးခဲ့သည့်နှစ်၏ နောက်ဆုံးသုံးလပတ် ဝင်ငွေကို ကြေညာပြီးနောက် ဈေးကွက်စီးပွားရေးတွင် ကုမ္ပဏီ ရှယ်ယာဈေးကွက်မှာ ၃ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ရသည်။ နည်းပညာ ကုမ္ပဏီ၏ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်သည့် ဒီဂျစ်တယ် ကြော်ငြာများ၏ ပျမ်းမျှဈေးနှုန်း ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့မှုကြောင့် ဈေးကွက်သတိထားစရာဖြစ်ခဲ့သည်။ ကုမ္ပဏီရဲ့ ဝင်ငွေထုတ်ပြန်မှုမှာ အသေးစိတ်အချက်အလက်များ မပါဝင်ဘဲ သုံးလပတ် ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၁ ဘီလီယံနှင့် ကြော်ငြာဝင်ငွေ ၃၂ ဒသမ ၆ ဘီလီယံရရှိကြောင်းသာ ခြုံငုံထုတ်ပြန်ထားသည်။
ယခုနှစ်အတွက် Google ၏ ဒီဂျစ်တယ် ကြော်ငြာဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၄၃ ဘီလီယံထိ ရရှိနိုင်ကြောင်းနှင့် ကမ္ဘာ့ စီးပွားရေးဈေးကွက်၏ ၃၁ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း ခန့်မှန်းထားသည်။
SMZaw(MDN)
Source> AFP