မျက်မှောက်ကာလတွင် ကြုံတွေ့နေသောစိန်ခေါ်မှုတစ်ခုမှာ စွမ်းအင်ပြဿနာဖြစ်သည်။ ယနေ့ကမ္ဘာတွင် ရုရှား-ယူကရိန်း ပဋိပက္ခနောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် စွမ်းအင်လောင်စာ ဈေးနှုန်းကြီးမြင့်မှုနှင့် နိုင်ငံခြားငွေကြေး မတည်ငြိမ်မှုများရှိလာသည်။ အဆိုပါပြဿနာသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး ရင်ဆိုင်နေရသည့် ပြဿနာတစ်ခုဖြစ်သည်။

 

လူတို့နေ့စဉ်အသုံးပြုနေသည့် ကမ္ဘာမြေသဘာဝသယံဇာတမှ ထုတ်ယူအသုံးချသည့် ရေနံစွမ်းအင်သည် အနာဂတ် ကာလတွင် လျော့နည်းလာမှုနှင့်အတူ လူတို့အသုံးပြုမှု တစ်နေ့တခြား မြင့်မားလာမှုကြောင့် စွမ်းအင်ပြဿနာများ ဆက်လက်မြင့်မားနေမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေနံစွမ်းအင်နှင့် ပတ်သက်၍ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး ယာဉ်အမျိုးမျိုးနှင့် စက်ပိုင်းဆိုင်ရာ အမျိုးမျိုးတို့တွင် တစ်နေ့တခြား အသုံးပြုမှုမြင့်မားနေသည်ကို တွေ့ရမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းမြင့်မားမှု အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ ရှေ့အဖို့တွင်လည်း ဆက်လက်ကြုံတွေ့နိုင်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေစေရန် နည်းလမ်းရှာကြံ ကြရမည်ဖြစ်သည်။

 

ပြည်သူများ လူမှုစီးပွားအဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်မှုစနစ် Public Transportation များ ကောင်းမွန်စေရန် အစဉ်အမြဲကြိုးပမ်းကြံစည် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အများပြည်သူ သွားလာမှုစနစ်တွင် ကုန်ကျစရိတ် သက်သာပြီး သွားလာရလွယ်ကူသည့် နည်းလမ်းတစ်မျိုးမှာ ရထားပို့ဆောင်ရေး စနစ်ဖြစ်သည်။ နိုင်ငံအများတွင် အများပြည်သူသွားလာရေး လွယ်ကူစေရန်အတွက် အများပြည်သူသုံးယာဉ်၊ ရထားများကို အဆင့်မြှင့်တင် ဦးစားပေးဆောင်ရွက်ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၇ ရက်နေ့က မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် “ယခုအခါ ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ်ဓာတ်အားအသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ ထို့ကြောင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး လိုအပ်သည့် လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများ ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတကာမှ နည်းပညာများကို လေ့လာ၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ပစ္စည်းများနှင့် ပြည်ပမှ ဝယ်ယူရမည့် ပစ္စည်းများကိုပေါင်းစပ်၍ ပထမခြေလှမ်းအနေဖြင့် ဒီဇယ်လျှပ်စစ်သုံး (DEMU) စက်ခေါင်းများ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ် ရထားစက်ခေါင်းများမှတစ်ဆင့် လျှပ်စစ်ရထား (EMU) အထိ ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုကြောင်း” မှာကြားခဲ့သည်။

 

ယခုအခါတွင် အများပြည်သူအသုံးပြုသည့် စက်သုံးဆီဈေးနှုန်း တစ်နေ့တခြား မြင့်လာမှုကြောင့် လောင်စာဆီအစားထိုး အခြားနည်းလမ်းများ အသုံးပြုမှုကို အနာဂတ်အတွက် အစီအစဉ်တစ်ခုအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ အများပြည်သူသွားလာမှုစနစ်၌ သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်မည့် လျှပ်စစ်ကား၊ လျှပ်စစ်ရထား ပြောင်းလဲအသုံးပြုကြရမည်ဖြစ်သည်။ လျှပ်စစ်ရထားနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ ဝါးတန်းဘူတာတွင် စမ်းသပ်ပြေးဆွဲခဲ့ဖူးသည်။ ဝါးတန်း-လင်းစဒေါင်း လမ်းပိုင်း အရှည် ၃ ဒသမ ၅၉ မိုင်ကို ဂျပန်-မြန်မာစာချုပ်ဖြင့် ဆောင်ရွက်ခဲ့ဖူးသည်။ ယခုအခါ ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ဒီဇယ်လျှပ်စစ်သုံးရထားများ အသုံးပြု၍ မြို့ပတ်ရထားများပြေးဆွဲနေသည်။

 

မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားပြေးဆွဲမှုကို ကိုလိုနီခေတ် ၁၉၀၄ ခုနှစ် ဒီဇင်ဘာလက စတင်အသုံးပြုခဲ့ပြီး ထိုစဉ်ကအသုံးပြုခဲ့သည့် ရထားလမ်းပိုင်းအချို့ အစိတ်အပိုင်းများကို မြင်တွေ့နိုင်သေးသည်။ ရန်ကုန်မြို့၌ Tram-Trolley Car ၇၇ စင်းဖြင့် ဆူးလေ-ရွှေတိဂုံဘုရား-ဗားဂရာလမ်းပိုင်း ပြေးဆွဲခဲ့သော သမိုင်းမှတ်တမ်းရှိခဲ့သည်။ ၁၉၀၄ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ ၁၇ နှစ်ကြာ ပြေးဆွဲခဲ့သည်။ လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းတစ်လျှောက်၌ DC ကောင်းကင် ဓာတ်အားလိုင်းနှင့် ရထားမောင်းနှင်နိုင်ရန် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည့် ဓာတ်အားခွဲရုံများ လိုအပ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လျှပ်စစ်ရထားများကို ကနဦး ဒီဇယ်လျှပ်စစ်သုံး(DEMU) ရထားစက်ခေါင်းများမှတစ်ဆင့် လျှပ်စစ်ရထား (EMU)အထိ ပြေးဆွဲနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အများပြည်သူ သွားလာရေး အဆင်ပြေလွယ်ကူချောမွေ့ပြီး အနာဂတ်တွင် ကြုံတွေ့ရမည့် စွမ်းအင်လောင်စာပြဿနာကို တစ်နည်းတစ်လမ်း ဖြေရှင်းပေးနိုင်မည် ဖြစ်ပါကြောင်း။           

 

ကြေးမုံ