၅ ဖေဖော်ဝါရီ
သည်းထိတ်ရင်ဖိုခြောက်ခြားဖွယ်ရာ ဇာတ်လမ်းအဖြစ် ဖန်တီးပုံဖော်ရိုက်ကူးသွားမည့် "အဆောင်"ဟု အမည်ပေး ထား သော ဇာတ်လမ်းတွဲကို Stellar Seven Entertainment မှ စီစဉ်ထုတ်လုပ်ရိုက်ကူးပြီး Fortune TV Channel မှ ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။
"ဒီကားလေးက ပရိသတ်တွေအတွက် ကြည့်ရတာနဲ့တန်အောင် ကျွန်တော်တို့ ပုံဖော်ရိုက်ကူးထားပါတယ်၊ ဇာတ်လမ်းတွဲဆိုပေမယ့် ပျင်းစရာကောင်းတဲ့ပုံစံမျိုး မဟုတ်ဘဲ စိတ်ဝင်စားစရာတွေ နဲ့ ပဟေဠိဆန်ဆန် ရိုက်ကူးသွား မှာပါ၊ အဆောင်ဆိုတဲ့ အဓိပ္ပာယ်လေးကတော့၊ ကျွန်တော်တို့ လက်ဖွဲ့အဆောင်၊ ပုံစံမျိုးကို အဓိက ရည်ညွန်းပြီး ရိုက်ပြမှာပေါ့နော်၊ ပြီးတော့ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ အနုပညာရှင်တွေဆိုလည်း ၊ပရိသတ်မြင်နေကြ မဟုတ်တဲ့ သရုပ်ဆောင် အသစ်တွေနဲ့ ရိုက်မှာပါ၊ တစ်ခါမှ သရုပ်ဆောင်အလုပ်နဲ့ ထိတွေ့မှုမရှိသေးတဲ့ အလှမယ် တွေနဲ့အတူ ဇာတ်လမ်းတွဲ သရုပ်ဆောင်အချို့လည်း ပါဝင်ကြမှာပါ"ဟု ဒါရိုက်တာ မလိခစိုးထိုက်အောင်က ပြောသည်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်းမယ်ခိုင်၊ ရွှေပြည့်နှင့်ဆုသြချယ်တို့က ရေးသားထားပြီး ဒါရိုက်တာ မလိခစိုးထိုက်အောင်က ဖန်တီးပုံဖော်ရိုက်ကူးသွားမှာဖြစ်ကာ ညိမ်းသော်၊ ဆုထက်ကုဋေ၊ စဝ်ယွန်းဝတီဦး၊ ဆုထက်၊ ဆုရည်ထက်၊ ဖြိုးပပထူး၊ မေစီမေ၊ ရွှန်းယမုံ၊သဲသဲစုငြိမ်း၊ ဟိန်းဇာနည်ခိုင်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလင်း