ပေါက်တော ၅ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်းရှိ ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းများ (IDP Camps)သို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပေါက်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် ဦးဆောင်၍ ဆရာဝန်/သူနာပြု အင်အား ၄၀ ဖြင့် ယနေ့တွင် ပထမနေ့အဖြစ် စတင်ဆောင်ရွက်ပေးခဲ့သည်။ ပထမဆုံးနေ့တွင် ပေါက်တောမြို့နယ်အတွင်းရှိ ငှက်ချောင်းနှင့် ကြိမ်နီပြင်စခန်းများမှ သုံးနှစ်အောက်ကလေးလူနာ ၁၇၄ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၅၁ ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အထွေထွေလူနာ ၄၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင် ငှက်ဖျားလူနာ ၁၁ ဦးအားသွေးဖောက်စစ်ဆေးခြင်း၊ လူနာ ၁၂ ဦးအားတီဘီရောဂါ ရှိ/မရှိသလိပ် စစ်ဆေးပေးခြင်းနှင့် ဓာတ်မှန်ရိုက်ပေးခြင်း၊ သွားကျန်းမာရေးတွင် လူနာ ၁၁ ဦးအားစစ်ဆေးကုသပေးခြင်း၊ ကလေးငယ် ၇၉ ဦးအားလက်မောင်းလုံးပတ် တိုင်းတာပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင် ၄၃ ဦးအား ကိုယ်ဝန်ဆောင် စောင့်ကြပ်စစ်ဆေးပေးခြင်း၊ HIV ပိုးရှိ/မရှိ PMCT နှင့် VDRL သွေးဖောက်စစ်ဆေးပေးခြင်းနှင့် ပြည်သူ ၁၉၇ ဦးအား ကျန်းမာရေးအသိပညာပေးခြင်း စသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပေါင်းစည်းဆောင်ရွက်ကြသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် IDP စခန်းများအား ပေါင်းစည်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖေဖော်ဝါရီ ၇ ရက်အထိ ပထမအကြိမ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီးမတ်နှင့် မေလတို့တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးရန် လျာထားကြောင်းနှင့် ပထမဆုံးနေ့တွင် ပေါက်တောမြို့နယ်အတွင်းရှိ ငှက်ချောင်းနှင့် ကြိမ်နီပြင်စခန်းများမှ ပြည်သူ ၆၀ဝ ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ဓာတ်ပုံ- မင်းထက်
