နေပြည်တော် ၆ ဖေဖော်ဝါရီ

ယနေ့ကလေးသူငယ်များသည် အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူကြမည့်သူများဖြစ်ကြသည်။ ယနေ့ ကလေးသူငယ်များကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးခြင်းသည် အနာဂတ်တိုင်းပြည် သာယာဝပြောရေးအတွက် အရေးပါသောလုပ်ဆောင်မှုပင်ဖြစ်သည်။ ကလေးသူငယ်များသည် အတုယူတတ်သည့် သဘောရှိသဖြင့် ကလေးငယ်များအား မြေတောင် မြှောက်ပေးရာ၌ အတုယူအားကျဖွယ်ရာ ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများကို နမူနာပြ လေ့လာစေလျှင် ကလေးများအဖို့ အကျိုးများ ဖွယ်ရာ အကြောင်းကိစ္စဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများ အမြောက်အမြား ပေါ်ထွက်ဖူးပါသည်။ ၎င်းသူရဲကောင်းတို့၏ စိတ်ဓာတ်၊ သူရဲကောင်းတို့၏အားမာန်၊ သူရဲကောင်းတို့၏ သတ္တိဗျတ္တိ၊ ဉာဏ်ရည် ဉာဏ်သွေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု စသည့် စွမ်းဆောင် ရည်နှင့် အရည်အချင်းများမှာ အံ့သြဖွယ်ဖြစ်သည်။ ၎င်းသူရဲကောင်းများ အား လူငယ်လူရွယ်များ အတုယူအားကျနိုင်ရန်အတွက် အသိပညာ မျှဝေပေးမှုနှင့် လေ့လာလိုက်စားမှု အားနည်းနေသေးသည်။  

ထိုသို့ အားနည်းမှုရှိသော်လည်း မြန်မာ့သမိုင်းရာဇဝင်တွင် မော်ကွန်း တင်ထားသော မြန်မာအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း အတ္ထုပ္ပတ္တိနှင့် စွမ်းဆောင်မှုများကိုမူ မြန်မာတစ်မျိုးသားလုံး လူငယ်လူရွယ်များပါမကျန် သိရှိနားလည် အသိအမှတ်ပြုထားကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်နှင့် စွမ်းဆောင်မှုများမှာ အားကျဖွဖြစ်၍ သိရှိနားလည်ထားကြရုံသာမက ဗိုလ်ချုပ်အောင်ဆန်း၏ အဆုံး အမနှင့် လမ်းညွှန်မှုများကို လိုက်နာအားထုတ်ကြပြီး ဇွဲ၊ လုံ့လ၊ သတ္တိနှင့် စွမ်းဆောင်မှုများကို အတုယူဆောင်ရွက်ကြရမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သာမန်လူများနှင့်မတူ တစ်မူထူးခြားပြီး အမြော်အမြင်ကြီးမားသည့် ပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာပြည်အရေးအတွက်  အတိတ်၊ ပစ္စုပ္ပန်နိုင်ငံရေးကို မှန်မှန်ကန်ကန် မြော်တွေးဆောင်ရွက်နိုင်သူဖြစ်ပြီး မြန်မာနိုင်ငံ၏အနာဂတ်ကို ခန့်မှန်းနိုင်သူဟု ဆိုရလောက်အောင်ပင် ရှေ့အဖို့တွင် နိုင်ငံသူ နိုင်ငံသားများ တိုးတက်ကြီးပွားရေးအတွက် ကျင့်ကြံ အားထုတ်အပ်သည်တို့ကို လမ်းမှန်ညွှန်ပြပေးခဲ့ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှာကြားချက်များသည် အထူးသဖြင့် နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမည့် လူငယ်လူရွယ်များ အတုယူအားကျ လိုက်နာကျင့်ကြံ အားထုတ်ဖွယ်ရာများဖြစ်သဖြင့် ကလေးသူငယ်များ၏ အသက်အပိုင်းအခြားအလိုက် အတုယူဖွယ်ရာများကို မျှဝေပေးရမည်ဖြစ်သည်။ သမိုင်းဖြစ်ပေါ်တိုးတက်မှု ဟူသမျှတို့သည် လူသားတို့နှင့် ကာလ၊ ဒေသ၊ ပယောဂတည်းဟူသော ပတ်ဝန်းကျင်တို့ ကျိုးကြောင်း ဆက်သဘောအရ အပြန်ပြန်အလှန်လှန် ရိုက်ခတ်တုံ့ပြန်မှု ပြုကြရာမှ ပေါ်ပေါက်ဖြစ်ထွန်းရသည်ဖြစ်ရာ ယနေ့ကလေးငယ်များ၊ ယနေ့ အနာဂတ်ကို ပုံဖော်တည်ဆောက်နေသူများသည်လည်း စတုတ္ထမြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အကြောင်းဆက်ရပေလိမ့်မည်။

သို့ဖြစ်ရကား ယခုကာလကဲ့သို့သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် တိုက်ဆိုင်နေသော အချိန်ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်ရည်များကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်အသိပေးခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများကို ခေတ်အလိုက်၊ ဌာနအလိုက်၊ အသင်းအဖွဲ့အလိုက်၊ ပုဂ္ဂိုလ်အလိုက် ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကာလတွင် ဗိုလ်ချုပ်ကို အောက်မေ့သတိရကြရေးသာမက ဗိုလ်ချုပ်၏အရည်အချင်းနှင့် စွမ်းဆောင်မှုများအား သိရှိမှတ်သားကြပြီး လမ်းညွှန်မှာကြားချက်များကု လိုက်နာကျင့်သုံးခြင်းအကြောင်းဆက်၍ ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်နိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ