ရန်ကုန်၊ ဇွန် ၁၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဇမ္ဗူသီရိဗိမာန်တော်၌ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့  ဥက္ကဋ္ဌဆရာတော်   အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက    ဘဒ္ဒန္တကုမာရထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထေရဝါဒ ဩဝါဒါစရိယအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ သုစိတ္တထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဧည့်ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နှင့် သနန္တနဓမ္မပါလကအဖွဲ့ချုပ်တို့မှ နာယက၊ ဒုတိယဥက္ကဋ္ဌ ၊ ယာယီအမှုဆောင်များနှင့်တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်(ယာယီ)၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၃ နှင့်အညီ နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့နှင့် တွေ့ဆုံပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုသည်။

 

mdn

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းရုံး၌ အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံပြီး အသင်းကြီး၏ ယဉ်ကျေးလိမ္မာသော လူငယ်မျိုး ဆက်သစ်များ ပေါ်ထွန်းလာရေး ဆောင်ရွက်ချက်များသည် အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က လုပ်ငန်းဆိုင်ရာဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်