နှစ်ဖက်စလုံးက ဆွေးနွေးလိုပါက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့် အတိုက်အခံများကြား ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးလိုသော ဆန္ဒရှိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်။

အင်္ဂါနေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စုမှ ဗာတီကန်မြို့တော်သို့ပြန်လာစဉ် ပုပ်ရဟန်းမင်းကြီးက လေယာဉ်ပေါ်တွင် သတင်းထောက်များသို့ ပြောကြားခြင်းဖြစ်သည်။ ၎င်းသည် မာဒူရိုထံမှ စာတစ်စောင် လက်ခံရရှိခဲ့သော်လည်း မဖတ်ရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါစာကိုဖတ်ရှုကာ ဘာလုပ်ပေးနိုင်မည်ဆိုသည်ကို ကြည့်ရှုမည်ဖြစ်ကြောင်း၊ သို့သော်လည်း နှစ်ဖက်လုံးမှ အကူအညီတောင်းခံထားကြောင်း၊ ဗာတီကန်ကိုလည်း ကူညီဖို့အသင့်ရှိကြောင်း ဖရန့်စစ်က ပြောကြားခဲ့သည်။
ကြားဝင်စေ့စပ်မှု မစတင်မီ လုပ်ဆောင်ရမည့် သံခင်းတမန်ခင်း ဆွေးနွေးမှုများလိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။
မာဒူရိုသည် အစောပိုင်းက အတိုက်အခံခေါင်းဆောင် ဂွီဒိုနှင့် တွေ့ဆုံဆွေးနွေးရေး အဆင်ပြေချောမွေ့စေရန် ပုပ်ရဟန်းမင်းကြီးဆီ စာရေးသား၍ အကူအညီတောင်းခဲ့ကြောင်း အီတလီမီဒီယာများသို့ ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် လူမှုရေးနှင့် နိုင်ငံရေး ရှုပ်ထွေးမှုများ အရှိန်မြင့်တက်လာခဲ့သည်။ ဥရောပတိုင်းပြည်များနှင့် အမေရိကန်ပြည်ထောင်စုတို့က အတိုက်အခံခေါင်းဆောင် ဂွီဒိုကို ထောက်ခံသလို တရုတ်နှင့် ရုရှားတို့က မာဒူရိုကို ပံ့ပိုးပေးလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်