သထုံ ၆   ဖေဖော်ဝါရီ 


မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီခန့်က တရားမဝင် သယ်ဆောင်လာသော ဆိုဒီယမ်ဆိုင်ယာနိုက်အိတ်များ ၄၀ နှင့် သယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ အကောက်ခွန်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယာဉ်များကို ရပ်တန့်စစ်ဆေးနေစဉ် မြဝတီမြို့ ဘက်မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း ထိုက်သူအောင် (၃၂နှစ်) ရွှေပြည်သာမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 9K/---- Hyundai အဖြူရောင် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် Sodium Cyanide ဟု ယူဆရသော အရာများကို နမူနာယူ စစ်ဆေးနေစဉ် ယာဉ်မောင်းက ယာဉ်အား မောင်းနှင်ထွက်ပြေးသွားခဲ့သည်။


၎င်းအား လိုက်လံဖမ်းဆီးရာ နောင်ကုလားကျေးရွာ ဘူတာအနီး လယ်ကွင်းထဲသို့ အိတ်များကို ပစ်ချခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့က ညနေ ၅ နာရီခန့်တွင် ကတိုက်ကြီးကျေးရွာ ရွာထိပ်တွင် ယာဉ်နှင့်အတူ ယာဉ်မောင်း ထိုက်သူအောင်၊ ယာဉ်အကူ အောင်ကိုဟိန်း(၂၃ နှစ်) ရွှေပြည်သာမြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ပစ်ချထားခဲ့သော အိတ်များကို စစ်ဆေးရာ Sodium Cyanide ဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲများ ထည့်ထားသည့် တစ်အိတ်လျှင် ၅၀ ကီလိုဂရမ်ပါ အိတ် ၄၀ ၊ စုစုပေါင်း ၂၀ဝ၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သဖြင့် သထုံမြို့မရဲစခန်းမှ စစ်ဆေး အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။


ခွန်(ဝင်းပ)