နေပြည်တော် ဇွန် ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့နယ်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း သင်တန်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ရင်းနှီးငွေနှင့် လုပ်ငန်းသုံးပစ္စည်းများ မတည်ပေးနိုင်ရေး ကူညီပံ့ပိုးပေးရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းဆုံမြို့နယ်၊ မုနိုင်းကျေးရွာခန်းမတွင် တောင်စွန်းကျေးရွာနှင့် ဒေါင်းရပ် (အနောက်) ကျေးရွာတို့မှ သမဝါယမ အသင်းသားများ၊ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်သော သမဝါယမ အသင်းသားများနှင့် စပါးစိုက်တောင်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မည်သည့်လုပ်ငန်းမျိုးမဆို အမြဲမပြတ် ကြီးကြပ်ကွပ်ကဲနေရန် လိုအပ်ကြောင်း၊ ချေးငွေများကို သမဝါယမ အသင်းသားများသာမက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စပါးစိုက်တောင်သူများ အတွက်လည်း ပါဝင်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း သမဝါယမအသင်းများ အသစ်ဖွဲ့စည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးဖြစ်ထွန်းမှုရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူများ၊ မြစိမ်းရောင်စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံ၍ ကျေးရွာ ကော်မတီဝင်များက စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၇၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အသင်းသား (၄၇) ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် သမ္ဘာန်ကျေးရွာတွင် သမဝါယမ ဦးစီးဌာနမှ အသင်းသား ၅၂ဦးဖြင့် ဖွဲ့စည်းထားသည့် ရေဘုတ်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ပိုးသတ်ဆေးနှင့် ကွန်ပေါင်းဝယ်ယူနိုင်ရေးအတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းကြိုတင် ထုတ်ပေးပြီး သီးနှံပေါ်ချိန်တွင် ထွက်ရှိသော စပါးကိုဒေသ ပေါက်ဈေးနှုန်းဖြင့် ရောင်းချ၍ ပံ့ပိုးငွေနှင့် ဝန်ဆောင်စရိတ် ပြန်လည်ရယူသည့် (Contract Farming) စနစ်ဖြင့် စိုက်ဧက ၂၀၉ ကျော်တွင် စပါးစိုက်ပျိုးထားရှိမှု ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် စပါးစိုက်ပျိုး ထုတ်လုပ်သော သမဝါယမ အသင်းသားများနှင့် စပါးစိုက်တောင်သူများ၏ အခက်အခဲများ၊ သွင်းအားစု လိုအပ်ချက်များကို Contract Farming စနစ် ဆောင်ရွက်မည့် အောင်သဇင် အထွေထွေစီးပွားရေးလုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးစိုက်တောင်သူများအတွက် ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း သမဝါယမအသင်းများ အသစ်ဖွဲ့စည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးဖြစ်ထွန်းမှု ရှိအောင် ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူများကို ဓာတ်မြေဩဇာများ ထောက်ပံ့ခဲ့ကာ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်